လယ်ယာမြေသိမ်းဆည်းပြီး အမှတ် ၂၅ ကာကွယ်ရေးပစ္စည်းစက်ရုံ တည်ဆောက်မည့် စီမံကိန်း ရပ်ဆိုင်းပေးရန် ဆောမြို့နယ်မှ ဒေသခံများ တောင်းဆို
by aungkyawmoe
Eleven Daily NewsYesterday, 03:04
အမှတ်(၂၅) ကာကွယ်ရေးပစ္စည်းစက်ရုံ တည်ဆောက်ရန်အတွက် လယ်ယာမြေနှင့် ရွာမြေများအား သိမ်းဆည်းခံရမည့်အခြေအနေ နှင့်ကြုံတွေ့နေရသည့် ဆောမြို့နယ်အတွင်းရှိ ပေါက်ပံဆိုင်း၊ ငလယ်ခုံ၊ ငှက်ပြာကျင်း ကျေးရွာများမှ ဒေသခံများမှ ဧပြီ ၄ ရက် မွန်းလွဲပိုင်းတွင် ကျေးရွာများသို့ ရောက်ရှိလာသည့် မကွေးတိုင်းအုပ်ချုပ်ရေးမှူး ဦးနေ၀င်း၊ ဂန့်ဂေါခရိုင် အုပ်ချုပ်ရေးမှူး၊ ဆောမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် က.ပ.စ(၂၅) စက်ရုံတည်ဆောက်ရေးမှ စစ်တပ်တာဝန်ရှိသူများအား ဒေသခံများ၏ လယ်ယာမြေသိမ်းဆည်းပြီး ကာကွယ်ရေး တည်ဆောက်မည့်စီမံကိန်းအား ဖျက်သိမ်းပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။
“အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ က.ပ.စ က အရာရှိတွေ ရွာကိုရောက်လာပြီး သုံးရွာစလုံးက ဒေသခံတွေကို အလယ်ခုံဘုန်းကြီးaကျာင်းမှာ ခေါ်တွေ့တယ်။ စက်ရုံတည်ဆောက်ရေးနဲ့ပတ်သက်ပြီး ဆန္ဒပြမယ်ဆိုရင် ပုဒ်မ ၁၈ အရ သက်ဆိုင်ရာကို တစ်ပတ်ကြိုတင် ခွင့်ပြုချက်တောင်းခံပါဆိုပြီး ပြောသွားတယ်။ ဒီလ၂၀ ရက် နေ့စွဲနဲ့ ပို့ခဲ့တဲ့ မြေသိမ်းမိန့်နဲ့ ပတ်သက်ပြီး ဘာမှပြောမသွားဘူး။ ဦးဇင်းတို့ဖက်ကတော့ ရွာတွေကို ပြောင်းမပေးနိုင်
တဲ့အကြောင်း၊ က.ပ.စ ၂၅ စီမံကိန်းကို ရပ်ဆိုင်းပေးဖို့ တောင်းဆိုကြတယ်။ မနက်ဖြန် (ဧပြီ ၅ ရက်) ကစပြီး စီမံကိန်းလုပ်ငန်းတွေ မရပ်ရင် ဒေသခံတွေပေါင်းပြီး တားဆီးမယ်လို့လည်း ပြောလိုက်တယ်။
သူတို့ဘက်က ဒေသခံတွေရဲ့သဘောထားကို အထက်အဆင့်ကို ပြန်တင်ပေးမယ်လို့ ပြောသွားတယ်”ဟု ငလယ်ခုံကျေးရွာမှ ဆရာတော်ဦးဥတ္တရမှ မိန့် ကြားသည်။
အမှတ် (၂၅) ကာကွယ်ရေးပစ္စည်းစက်ရုံ တည်ဆောက်ရန်အတွက် ဆောမြို့နယ်၊ ပေါက်ပံဆိုင်း၊ ငလယ်ခုံ၊ ငှက်ပြာကျင်းကျေးရွာများမှ ဒေသခံများ၏ ယာမြေ ၃၂၂ ဧက၊ လယ်မြေ ၃၉၃ ဧကနှင့် ရွာမြေ ၄၂ ဧက စု စုပေါင်း ၇၅၇ ဧကတို့အား ၁၈၉၄ မြေသိမ်းဥပဒေအရ သိမ်းယူမည်ဖြစ်ကြောင်း ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မတ်လ ၂၀ရက် နေ့စွဲဖြင့် ဒေသခံများထံ အကြောင်းကြားစာပေးပို့ခဲ့ပြီး ဒေသခံများမှလည်း စက်ရုံတည်ဆောက်ရန် လယ်ယာမြေနှင့် ရွာမြေများ သိမ်းဆည်းရန် အကြောင်းကြားစာ ပေးပို့လာမှုအား ကန့်ကွက်ကြောင်းစာအား ဂန့်ဂေါခရိုင်အုပ်ချုပ်ရေးမှူးထံ ပြန်လည်ပေးပို့ခဲ့ကြောင်းလည်း သိရသည်။
မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ် အတွင်းရှိ ပေါက်ပံဆိုင်း၊ ငလယ်ခုံ၊ ငှက်ပြာ ကျင်းကျေးရွာအုပ်စုများတွင် ဗုဒ္ဓဘာသာချင်း ပုံလူမျိုးများနှင့် ဗုဒ္ဓဘာသာမြန်မာလူမျိုးများ ရှေးယခင်ကတည်းက နေထိုင်ကြပြီး လုပ်စားမြေများမှာလည်း ဘိုးဘွားပိုင်(ဦးပိုင်ရှိပြီး)မြေများဖြစ်ကြောင်း သိရသည်။
Local

posted from Bloggeroid
No comments:
Post a Comment