Monday, April 7, 2014

လက်ရှိပြုလုပ်နေသည့်အစိုးရ

လက်ရှိပြုလုပ်နေသည့် အစိုးရနှင့် NCCT တို့ ဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ်မူကြမ်း ရေးဆွဲမှု ပြီး၊ မပြီး မသေချာသေး
by htikeaung
Eleven Daily NewsYesterday, 03:05
Written by: 
အောင်ဇော်ထွန်း၊ ဇာလီမြင့်ဦး

အစိုးရနှင့် NCCT တို့၏ ဧပြီ ၆ ရက် ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)တို့ လက်ရှိပြုလုပ်နေသည့် ဆွေးနွေးပွဲတွင် နှစ်ဖက်ကိုယ်စားလှယ်များ ပူးပေါင်းရေးဆွဲနေသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း တစ်ခုတည်းဖြစ်အောင် ရေးဆွဲမှု ပြီးမပြီး မသေချာသေးကြောင်း ဧပြီ ၆ ရက်တွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် နှစ်ဖက်ကိုယ်စားလှယ်များ၏ ပြောကြားချက်အရ သိရသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း တစ်ခုတည်းရရှိရေးအတွက် အစိုးရ၏မူကြမ်းနှင့် NCCT ၏ မူကြမ်းနှစ်ရပ်ပါ ကွဲလွဲချက်များအား ညှိနှိုင်းမှုကို ဧပြီ ၅ ရက်နှင့် ၆ ရက်နေ့များတွင် နှစ်ဖက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း ကွဲလွဲချက်များ ဆက်လက်ညှိနှိုင်းရန် ရှိနေသောကြောင့် ဆွေးနွေးပွဲရက်အား ဧပြီ ၇ ရက်အထိ တိုး၍ပြုလုပ်ခဲ့သည်။

“မူကြမ်းဆွဲဖို့ ကျွန်တော်တို့က ပထမနှစ်ရက် လျာထားတယ်။ ဒါပေမယ့် တကယ်လို့ လေးရက်ဖြစ်သွားမယ် ဆိုရင်လည်း ဆက်သွားမှာပဲ။ သုံးရက်၊ လေးရက် ဆွေးနွေးပြီးရင်တော့ အများစုတော့ ဆွေးနွေးပြီးမယ်လို့ မျှော်လင့်ထားတယ်။ ဒါပေမဲ့ အချောသတ်စရာတွေ ကျန်ကောင်းလည်းကျန်မယ်။ အဲဒါပြီးမှသာ လက်မှတ်ရေးထိုးနိုင်ဖို့တို့ စတဲ့အခြားကိစ္စတွေ ဆက်သွားနိုင်မှာ။ ဒါကြောင့်မို့လို့ နှစ်ဘက်ခေါင်းဆောင်တွေ အားလုံးကတော့ ဒီလေးရက်လောက်အတွင်းမှာ ဒီမူကြမ်းကို အတတ်နိုင်ဆုံးပြီးအောင် ကြိုးစားထားတယ်။ ပြီးမယ်၊ မပြီးဘူးဆိုတာ သွားကြည့်မှသိတယ်” ဟု Myanmar Peace Center မှ ဦးလှမောင်ရွှေက ပြောကြားသည်။

ယခုဆွေးနွေးပွဲတွင် နှစ်ဖက်ပူးတွဲရေးဆွဲသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း ထွက်ပေါ်လာနိုင်ဖွယ် ရှိ၊ မရှိနှင့် ပတ်သက်ပြီး NCCT ခေါင်းဆောင် ပဒိုကွယ်ထူးဝင်းက “ဒီတစ်ခေါက်တော့ ကျွန်တော်တို့ ကြိုးစားမှာပဲ။ ရနိုင်ပါ့မလားတော့ မသိဘူး။ မူကြမ်း ထွက်၊ မထွက်ဆိုတာက ဒီအချိန်အတိုင်းအတာနဲ့ တချို့ခေါင်းဆောင်တွေရဲ့ မအားလပ်မှုအပေါ် မူတည်ပြီးတော့ ဒီတစ်ကြိမ် မပြီးလို့ရှိရင် နောက်တစ်ကြိမ် ထပ်တွေ့တာပေါ့။ မူကြမ်းထွက်ပေါ်အောင်အထိတော့ ဆွေးနွေးရမှာပဲ။ ဒီအတွက် ဦးတည်ပြီး ကျွန်တော်တို့ သွားနေကြတာပဲ” ဟု ပြောကြားသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း တစ်ခုတည်းဖြစ်အောင် ရေးဆွဲရာတွင် အစိုးရကိုယ်စားလှယ် ကိုးဦးနှင့် NCCT ကိုယ်စားလှယ် ကိုးဦး ပေါင်း ၁၈ ဦးအဖွဲ့က ပူးပေါင်းရေးဆွဲသွားမည်ဖြစ်ပြီး ဖိတ်ကြားချက်အရ တက်ရောက်လာသည့် လက်နက်ကိုင်အဖွဲ့ငါးဖွဲ့မှ ကိုယ်စားလှယ်များ ပါဝင်တော့မည်မဟုတ်ကြောင်း သိရသည်။

Politic
Show commentsOpen link

posted from Bloggeroid

No comments:

Post a Comment