အငြင်းပွားနေဆဲ လက်ပံတောင်းတောင် စီမံကိန်းအတွက် ESIA အစီရင်ခံစာ (မူကြမ်း) ဘယ်လောက်ပြည့်စုံနိုင်မလဲ
by htikeaung
Eleven Daily NewsYesterday, 03:05
Written by:
ဖြိုးဝေ၊ ဇော်ရဲဟိန်း
လက်ပံတောင်းတောင် စီမံကိန်းမှ မြေစာများ စွန့်ပစ်နေသည်ကို တွေ့ရစဉ်
■ စိမ်းလန်းအမိမြေမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းမျိုးသူနှင့် တွေ့ဆုံခြင်း
■ မြန်မာဝမ်ပေါင်ကုမ္ပဏီ ဦးဆောင်ညွှန်ကြားရေးမှူး Mr. Geng Yi နှင့် တွေ့ဆုံခြင်း
ပြီးခဲ့သည့် မတ် ၁၀ ရက်က မြန်မာနိုင်ငံ အလယ်ပိုင်းရှိ လက်ပံတောင်းတောင် စီမံကိန်းအား အဓိက အကောင်အထည်ဖော် လုပ်ဆောင်နေသည့် တရုတ်ကုမ္ပဏီ တစ်ခုဖြစ်သော မြန်မာဝမ်ပေါင် ကုမ္ပဏီက သြစတြေးလျနိုင်ငံမှ နိုင်ငံတကာ အကြံပေးကုမ္ပဏီတစ်ခုဖြစ်သော နိုက်ထ်ပီးဆိုးမှ ရေးဆွဲထားသည့် လက်ပံတောင်းတောင် ESIA အစီရင်ခံစာ၏ အရေးကြီးသော အခန်းကဏ္ဍတချို့ဖြစ်သည့် အစီရင်ခံစာ အကျဉ်းချုပ်နိဂုံးချုပ် သုံးသပ်ချက်များကို ဘာသာပြန်ဆိုပြီးနောက် မြန်မာပြည်သူလူထု လေ့လာနိုင်ရန် ထုတ်ပြန်ပေးလိုက်ပါသည်။ အဆိုပါ အရေးကြီးသည်ဆိုသော အခန်းကဏ္ဍများနှင့် လက်ပံတောင်းတောင် စီမံကိန်းမှ ထွက်ပေါ်လာသည့် ဆိုးကျိုးများကို ထိန်းချုပ်နိုင်မည့် နည်းလမ်းများအား ဖော်ပြထားသည့် လက်ပံတောင်းတောင် အစီရင်ခံစာသည် မည်မျှပြည်စုံမှု ရှိမရှိဆိုသော အဖြေနှင့် စီမံကိန်းမှ ထွက်ပေါ်လာသည့် ဆိုးကျိုးများကို ၀မ်ပေါင်ကုမ္ပဏီနှင့် အစိုးရတာဝန်ရှိသူများမှ စီမံခန့်ခွဲနိုင်ခြင်း ရှိမရှိဆိုသော ယူဆချက်များနှင့် ပတ်သက်၍ ပြည်တွင်းရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် စိမ်းလန်းအမိမြေ (Eco-Dev) မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းမျိုးသူနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို လက်ပံတောင်းတောင်ကြောင့် ထိခိုက်မှုများ ကြုံတွေ့နိုင်သည့်အပေါ် စိုးရိမ်မှုများရှိနေသည့် ဒေသခံများနှင့် မြန်မာပြည်သူများ လေ့လာနိုင်ရန် ပြန်လည်ဖော်ပြလိုက်ပါသည်။
စိမ်းလန်းအမိမြေမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းမျိုးသူနှင့် တွေ့ဆုံခြင်း
မေး။ အရေးကြီးသော အခန်းကဏ္ဍတွေပါဆိုပြီး ထုတ်ပြန်တဲ့ လက်ပံတောင်းတောင် အစီရင်ခံစာ အကျဉ်းချုပ်မှာ ကြေးနီပျော်ရည်ကနေ ကန့်ငရဲမီးကို ဖျန်းစက်တွေနဲ့ ဖျန်းမယ်ဆိုတာတွေ၊ ဒုတ္ထာရည်တွေက ဖြတ်သန်းစီးဆင်းမယ် ဆိုတာတွေ၊ မြေပေါ်မြေအောက်ရေတွေ ညစ်ညမ်းနိုင်မယ်ဆိုပြီး အစီရင်ခံစာမှာ ဖော်ပြထားတာတွေက ဘယ်လောက်အထိ ဆိုးကျိုးဖြစ်နိုင်ပါသလဲ ဆရာ။
ဖြေ။ အဲ့ဒါတွေက သူတို့တိုင်းတာထားတယ်လေ။ ဆရာမှတ်မိပါတယ်။ စွန့်ပစ်ကျောက်ထွက်မှာက ၀မ်းဘီလျံတန် ထွက်လာမယ်။ အဲဒါတွေကတော့ ဒါတွေကို ဘယ်လိုကုစားမလဲပေါ့။ အနာသိပြီ။ ဘယ်လောက်အတိုင်းအတာထိ ရှိတယ်ပေါ့။ အနာကြီးတယ်။ အနာသေးတယ်ပေါ့။ အခုက အနာကြီးတယ်။ ဒါကဆေးပေးထားတဲ့ သဘောပေါ့။ ဒါပေမဲ့ ဒါကအနှစ်ချုပ် ဖြစ်နေတယ်။ ဘယ်လောက်အထိ ဆေးပေးထားလဲ သူတို့မပြောဘူးလေ။ မလုပ်နိုင်ရင်တော့ အစိုးရက ကူဖို့ပြောထားတော့ သိပ်ပြီးတော့ မဝေဖန်နိုင်ဘူးပေါ့။ ဒီဆေးကြီးက ဘယ်လိုလည်းဆိုတာ ဆရာတို့မှ မသိတာ။ သူတို့ကတော့ အကြမ်းဖျင်းတော့ လျှောက်ပြောထားတာ ရှိတာပေါ့။ သို့သော်လည်း ဆရာမတွေ့တာက နုန်းပို့ချတဲ့ အပိုင်းပေါ့။ စီမံကိန်းစလုပ်စမှာ နုန်းတွေပို့ချမယ်ပေါ့။ ဒါပေမဲ့ စီမံကိန်း လည်ပတ်တော့ရော မဖြစ်တော့ဘူးလား ဆိုတာကိုတော့ မတွေ့ဘူးပေါ့။
နောက်ပြီး ဒေသတွင်း ရာသီဥတုပြောင်းလဲမှု Micro Climate Change ဖြစ်မယ်ဆိုတာကို အစီရင်ခံစာထဲမှာ မတွေ့မိဘူး။ ဒါက ဘာဖြစ်သလဲဆိုရင် တောင် ၃၃ လုံးစလုံး ပျောက်သွားမှာလေ။ ကျိန်းသေပေါက် ဒေသတွင်း ရာသီဥတုပြောင်းလဲမှု Micro Climate Change ဖြစ်မယ်။ ဒါနဲ့ပတ်သက်တဲ့ ဆန်းစစ်ချက်ပေါ့။ လေတိုက်တဲ့နှုန်းတွေ၊ အပူချိန် ပြောင်းလဲနိုင်တာတွေတော့ မတွေ့မိဘူးပေါ့။ အပူချိန် ဘယ်လောက်ရှိတယ် ဆိုတာမျိုးတော့ ရေးထားတာတွေ့တယ်။ ဒါပေမဲ့ တောင် ၃၃ လုံး မရှိတော့ဘဲ လုံးဝပြုန်းတီးသွားတဲ့အတွက် ဘာဖြစ်မယ်ဆိုတာကို လုံးဝမတွေ့ရဘူး။ လုံးဝမလုပ်ထားတာလား၊ အနှစ်ချုပ်မို့လို့ မပါတာလားတော့ မသိဘူးပေါ့။
နောက်တစ်ချက်က Health Impact Assessment နဲ့ ပတ်သက်ပြီး ဆရာတို့တွေ့ထားတဲ့ အချက်ပေါ့။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေနဲ့ ပတ်သက်ပြီး ဖြစ်ပွားမှုတွေကို ဖော်ပြမထားဘူး။ သူက ဘယ်အချက်တွေမှာ မူတည်ပြီး ဖော်ပြထားသလဲဆိုတော့ ကျေးလက်ဆေးပေးခန်းလို Self Center တို့ Rural Health Center တို့လို ဌာနတွေရဲ့ ကိန်းဂဏန်း အချက်အလက်တွေကိုပဲ မှီငြမ်းဖော်ပြထားတယ်။ ဆရာတို့မရှင်းတဲ့ အချက်က သူတို့ဆီက ကျန်းမာရေး ပညာရှင်ကရော အဲ့ဒီက လူနာတွေရဲ့ အနေအထားကို ကွင်းဆင်းကောက်ခဲ့သလားပေါ့။ သူတို့အနေနဲ့ ကျန်းမာရေး ဌာနတွေရဲ့ ကိန်းဂဏန်းတွေနဲ့ပဲ ဒေသခံတွေရဲ့ ကျန်းမာရေး အခြေအနေကို ဖော်ပြတယ်ဆိုရင် ဒီအစီရင်ခံစာက မလုံလောက်ဘူးလို့ ထင်ပါတယ်။
မေး။ လက်ပံတောင်းတောင် ဧရိယာမှာ အဖြစ်များတဲ့ ရောဂါတွေနဲ့ ပတ်သက်ပြီး ဗိုင်းရပ်စ်၊ သွေးတိုး၊ အဆစ်အမြစ်နာရောဂါနဲ့ အစာအိမ်ရောဂါဆိုပြီး ဖော်ပြထားတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ဆရာ့တွေ့ရှိချက်အနေနဲ့ လက်ပံတောင်းတောင် ကံကုန်းကျေးရွာမှာ သေဆုံးမှုနှုန်းတွေ မြင့်နေတယ်ဆိုတာနဲ့ ပတ်သက်ပြီး ဆရာဘာများ ပြောချင်ပါသလဲ ခင်ဗျာ။
ဖြေ။ လက်ပံတောင်းတောင် နေရာတွေမှာ စီမံကိန်းကြောင့် ငရဲမီးတွေ ထွက်တယ်။ မြေကြီးအဆိပ်သင့်တယ်။ လူတွေချောင်းဆိုးတယ် ဆိုတာမျိုး ဖြစ်ပြီးတော့ လူ ၂၀၀ လောက်က ဆန္ဒပြကြတယ်။ ကံကုန်းရွာသားတွေ တင်ပြတဲ့ စာရင်းမှာကိုပဲ သူတို့က သေဆုံးမှုနှုန်း မြင့်တယ်ပေါ့။ သုံးပုံတစ်ပုံလောက်က အဆုတ်၊ လည်ချောင်းနဲ့ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတွေကြောင့်ပေါ့။ ဒီလို သေဆုံးမှုတွေက စီမံကိန်းကြောင့် ဖြစ်တာလား။ အခြားကြောင့်လား လေ့လာမှု ရှိသင့်တာပေါ့။ ဒီလို အခြေအနေမှာ Health Base Line ကောက်သင့်တာပေါ့။ ဒါပေမဲ့ သူတို့က ရှိပြီးသား ကျန်းမာရေးဌာနတွေကပဲ ကောက်လိုက်တော့ မေးစရာ ဖြစ်သွားတာပေါ့။ အစီရင်ခံစာထဲမှာတော့ ဒီအချက်အလက်တွေကို ဒီလိုတွေ့ထားတယ်ဆိုပြီး ရေးထားတယ်။ ဒါကို အစိုးရက လုပ်မှာလား ကုမ္ပဏီက လုပ်မှာလား ဆိုတာကိုတော့ သေချာဖော်ပြ မထားဘူးပေါ့။ လုပ်ငန်းနဲ့ပတ်သက်ရင် တကယ်လုပ်မလုပ် စောင့်ကြည့်ရမှာပေါ့။ ဘယ်လိုစောင့်ကြည့်မလဲဆိုရင် Environmental Audit ဆိုပြီး International Consultant တစ်ခုငှားပြီး လုပ်ရမှာပေါ့။ ဒါပေမဲ့ ဒီလိုစောင့်ကြည့်တဲ့ အထဲမှာ ပြည်သူတွေ ပါဝင်ဖို့ လိုတယ်။ ပြည်သူပါဝင်ဖို့ ဆိုရာမှာ ဆရာတို့ လေ့လာမိသလောက်ဆိုရင် ရွာတွေရဲ့ ကိုယ်စားလှယ်ဆိုပြီး ခန့်ထားတဲ့သူတွေကို ရွာသားတွေက မသိဘူး ဖြစ်နေတယ်။ ရွာသားတော့ ရွာသားပေါ့။ ဒါပေမဲ့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေပေါ့။ ရွာသားတွေက သူတို့ကို အသိအမှတ်မပြုဘဲ ဖြစ်နေတယ်။ ဒီလိုဖြစ်နေတော့ လွတ်လပ်တဲ့ ရွာအဖွဲ့အစည်းက မပါဘူး ဖြစ်နေတာပေါ့။ ဒါက Manipulation ပေါ့။ ကစားသလို ဖြစ်နေတယ်။ ပြည်သူပါဝင်မှ ဖြစ်မယ်။ အစိုးရက အစိုးရိမ် ကြီးနေလို့လား။ ဘယ်လိုလုပ်ရမလဲ မသိတာလားတော့ မသိဘူးပေါ့။ အစီရင်ခံစာကတော့ ပြည်သူပါဝင်တဲ့ အဖွဲ့နဲ့ စောင့်ကြည့်သင့်တယ် ပြောမှာပဲ။ ဒါတွေက အစီရင်ခံစာတွေမှာ ဖြစ်တတ်တဲ့ သဘောပေါ့။ တချို့က ဒါကို အသေးစိတ် မရေးတဲ့အခါကျတော့ အစိုးရက သူနားလည်သလို လုပ်တယ်။ ဆရာတို့ ဖြစ်နေတာက ပြဿနာရှင်းဖို့လေ။ အစီရင်ခံစာတွေလှဖို့ မဟုတ်ဘူး။ ပြဿနာ ရှင်းဖို့ဆိုရင် ပြည်သူတွေရဲ့ ယူဆချက်တွေက အမျိုးမျိုး ဖြစ်နေတယ်။ ဒီလိုဆို ပြဿနာရှင်းမှာ မဟုတ်ဘူး။ ပြဿနာတွေ ရှင်းနိုင်ဖို့ အဓိကလိုအပ်ချက်ဆိုရင် စစ်မှန်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ အဆင့်တိုင်းမှာ ပါဖို့လိုတယ်။
မေး။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကုန်ရက်မှာ ၀မ်ပေါင်ကဖိတ်ခေါ်လို့ လက်ပံတောင်းတောင် စီမံကိန်းဧရိယာကို ကျွန်တော်ရောက်ခဲ့ပါတယ်။ ဒီလို ရောက်ခဲ့တဲ့အချိန်မှာ ထန်းပင်ထက်မြင့်တဲ့ စွန့်ပစ်မြေစာနုန်းတွေက ဒေသခံတွေရဲ့ လယ်မြေတွေနဲ့ ထိစပ်နေတာ တွေ့ခဲ့ရတယ်။ အခုအ စီရင်ခံစာထဲမှာလည်း ဒါကိုသေသေချာချာ ဖော်ပြမထားဘူးဆိုတော့ ဒီစွန့်ပစ်မြေစာကိစ္စက ကြီးကျယ်တဲ့ပြဿနာ ဖြစ်လာနိုင်ပါသလား ဆရာ။
ဖြေ။ ဒီစွန့်ပစ်မြေစာက လက်ပံတောင်းတောင် မဟုတ်သေးဘူး။ ဟိုဘက်က ကြေးစင်တောင်ရဲ့ စွန့်ပစ်မြေစာတွေပဲ ရှိသေးတယ်။ အဲ့ဒီမြေစာတွေက တကယ်ဆိုရင် ကွန်ဒိုလိုက် ကွန်ဒိုလိုက် ပြန်ခင်းရမယ်။ ဒီအတိုင်း အပုံကြီးဆိုရင် မိုးရွာရင် ရေစီးနဲ့ပါမယ်။ လေတိုက်ရင် ဖုန်မှုန့်တွေက လူတွေဆီကို သွားမယ်။ ဒီလိုတွေ မဖြစ်အောင် စနစ်တကျ ကွန်ဒိုလိုင်းအလိုက် ပြန်လုပ်ရမယ်။ စွန့်ပစ်ကွန်ဒိုတွေမြဲအောင် လေကာတန်းတွေ လုပ်ရမယ်။ သစ်ပင်တွေ စိုက်ရမယ်။ မိုင်းတွေက ထွက်လာတဲ့ ပြဿနာကို ကုမ္ပဏီက မရှင်းနိုင်ဘူး ဆိုတာကတော့ အချက်အလက် လိုနေတယ် ထင်ပါတယ်။ ကျိန်းသေတဲ့ အချက်ကတော့ I Micro Climate Change ဖြစ်မယ်ဆိုတာကို ရေးမထားဘူး။ ဒီတောင်တွေက မိုးရွာသွန်းမှုတွေ စိုထိုင်းဆတွေကို ထိန်းညှိပေးတယ်။ ဒီတောင်တွေ မရှိတော့ရင် အပူလွန်ကဲလာမယ်။ ဒါဆိုရင် ဒေသတွင်း စိုက်ပျိုးရေး အခြေအနေကိုလည်း ထိခိုက်လာနိုင်ပါတယ်။ ဒီအချက်တွေက အစီရင်ခံစာ အပြည့်အစုံမှာရော ဖော်ပြထားရဲ့လား သိချင်ပါတယ်။
မေး။ လက်ပံတောင်းတောင်လိုမျိုး ကြေးနီမိုင်းတူးလို့ ဖြစ်လာတဲ့ ပြဿနာတွေ အန္တရာယ်တွေကို နိုင်ငံတကာမှာရော ဖြေရှင်းနိုင်ပြီလား ဆရာ။
ဖြေ။ လုပ်ကြပါတယ်။ အင်္ဂလန်မှာဆိုရင် ဆရာတို့ဆီမှာ တူးနေတဲ့ နည်းစနစ်လိုမျိုး ဟင်းလင်းပွင့်တူးနည်းပေါ့။ အဲ့ဒီလို တူးခဲ့တာတွေကို ပြန်ဖို့တယ်။ ကျွန်တော်တို့တောင်လောက်တော့ မကြီးဘူးပေါ့။ အင်္ဂလန်နိုင်ငံရဲ့ အနောက်တောင်ပိုင်းမှာရှိတဲ့ အေဒင်ပရောဂျက်ဆိုရင် ပြန်ပြီးပြုပြင်ထားတော့ ကမ္ဘာမှာတောင် လူအများဆုံး လာကြည့်တဲ့ Tourist Site တစ်ခု ဖြစ်သွားတယ်။ မိုင်းပိတ်သိမ်းချိန်မှာ ဒါမျိုးဖြစ်ဖို့ လိုတယ်။ ၀မ်ပေါင်အနေနဲ့ လုပ်မယ်ဆိုရင် နည်းပညာအရတော့ ဖြစ်နိုင်တယ်။ နည်းပညာနဲ့ လုပ်ပေးမယ်ဆို ပြဿ နာတွေကို အသေးဆုံးဖြစ်အောင် လုပ်ပေးနိုင်တယ်။ တောင်ကတော့ ဆုံးရှုံးသွားမယ်။ တောင်အစား ပြန်ရဖို့ဆိုရင်တော့ တောင်အတု ပြန်လုပ်ပေးရမယ်။ ဒီလို တောင်အတု လုပ်မယ်ဆိုရင်တော့ စတူးချိန်ကတည်းက လုပ်ရမယ်။ အဲ့လို လုပ်မယ်ဆိုရင် ရွာကလူတွေ အားလုံးကိုလည်း ပြေလည်အောင် ရှင်းထုတ်နိုင်ဖို့လိုတယ်။ ဒီလို တောင်အတုလုပ်မယ်ဆိုရင် ကုန်ကျစရိတ်က အင်မတန်များပေမယ့် လုပ်မယ်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ Mine Plan ကို ဆက်ပြီးစောင့်ကြည့်ရပါမယ်။
မေး။ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး အစီရင်ခံစာမှာ ဖော်ပြထားတာတွေကို ၀မ်ပေါင်က တကယ်လုပ်ခြင်း မလုပ်ခြင်းနဲ့ ပတ်သက်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနနဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စောင့်ကြည့်သွားမယ်လို့ ပြောပါတယ်။ ဒီလိုမျိုး စောင့်ကြည့်နိုင်ဖို့ အစိုးရနဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေမှာ လုံလောက်တဲ့ လူအင်အားနဲ့ ငွေကြေးရှိတယ်လို့ ဆရာထင်ပါသလား။
ဖြေ။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနက သူစောင့်ကြည့်ရမယ့် သစ်တောတောင် မစောင့်ကြည့်နိုင်လို့ တောတွေပြုန်းနေတာ။ စီမံကိန်းနဲ့ ပတ်သက်ပြီး အစီရင်ခံစာအတိုင်း လုပ်ဆောင်မှု ရှိမရှိ စောင့်ကြည့်မယ် ဆိုတာကို သူလုပ်နိုင် မလုပ်နိုင်ဆိုတာကတော့ ဆရာဖြေစရာတောင် လိုမယ်မထင်ဘူး။
မေး။ ၀မ်ပေါင်အနေနဲ့လည်း လက်ပံတောင်းတောင် စီမံကိန်းကြောင့် ဖြစ်လာတဲ့ ဆိုးကျိုးတွေကို အစီရင်ခံစာမှာပါတဲ့ အကြံပြုချက်တွေကို လိုက်နာနိုင်မှု မရှိဘူး။ Environmental Management Plan ကိုလည်း ဖြစ်ကတတ်ဆန်းပဲ လုပ်သွားမယ်။ အစိုးရအနေနဲ့လည်း ပြောတဲ့အတိုင်း စောင့်ကြည့်နိုင်မှု မရှိဘူးဆိုရင် ဒီစီမံကိန်းရဲ့ ဆိုးကျိုးအဖြစ် စွန့်ပစ်ရေဆိုးတွေက ချင်းတွင်းမြစ်နဲ့ ဧရာဝတီမြစ်ကို ဘယ်လောက်အထိ ဆိုးကျိုးဖြစ်သွားနိုင်ပါသလဲ။
ဖြေ။ ချင်းတွင်းနဲ့ ဧရာဝတီဆိုတာက အတူတူပဲလေ။ အခုတောင် ချင်းတွင်းမြစ်က တော်တော်ညစ်ညမ်းနေပြီ။ ချင်းတွင်းကိုရောက်ရင် ဧရာဝတီထဲ ရောက်ပြီလေ။ သူ့အစီရင်ခံစာထဲမှာ ရေးထားတဲ့ အက်စစ်တွေကြောင့် ဆက်ပြီးညစ်ညမ်းသွားရင်တော့ ဒီမြစ်ကို မှီခိုနေတဲ့သူတွေက ပြဿနာရှိမယ်။ ရေစီးကြောင်း ပြောင်းသွားရင်တော့ ပြဿနာရှိတယ်။ ဒီပြဿနာတွေကို စီမံခန့်ခွဲနိုင်မယ် ဆိုရင်တော့ တိုင်းပြည်မှာ စီးပွားရေးလည်း တိုးမယ်။ သူတို့ပြောသလို တစ်နှစ်ကို ဒေါ်လာတစ်သန်းနှစ်သန်းပဲ ရမယ်ဆိုရင်တောင် ဒေသခံတွေ တော်တော်တိုးတက်နိုင်တယ်။
မေး။ ၀မ်ပေါင်အနေနဲ့ အရေးကြီးတယ်ဆိုပြီး ထုတ်ပြန်တဲ့ အစီရင်ခံစာ အကျဉ်းချုပ်နဲ့ ပတ်သက်ပြီးတော့ရော၊ ကျွန်တော်မမေးမိတဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ဆရာ့အနေနဲ့ ပညာရှင်ရှု့ထောင့်က သုံးသပ်ပေးပါ။
ဖြေ။ လက်ပံတောင်းတောင်ပြဿ နာမှာ သူတို့ထင်နေတာက နည်းပညာပြဿနာလို့ ထင်နေတယ်။ တကယ်တမ်းတော့ နည်းပညာတွေက ရှိနေပါတယ်။ တကယ်လိုအပ်နေတာက Governance ပါ။ ပြည်သူတွေက ဦးဆောင်ဖို့ လိုပါတယ်။ ပြည်သူ့ကိုယ်စားလှယ်တွေက ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု၊ ထင်သာမြင်သာ ရှိမှုတွေနဲ့မှ အခက်အခဲတွေက ပြေလည်မှာပါ။ တစ်ကွက်ချန်နေတာမျိုးတွေနဲ့ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ အဆင်ပြေသလို လုပ်နေမယ်ဆိုရင်တော့ တိုင်း(မ်)ဗုံးကြီး ကြက်မဥသလို ဘယ်အချိန် ထပေါက်မလဲဆိုတာကို စောင့်ကြည့်သလို ဖြစ်နေမယ်။ တစ်ခုခက်နေတာက အစိုးရဌာနဆိုင်ရာတွေကရော၊ ဒေသဆိုင်ရာ အာဏာပိုင်တွေကပါ ပြည်သူနဲ့ ဘယ်လိုလက်တွဲမလဲဆိုတာ မသိဘဲ ဖြစ်နေတယ်။ သူတို့လုပ်တာက အထက်အမိန့် ပုံစံနဲ့ပဲ လုပ်နေတော့ အစိုးရ၀န်ထမ်းဆိုတာ အရာခပ်သိမ်းကို သိတယ်။ ဥပဒေတွေကို ကိုင်တွယ်နေတယ်။ ပြည်သူထက် ပိုတတ်တယ်ဆိုတဲ့ Attitude တွေက ပြဿနာပါ။ အများစုက လွန်ခဲ့တဲ့ အနှစ် ၃၀ ကအတိုင်း စိတ်ကြီးဝင်တဲ့ ပြဿနာ ရှိနေတယ်။
နောက်တစ်ခုက လယ်တီသိမ်ပြဿနာပေါ့။ သိမ်ဖျက်တဲ့ ကိစ္စကတော့ သေချာပြန်လေ့လာဖို့ လိုမယ်။ သူတို့ကတော့ အလယ်ကောင်ဖြစ်လို့ တူးမရဘူး ပြောနေတယ်။ ဒါက တကယ်ရော ဟုတ်ရဲ့လားပေါ့။ လယ်တီသိမ်အစစ် ဟုတ်မဟုတ်ကတော့ သမိုင်းပညာရှင်တွေ လေ့လာရမှာပါ။ လယ်တီသိမ်အစစ် ဟုတ်မဟုတ်ဆိုတာထက် ကျိန်းသေတာက လယ်တီဆရာတော် သီတင်းသုံးခဲ့တာလေ။ လယ်တီသိမ်ဆိုတာထက် လယ်တီဆရာတော် သီတင်းသုံးခဲ့တဲ့ မြေဆိုတာက ပိုအရေးကြီးတာပေါ့။ တစ်နည်းဆိုရင် အောင်မြေလို့ ယူဆနိုင်တာပေါ့။ မြန်မာနိုင်ငံမှာ ထေရ၀ါဒ၀ိပဿနာ ပြန့်ပွားလာတာ လယ်တီဆရာတော် ကျေးဇူးပေါ့။ သာသနာနှစ် ၂၅၀၀ ကျော်လာချိန်မှာ လယ်တီဆရာတော့်သိမ်ကြီးကို ဖျက်ရမယ် ဆိုတာကိုတော့ မနှစ်မြို့ဘူး။ အဲ့ဒါလေးကို အတတ်နိုင်ဆုံး Mining Operation ထဲက ဘယ်လိုချန်ခဲ့မလဲဆိုတာ Technically စဉ်းစားရင် ရမယ်ထင်တယ်။ အဲ့ဒီလို မစဉ်းစားဘဲ အလွယ်တကူ ငြင်းနေတာက ဒီသိမ်က Authentic မဟုတ်ဘူး။ အစစ်မဟုတ်ဘူး ငြင်းနေတာ ဒါကို ရိုးရိုးလေးရွှေ့လိုက်ရင် ရတယ်ဆိုတာက ဖြစ်နိုင်တဲ့အဖြေကို မရှာသေးဘူးလို့ ခံစားရတယ်။ ဒီခေတ်ထဲမှာ မဖြစ်နိုင်ဘူး ဆိုတာတော့ မရှိဘူး။ ဒီနေရာလေးကို ဘယ်လိုချန်ထားမလဲ ဆိုတာထက် အလွယ်တကူ ထိုးထည့်လိုက်မယ်ဆိုတာ ဖြစ်နေတယ်။ ဒါတွေက မှားသွားရင်မကောင်းဘူး။ ဆရာကတော့ နည်းပညာအရတော့ ဖြစ်နိုင်တယ်ထင်နေတုန်းပဲ။ သူတို့ကတော့ စီးပွားရေးအရ ကုန်ကျစရိတ် များသွားနိုင်တာပေါ့။ အဲ့ဒါကြောင့်ပဲ မဖြစ်နိုင်ဘူးလို့ လှည့်ပတ်ပြောနေတာလားဆိုပြီးတော့ သံသယ၀င်မိတယ်။
မြန်မာယန်စီက လုပ်ကိုင်နေသည့် စံပယ်တောင်၊ ကြေးစင်တောင်၊ ကြေးနီထုတ် လုပ်ငန်းခွင်မှ သတ္တုရိုင်းများအား အက်ဆစ်ဖြင့်ဖျော်ရာမှ ထွက်ပေါ်လာသည့် ကြေးနီအက်ဆစ်ဖျော်ရည်များအား တွေ့ရစဉ်
ပြီးခဲ့သည့် မတ်လ ၁၀ ရက်က မြန်မာနိုင်ငံ အလယ်ပိုင်းရှိ လက်ပံတောင်းတောင် စီမံကိန်းအား အဓိကအကောင်အထည်ဖော် လုပ်ဆောင်နေသည့် တရုတ်ကုမ္ပဏီ တစ်ခုဖြစ်သော မြန်မာဝမ်ပေါင် ကုမ္ပဏီက သြစတြေးလျနိုင်ငံမှ နိုင်ငံတကာအကြံပေး ကုမ္ပဏီတစ်ခုဖြစ်သော နိုက်ထ်ပီးဆိုးမှ ရေးဆွဲထားသည့် လက်ပံတောင်းတောင် ESIA အစီရင်ခံစာ၏ အရေးကြီးသော အခန်းကဏ္ဍတချို့ဖြစ်သည့် အစီရင်ခံစာ အကျဉ်းချုပ်နိဂုံးချုပ် သုံးသပ်ချက်များကို ဘာသာပြန်ဆိုပြီးနောက် မြန်မာပြည်သူလူ ထုလေ့လာနိုင်ရန် ထုတ်ပြန်ပေးလိုက်ပါသည်။ အဆိုပါ အရေးကြီးသည်ဆိုသော အခန်းကဏ္ဍများနှင့် လက်ပံတောင်းတောင်စီမံကိန်းမှ ထွက်ပေါ်လာသည့် ဆိုးကျိုးများကို ထိန်းချုပ်နိုင်မည့် နည်းလမ်းများအား ဖော်ပြထားသည့် လက်ပံတောင်းတောင် အစီရင်ခံစာသည် မည်မျှပြည်စုံမှု ရှိမရှိဆိုသော အဖြေနှင့် စီမံကိန်းမှ ထွက်ပေါ်လာသည့် ဆိုးကျိုးများကို ၀မ်ပေါင်ကုမ္ပဏီနှင့် အစိုးရတာဝန်ရှိသူများမှ စီမံခန့်ခွဲနိုင်ခြင်း ရှိမရှိဆိုသော ယူဆချက်များနှင့် ပတ်သက်၍ စီမံကိန်းအား အဓိက လုပ်ဆောင်နေသည့် မြန်မာဝမ်ပေါင်ကုမ္ပဏီမှ ဦးဆောင်ညွှန်ကြားရေးမှုး Mr. Geng Yi နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို မြန်မာပြည်သူများ လေ့လာနိုင်ရန် ပြန်လည်ဖော်ပြလိုက်ပါသည်။
မြန်မာဝမ်ပေါင်ကုမ္ပဏီ ဦးဆောင်ညွှန်ကြားရေးမှူး Mr. Geng Yi နှင့် တွေ့ဆုံခြင်း
မေး။ သြစတြေးလျအခြေစိုက် နိုက်တ်ပီးဆိုးကရေးတဲ့ လက်ပံတောင်း ESIA အစီရင်ခံစာထဲမှာပါတဲ့ စွန့်ပစ်ကျောက် တစ်ဘီလျံတန်ရဲ့ ရာခိုင်နှုန်း ၇၀ ကျော်ကနေ ဖြစ်ပေါ်လာမယ့် အက်ဆစ်တွေရဲ့ ဆိုးကျိုးတွေကို ထိန်းချုပ်နိုင်ဖို့ ဘယ်လိုလုပ်ကိုင်ထားပါသလဲ။
ဖြေ။ ဦးစွာပြောချင်တာက လက်ပံတောင်းတောင်စီမံကိန်းက ထွက်လာမယ့် waste တွေကို ၀မ်ပေါင်အနေနဲ့ ပိုင်ပိုင်နိုင်နိုင် စနစ်တကျ စီမံခန့်ခွဲနိုင်ပါတယ်။ waste တွေကို စီမံခန့်ခွဲခြင်းက ကမ္ဘာပေါ်မှာ ရိုးစင်းပြီး ရင်းနှီးပြီးသား နည်းပညာတစ်ခု ဖြစ်တာကြောင့် အလွန်လွယ်ကူသော ကိစ္စတစ်ခုသာ ဖြစ်ပါတယ်။ ဒီ Capsule ပုံစံထဲမှာ ထည့်ထားတာက waste တွေပါ။ အောက်ခြေကို ပန်းကန်လုံးပုံစံမျိုး လုပ်ထားပါတယ်။ ပြီးရင် Top soil မြေသားကို အပေါ်ကနေ ပြန်ပိတ်ပါမယ်။ သဘာဝတောင်ပုံစံမျိုး၊ လူလုပ်တောင်အဖြစ်ပေါ့။ အထဲမှာတော့ သတ္တုတွေရှိမယ်။ အပြင်မှာကတော့ သာမန်မြေသား၊ ခြုံနဲ့သီးပင်စားပင်တွေပါ။ သတ္တုပါတဲ့ ကျောက်ခဲတွေကို နေရာရွှေ့လိုက်ပါမယ်။ စားကျက်မြေဖြစ်သွားတဲ့ အနေအထားအထိ ပြန်လုပ်ပေးပါမယ်။ ဒါကိုမရွှေ့ခင်မှာ အောက်ခြေဖောင်ဒေးရှင်း သေသေချာချာ လုပ်ထားမယ်။ ဆေးတောင့်လုပ်တဲ့ ပုံစံမျိုးပါ။ ပြီးရင် အပေါ်မှာပြန်ထားမယ်။ နောက်ဆုံး သတ္တုမိုင်းပိတ်သိမ်းတဲ့ အချိန်ကိုရောက်ရင် အပေါ်ယံကို ပြန်ပိတ်မယ်။ ပိတ်ပြီးရင် ဆိတ်တွေ၊ နွားတွေ စတဲ့တိရစ္ဆာန်တွေ ကျောင်းလို့ရအောင် ပြန်လုပ်ပေးမယ်။ လက်ပံတောင်းတောင်ကတော့ ပျောက်သွားမယ်။ ဒါပေမဲ့ လူလုပ်တဲ့ တောင်ကတော့ သုံးလေးလုံးလောက် ထွက်ပေါ်လာပါမယ်။
မေး။ ဒါဆိုရင် လက်ပံတောင်း အပါအ၀င် တောင်တွေကို ဟင်းလင်းပွင့်ကြေးနီတူးလို့ ချိုင့်ဝှမ်းမကျန်ဘူးဆိုတဲ့ သဘောလား။
ဖြေ။ တောင်ကို တစ်ဝက်လောက် ပြန်ဖို့ပါမယ်။ တစ်ဝက်လောက်ကျန်ရင် ရေကန်လုပ်လို့ ရပါတယ်။ သဘာဝ ရေကန်မျိုးပေါ့။
မေး။ ဒါဆိုရင် ဒီရေကန်ကနေ ရေမစိမ့်နိုင်ဘူးလား။
ဖြေ။ သဘာဝကျောက်ခဲတွေနဲ့ ဒီအတိုင်းပဲထားရင် ရေစိမ့်တာ ဖြစ်ခဲပါတယ်။ မီးတောင်ကနေ ပွင့်ထွက်လာရင် ရေကန်တစ်ခု ဖြစ်တယ်။ ဒီရေကန်ကနေ ရေမစိမ့်သလိုမျိုး အတူတူပါပဲ။
မေး။ ESIA အစီရင်ခံစာထဲမှာ ဒေသခံတွေနဲ့ ပြေလည်မှုရအောင် ညှိနှိုင်းပါဆိုတဲ့ အချက်ကို ဖော်ပြထားပါတယ်။ ပြီးတော့ လယ်သိမ်းခံပြည်သူတွေရဲ့ ရာခိုင်နှုန်း ၅၀ လောက်ကလည်း မြေယာလျော်ကြေး ယူမထားတော့ ဒါကိုဘယ်လိုပြေလည်အောင် ညှိမလဲ။
ဖြေ။ ကျွန်တော်တို့ ပြောချင်တာက တာဝန်ခွဲအပ်မှုပါ။ မြေသိမ်းတာတို့ လျော်ကြေးပေးတာတို့က ဒီဘက်က ပါတနာဖြစ်တဲ့ ဒေသခံအစိုးရရဲ့ တာဝန်ဖြစ်တယ်။ ကျွန်တော်တို့တာဝန် မဟုတ်ဘူး။ ကျွန်တော်တို့ သိသလောက်ကျတော့ ၂၀၁၁ ခုနှစ် လေးလပိုင်းလောက်က စပြီးတော့ ကျွန်တော်တို့ လျော်ကြေးပေးတယ်။ ၂၀၁၂ နှစ်ကုန်အထိ ကျွန်တော်တို့ လျော်ကြေးပေးလိုက်တာ ရွာသားတွေ အကုန်လာထုတ်တယ်။ ၁၀၀ ရာခိုင်နှုန်း လာထုတ်ကြတယ်။ လက်မှတ်လည်း ထိုးသွားတယ်။ သူတို့တွေ အရမ်းပျော်ကြပါတယ်။ အဲ့ဒီ အချိန်တုန်းကသာ ရွာသားတွေရဲ့ တစ်ဝက်လောက်က ကန့်ကွက်မယ်။ ဆန္ဒပြမယ်ဆိုရင် ကျွန်တော်တို့က ရင်းနှီးမြှုပ်နှံမှု လာမလုပ်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီတာဝန်သည် ကျွန်တော်တို့တာဝန် မဟုတ်ဘူး။ အစိုးရတာဝန်ဖြစ်တယ်။ နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ကော်မရှင် လာရောက်စစ်ဆေး လေ့လာပါတယ်။ ရွာသားတွေက လျော်ကြေးတို့၊ ထောက်ပံ့ကြေးတို့ ထပ်ရချင်တယ်။ အဲ့ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်က အကြံပေးလိုက်ပါတယ်။ အဲ့ဒါကြောင့် အကြံပေးတဲ့အတိုင်း ၂၀၁၃ ခုနှစ်ကစပြီးတော့ နောက်တစ်ကြိမ်ပေါ့။ လျော်ကြေးမဟုတ်တော့ပါဘူး။ ထောက်ပံ့ကြေး ဒုတိယအကြိမ် ပေးလိုက်ပါတယ်၊ ဒီနှစ်ထဲမှာလည်း တတိယအကြိမ် ထောက်ပံ့ကြေး ထုတ်ပေးပြန်ပါတယ်။ ဆိုလိုတာကတော့ များသောအားဖြင့် အတင်းအကျပ် ရွှေ့ခိုင်းတာ မဟုတ်ပါဘူး။ သူတို့က လျော်ကြေးမထုတ်ဘူးဆိုရင် ဒီအတိုင်းပဲ ထားလိုက်ပါတယ်။ အငြင်းပွားမှုမရှိတဲ့ နေရာကို ထောက်ပံ့ကြေး ပြန်ပေးပြီး မြေကွက်ကို ကျွန်တော်တို့ ယူထားလိုက်ပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ ဒီနေရာက ခြံစည်းရိုးကို ခတ်ထားလိုက်ပါတယ်။ ဒီလို ခြံစည်းရိုးခတ်ရတာလည်း လုပ်ငန်းခွင် လိုအပ်ချက်အရနဲ့ ဒေသခံတွေရဲ့ လုံခြုံရေးအတွက် ဖြစ်ပါတယ်။ ခွဲခြားလို့လည်း လွယ်သွားပါတယ်။ အဓိက ပြောချင်တာကတော့ By Force မဟုတ်ဘူး။ သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ယူထားတာ မဟုတ်ဘူး။ သူတို့သဘောတူမှ ယူထားခဲ့တာပါ။ အဲ့ဒီမြေကွက်တွေကို လတ်တလော ပြန်သုံးနေတယ်၊ လောလောဆယ် ကျွန်တော်တို့က နေရာကျဉ်းကျဉ်းလေးမှာ Limited ဖြစ်နေတယ်။ ကျယ်ကျယ်ပြန့်ပြန့် လုပ်လို့မရသေးဘူး။ စီမံကိန်းက လက်ရှိမြန်မာနိုင်ငံ၏ တရားဥပဒေကို အခြေခံပြီး အစိုးရရဲ့ လမ်းညွှန်မှုနဲ့ မြေယာထောက်ပံ့ကြေးတွေကို သုံးကြိမ်ထပ်မံတိုးမြှင့်ပြီး ပေးအပ်ထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ စီမံကိန်းနယ်မြေ အများစုကို ပိုင်ဆိုင်နိုင်ခြင်း မရှိသေးပါဘူး။
မေး။ လယ်တီသိမ်လို့ မြန်မာပြည်သူတွေ ပြောနေကြတယ်။ ဒီဘက်ကကျတော့ တောင်ကြားသိမ်လို့ ပြောတယ်ပေါ့။ ဘယ်လိုပဲပြောပြော ဒါက ဗုဒ္ဓဘာသာရဲ့ သာသနာအမွေအနှစ် တစ်ခုပေါ့။ ဒါကို ဗုဒ္ဓဘာသာဝင်တွေက ဒီနေရာမှာပဲ ထားချင်တယ်။ ဒီလိုထားချင်တာကို ဆက်ပြီးထားနိုင်မယ့် နည်းပညာတွေရှိလား။
ဖြေ။ အငြင်းပွားမှုကို သက်ဆိုင်ရာ ၀န်ကြီးဌာနနဲ့ သံဃာတော်ကြီးတွေက အဖြေပေးထားပြီးသားပါ။ ဒါကို ဒီတိုင်းဆက်လက်ထားဖို့ကျတော့ သိမ်ကမိုင်းရဲ့အလယ် ဗဟိုချက်အနီးမှာ ရှိနေပါတယ်။ နံပါတ် (၁) safe မဖြစ်ဘူး။ အန္တရာယ်ရှိနိုင်ပါတယ် (၂) မိုင်းတူးဖော်ရေးကို ထိခိုက်စေပါတယ်။ အကောင်အထည်ဖော်လို့ မရပါဘူး။ ဒါကြောင့် လေ့လာသုတေသန လုပ်ထားချက်တွေအရ နှစ်ခုစလုံးကို စဉ်းစားကြည့်မယ်ဆိုရင် ဆက်လက်ထားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ လုပ်ငန်းခွင်က ကားတွေသွားလာတာနဲ့ မိုင်းခွဲခြင်းတွေ ပြုလုပ်နေတာကြောင့် ဒေသခံတွေအပေါ် အချိန်မရွေး အန္တရာယ်ကျရောက်နိုင်တာဖြစ်လို့ သတ္တုတွင်းကို ကိုယ်တိုင်လာရောက် ကြည့်ရှုခဲ့သူတွေ ဒီရွှေ့ပြောင်းရတဲ့ကိစ္စကို နားလည်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီလို ပြောင်းရွှေ့ခြင်းက ဘုရားတက်ဝတ်ဖြည့်ခြင်း၊ သိမ်တက်ခြင်းတွေ ပုံမှန်ပြုလုပ်နိုင်မှာဖြစ်လို့ ဒေသခံတွေအတွက် သာမက အဘက်ဘက်က အကျိုးရှိပါတယ်။
မေး။ တရုတ်နိုင်ငံက လာလုပ်တဲ့ စီမံကိန်း ၅၃ ခုမှာ လက်ပံတောင်းတောင် စီမံကိန်းက ဒုတိယအကြီးဆုံးပြဿနာ ဖြစ်ခဲ့တယ်ပေါ့။ ဆန္ဒပြမှုတွေ၊ မီးလောင်ဗုံးနဲ့ ဖြိုခွင်းခံရတာတွေ ဖြစ်ခဲ့တယ်ပေါ့။ ပြည်သူတွေရဲ့ စိုးရိမ်မှုလို့ ပြောနေကြတဲ့ အချက်တချို့ပေါ့။ ရာသီဥတု ပြောင်းလဲမှု၊ အက်ဆစ်ရေတွေ စိမ့်ဝင်ပြီး ချင်းတွင်းမြစ်နဲ့ ဧရာဝတီမြစ်ကို ဒုက္ခပေးနိုင်မှု၊ ဒေသခံတွေရဲ့ လယ်မြေသိမ်းဆည်းခံရမှုကြောင့်ဖြစ်တဲ့ မကျေလည်မှု စတဲ့ဆိုးကျိုးတွေပေါ့။ ဒီလိုဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို မဖြစ်လာနိုင်ပါဘူးလို့ ၀မ်ပေါင်အနေနဲ့ ဘယ်လောက်အထိ အာမခံနိုင်သလဲ။ စီမံကိန်းတစ်ခုလုံး ပြီးသွားချိန်မှာ ဘယ်လောက်အထိ Perfect ဖြစ်အောင် လုပ်သွားမလဲ။ ဘယ်လောက်အထိ အာမခံချက် ပေးနိုင်မလဲ။
ဖြေ။ ကျွန်တော့်အထင်တော့ ဒီမေးခွန်းဟာ တော်တော်လေးကြီးမားပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီအတွက် ကျွန်တော်ရှင်းပြနိုင်တာက ဖြေရှင်းနိုင်မယ့် (သုံးဖက်စလုံးကနေ) နည်းလမ်းသုံးခု ရှာလိုက်ပါတယ်။ နံပါတ် (၁) ကတော့ အကြောင်းရင်း အမျိုးမျိုးကြောင့် အရင်ကကျွန်တော်တို့ communication (ဆက်ဆံရေး) ပိုင်းမှာ အားနည်းချက်တချို့ ရှိနိုင်ပါတယ်။ ဒေသခံတွေနဲ့ ပူးပေါင်းပါဝင်မှု အပိုင်းတွေ၊ ချိတ်ဆက်မှုတွေ၊ အရင်က ရွာသားတွေနဲ့ ဆက်ဆံရေးပိုင်းမှာ လုပ်ဆောင်ခဲ့တာတွေ၊ ဒီအချက်တွေမှာ မလုံလောက်ခဲ့လို့ ဖြစ်နိုင်ပါတယ်။ အခုတော့ အစိုးရရော ကုမ္ပဏီရော ဒေသခံပြည်သူတွေ၊ ရွာသားတွေ ပူးပေါင်းပါဝင်လာပြီး အပြန်အလှန် ဆက်ဆံရေးတွေ လုပ်နေကြပါပြီ။ ဒီလိုမှသာ ကျွန်တော်တို့အချင်းချင်း အပြန်အလှန်နားလည်မှု ရနိုင်မှာပါ။ ပထမဆုံးခြေလှမ်းက ဒေသခံရွာသားတွေရဲ့အသံကို ကျွန်တော်ဂရုတစိုက် နားထောင်ရပါမယ်။ ဒေသခံပြည်သူတွေရဲ့ အသံက အဓိကဘာဖြစ်မလဲ။ အရမ်းရိုးရှင်းပါတယ်။ သူတို့ရဲ့ စားဝတ်နေရေးဘ၀တွေ ပိုကောင်းချင်ကြတာပါပဲ။ ဒီစီမံကိန်းကြောင့် စားဝတ်နေရေးက အရင်ကထက် ပိုဆိုးသွားတာ၊ ညံ့သွားတာမျိုးတွေ မဖြစ်စေချင်တာပါပဲ။ ပိုကောင်းတဲ့ စားဝတ်နေရေး ဘ၀အတွက် စီးပွားရေး အခြေအနေတွေ၊ အလုပ်အကိုင်တွေ၊ ဘ၀အခြေအနေတွေမှာ ဘယ်လိုအာမခံချက်မျိုးတွေ ရှိနေမှာလဲဆိုတာပါ။ စားဝတ်နေရေး ဘ၀တွေ ပိုမိုကောင်းမွန် လာစေဖို့အတွက် သင့်တော်တဲ့ပြောင်းလဲမှု (adaptation) တချို့လိုအပ်နေပါတယ်။ ကျွန်တော်တို့လည်း အခြေခံအဆောက်အအုံတွေ ပိုမိုရှိလာရေး၊ လမ်းပြုပြင်ရေး၊ ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေးတို့ကို လုပ်ဆောင်နေပါတယ်။ ဒါတွေဟာ သင့်တော်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပါတယ်။ နောက်တခြားတစ်ဖက်မှာ သူတို့ အရမ်းအလေးထားတာက ကလေးတွေရဲ့ ပညာရေးပါ။ သူတို့ရဲ့ အနာဂတ် နောက်မျိုးဆက်တွေရဲ့ အရည်အချင်း တိုးတက်ရေးနဲ့ လုပ်ရည်ကိုင်ရည် ပိုမိုမြှင့်တင်ရေးပါ။ ဒါဟာလည်း ဒေသခံပြည်သူတွေရဲ့ အလေးထား ဂရုစိုက်မှုပါ။ နောက်ပြီး သူတို့အလေးထားတာက သဘာဝပတ်ဝန်းကျင် မပျက်စီးရေးပါ။ ဒါကြောင့် ပထမဆုံးနည်းလမ်းက ဒေသခံတွေရဲ့ တောင်းဆိုမှုကို သိနိုင်ဖို့ပါ။ ဒီလိုရွာသားတွေရဲ့ တောင်းဆိုမှုတွေကို သိနိုင်ခဲ့တာဟာ ကျွန်တော်တို့ရဲ့ CSD (Community and social development) လုပ်ငန်းတွေကတစ်ဆင့်၊ KP ရဲ့ လူထုဆက်ဆံရေး အစီအစဉ်တွေက တစ်ဆင့်နဲ့ (လက်ပံတောင်းတောင်စီမံကိန်း)အထူးစုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ ဆက်ဆံမှုတွေကတစ်ဆင့် ဖြစ်ပါတယ်။ ဒီတောင်းဆိုချက်တွေကို ဘယ်လိုပြေလည်အောင် ဖြေရှင်းပေးရမလဲ ဆိုတာပါ။
ဆက်လက်ပြီးတော့ ဒီကိစ္စတွေကို ဘယ်လိုလုပ်ရမလဲ ဆိုတာပါပဲ။ ကျွန်တော် အရှေ့မှာလည်း ပြောခဲ့ပါတယ်။ တာဝန်ခွဲယူမှု ဖြစ်ပါတယ်။ Stakeholder တွေတိုင်းမှာ ကိုယ့်တာဝန်နဲ့ကိုယ် ရှိကြပါတယ်။ အားလုံးလည်း ရှင်းရှင်းလင်းလင်း သိကြတဲ့အတိုင်း ဒီစီမံကိန်းဟာ နိုင်ငံတော်စီမံကိန်း ဖြစ်ပါတယ်။ အားလုံးမှာလည်း ရင်းနှီးမြှုပ်နှံမှုနဲ့ အကျိုးခံစားခွင့်တွေ ရှိမှတော့ တစ်ချိန်တည်းမှာပဲ ကိုယ့်တာဝန်ကိုယ် ကျေပွန်အောင် တာဝန်ထမ်းဆောင်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကျွန်တော့်အထင်တော့ အလုပ်တာဝန် ခွဲဝေယူမှု ကိစ္စလို့ပဲ မြင်မိပါတယ်။ ရှေးဦးစွာ ကျွန်တော်တို့ကုမ္ပဏီက ဘယ်လိုတာဝန်တွေ ထမ်းဆောင်နေသလဲဆိုတာ ပြောချင်တယ်။ ပထမဆုံးအနေနဲ့ ကုမ္ပဏီက ဒေသရဲ့ တရားဥပဒေကို လေးစားလိုက်နာဖို့နဲ့ ဒေသခံတွေရဲ့ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာကို လေးစားလိုက်နာဖို့ပဲ ဖြစ်ပါတယ်။ ဒီလို လေးစားလိုက်နာတဲ့အချက် မရှိဘဲ ဆက်ဆံမယ်ဆိုရင် ဒီစီမံကိန်း လုပ်ကိုင်ဖို့မပြောပါနဲ့ ကုမ္ပဏီတောင် ရပ်တည်ဖို့ မဖြစ်နိုင်ပါဘူး။ တရားဥပဒေ လိုက်နာဖို့မှာ (၁) အခွန်ဆောင်ဖို့၊ (၂) အလုပ်သမား အခွင့်အရေး၊ ကျွန်တော်တို့ ၀န်ထမ်းတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးဖို့ ကိစ္စတွေ ဖြစ်ပါတယ်။ တတိယ တစ်ခုကတော့ ဒေသရဲ့ ယဉ်ကျေးမှုကို လေးစားလိုက်နာဖို့ပဲ။ (စေတီ) ပြောင်းရွှေ့မယ့် ကိစ္စမှာလည်း ဒေသရဲ့ယဉ်ကျေးမှု၊ ဘာသာတရားရဲ့ ထုံးတမ်းစဉ်လာနဲ့ ကိုက်ညီဖို့ လိုအပ်ပါတယ်။ ဒါတွေဟာ စည်းမျဉ်းစည်းကမ်းနဲ့ တရားဥပဒေ လေးစားလိုက်နာရေး ဥပမာတချို့ကို ပြောပြတာပါ။ ကျွန်တော့်အနေနဲ့ တရားဥပဒေကို လိုက်ကိုလိုက်နာရမှာပါ။
အခု လက်တွေ့အခြေအနေမှာတော့ ကျွန်တော်စာချုပ်ကို ကျော်လွန်ပြီး တရားဥပဒေတာဝန်ဘောင်ကို ကျော်လွန်ပြီးတော့၊ တရားဥပဒေ တာဝန်အပြင်ကနေ ကျွန်တော်တာဝန်တချို့ ထမ်းရွက်နေပါသေးတယ်။ ကျွန်တော် ဥပမာနှစ်ခု ပြောပြပါ့မယ်။ စာချုပ်ကိုကျော်လွန်ပြီး လုပ်ထားတာကိုပါ။ တစ်ခုက အခုလောလောဆယ်အထိ မြေယာလျော်ကြေးတွေကို ကျွန်တော်တို့ ကျခံပေးနေတာပါ။ ကျွန်တော်တို့လည်း လိုလိုလားလားနဲ့ ပေးချင်တဲ့ဆန္ဒရှိလို့ ဖြစ်ပါတယ်။ ဒါပေမဲ့ တာဝန်အရဆိုရင် (မြန်မာ) အစိုးရရဲ့တာဝန်၊ ပါတနာ (ဦးပိုင်) ရဲ့တာဝန် ဖြစ်ပါတယ်။ ဒါက စာချုပ်ပါ အချက်အလက်တွေထက် ကျော်လွန်ပြီး လုပ်ပေးထားတာ ဖြစ်ပါတယ်။ ဒုတိယတစ်ခုကတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဖြစ်ပါတယ်။ ကျွန်တော်တို့သိတာက မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ ထွက်ရှိတာက တစ်နှစ်ကျော်လွန်သွားပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ဥပဒေမှာ တခြားစံချိန်စံညွှန်းတွေ၊ အသေးစိတ် အချက်အလက်တွေ ပါဝင်တဲ့ နည်းဥပဒေက ထွက်မလာသေးပါဘူး။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ESIA နဲ့ပတ်သက်လို့ တရားဥပဒေမှာ တိတိကျကျ သတ်မှတ်တောင်းဆိုတာမျိုး မရှိသေးပါဘူး။ ဒီလို အခြေအနေမျိုးမှာ ကျွန်တော်တို့က နိုင်ငံတကာ စံချိန်စံညွှန်းကိုပဲယူပြီး လုပ်ဆောင်ရပါတယ်။ ဒါတွေဟာ တရားဥပဒေ တာဝန်တွေပါ။
ဆက်လက်ပြီးတော့ နံပါတ်(၂) ကျွန်တော်တို့ရဲ့ (လူမှုစီးပွားတာဝန်ယူမှု) CSR တာဝန်ယူမှုအကြောင်း ပြောပါ့မယ်။ CSR ကတော့ မြန်မာပြည်မှာလည်း တရားဥပဒေအရ သတ်မှတ်တောင်းဆိုထားခြင်း မရှိသလိုပဲ တစ်ကမ္ဘာလုံးက မည်သည့်နိုင်ငံမှာမှလည်း တရားဥပဒေအရ လုပ်ကိုလုပ်ရမယ်လို့ သတ်မှတ်ထားခြင်း မရှိပါဘူး။ ဒါဟာ ကုမ္ပဏီလုပ်ငန်းတွေက ကိုယ့်ဆန္ဒနဲ့ကိုယ် လုပ်ဆောင်မှုဖြစ်တဲ့ အပြုအမူ ဖြစ်ပါတယ်။ ကျွန်တော်တို့ နားလည်တာတည်းကိုပဲ အားကိုးနေမယ်ဆိုရင်တော့ မလုံလောက်သေးပါဘူး။ ကျွန်တော်တို့ဟာ မြေယာဆုံးရှုံးတဲ့ လူတိုင်းကိုတော့ အလုပ်အကိုင် အခွင့်အရေး မပေးနိုင်ပါဘူး။ ကျွန်တော်တို့ဟာ သတ္တုတူးဖော်ရေး ကုမ္ပဏီတစ်ခု ဖြစ်တဲ့အတွက်ကြောင့် ဒီလောက်မလုပ်ဆောင်နိုင်ပါဘူး၊ ဒါပေမဲ့ ကျွန်တော်တို့ လုပ်နိုင်တာကတော့ အစိုးရနဲ့ ဒေသခံပြည်သူကို ကူညီပြီး မိုင်းပတ်ဝန်းကျင်ပတ်လည်မှာ စီမံကိန်းနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေ၊ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေ၊ SME အသေးစား စက်မှု/လက်မှု စီးပွားရေးလုပ်ငန်းတွေ ဖြစ်လာအောင် ကူညီပေးသွားပါမယ်။ ဥပမာ ထမင်းဆိုင်လိုမျိုး၊ စတိုးဆိုင်၊ ကုန်ခြောက်ဆိုင်ဖွင့်တာ မျိုးတွေပါ။ ကျွန်တော် ဘာလို့ဒီလိုမျိုး ပြောရသလဲဆိုရင် နောက်ဆို တည်ဆောက်ရေးကာလ၊ လုပ်ငန်းလည်ပတ်တဲ့ ကာလတွေမှာ ဒေသခံတွေဆီကနေ နှစ်စဉ်နှစ်တိုင်း အမေရိကန်ဒေါ်လာ သိန်း ၅၀၀ ကနေ သိန်း ၇၀၀ အထိ ကုန်ကြမ်းတွေနဲ့ ပစ္စည်းမျိုးစုံဝယ်ဖို့ ရှိပါတယ်၊ ကျွန်တော် ဒီမိုင်းတွေအတွက် ပစ္စည်းဝယ်ရပါမယ်။ ကျွန်တော် ဘယ်သူ့ဆီကို သွားဝယ်ရမှာလဲ၊ ကျွန်တော်ကတော့ ဒေသမှာပဲ အားလုံးဝယ်ချင်ပါတယ်။ ကျွန်တော့်ရဲ့ Supplier တွေက ဒေသခံတွေပဲ ဖြစ်လာမှာပါ။ supply chain တွေလည်း ကျွန်တော်တို့နဲ့အတူ ကြီးပွားတိုးတက်လာမှာ ဖြစ်ပါတယ်။ အခုတော့ ကျွန်တော် ဒေသအတွက် ကွန်ကရစ်တိုင်စက်ရုံ၊ အုတ်စက်ရုံတွေ စတဲ့အထူးစက်ရုံတွေ တည်ဆောက်ပေးထားတယ်။ နောက်ပြီး ဈေးရောင်းချလို့ရမယ့် နေရာတစ်ခုလည်း လုပ်ပေးထားပါတယ်။ ဒါတွေဟာ အလုပ်အကိုင် ရရှိရေးကို ဖန်တီးပေးနေခြင်း ဖြစ်ပါတယ်။ ကျွန်တော် လုပ်ငန်းမှာသုံးတဲ့ အခုဝယ်နေတဲ့ သဲတွေ၊ ကျောက်တွေက ဒေသခံတွေက ရောင်းချပေးထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း တချို့ရွာသားတွေက လယ်ပဲလုပ်တတ်တယ်။ လယ်ပဲလုပ်သွားမယ်၊ တခြားအလုပ် မလုပ်ချင်ဘူး ဆိုတာတွေ ရှိပါတယ်။ ဒါတွေကို ဘယ်လိုလုပ်ရမလဲဆိုတော့ ဒီအပိုင်းဟာ အစိုးရ အခရာကျတာ ဖြစ်သွားပါပြီ။ ဒါဟာ မြေယာပြဿနာပါ။ မြေကွက်အစားထိုးပေးနိုင်မလား ဒေသခံတွေက တခြားနေရာကို ပြောင်းရွှေ့ပြီး ဆက်လက်လယ်စိုက်နိုင်မလား ဆိုတာတွေဟာ အစိုးရက အခုစဉ်းစားနေတဲ့ ကိစ္စလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်ကလည်း အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။ ဒီစီမံကိန်းကြောင့် ဆိုးကျိုး အရမ်းသက်ရောက်သွားတဲ့ သူတွေကို လူမှုဖူလှုံရေးပုံစံမျိုး တစ်ခုအထိ ဘယ်လိုအကူအညီမျိုးတွေ ပေးနိုင်မလဲ ဆိုတာတွေ ပါဝင်ပါတယ်။ ဒါဟာ အရမ်းသစ်လွင်တဲ့ အတွေးအခေါ်တစ်ခုပါ။ အနာဂတ်မှာ မြန်မာပြည်သည် အခြေခံကျတဲ့ လူမှုဖူလုံရေး အာမခံချက် စနစ်တစ်ခု ပေါ်ထွန်းလာမှာ ဖြစ်ပါတယ်။ ဒေသခံတွေအတွက် အခြေခံလိုအပ်ချက်တွေ ပြည့်မီစေတဲ့ စနစ်တစ်ခုကို ဘယ်လိုတည်ဆောက်မလဲ ဆိုတာလည်း ကျွန်တော်တို့အစိုးရနဲ့ ဆွေးနွေးနေပါတယ်။
သူတို့ အဓိက တာဝန်ယူတဲ့ အပိုင်းကတော့ မြေယာလျော်ကြေးပေးအပ်ရေး၊ ဒေသခံတွေကို နေရာပြန်လည်ချထားရေးစတဲ့ လူမှုအသိုင်းအ၀ိုင်း ကိစ္စတွေပါ။ ကျွန်တော်တို့ စီမံကိန်းမှာမှ ဒီလိုအခြေအနေမျိုးရှိတာ မဟုတ်ပါဘူး။ စီမံကိန်းအားလုံးမှာပါ။ ဒါဟာ အစိုးရက နိုင်ငံတော်ရဲ့ အကျိုးအမြတ်ကို တတ်နိုင်သလောက် ကာကွယ်ပေးဖို့အတွက် သဘာဝကျတဲ့ စီစဉ်မှုဖြစ်တယ်လို့ ကျွန်တော်တို့အနေနဲ့ နားလည်ပါတယ်။ မြေငှားတာ အပါအ၀င်ပေါ့ . . . . .
ကျွန်တော်တို့မှာ ကတိက၀တ်တစ်ခု ရှိပါတယ်။ တည်ဆောက်ရေးကာလမှာ နှစ်တိုင်း CSR လုပ်ငန်းအတွက် အမေရိကန်ဒေါ်လာတစ်သန်း ရင်းနှီးမြှုပ်နှံသွားဖို့ပါ။ မနှစ်ကတော့ ကန်ဒေါ်လာ ၁ ဒသမ ၈ သန်းအထိ သုံးစွဲခဲ့တာဖြစ်လို့ ကတိပေးထားတာထက်၊ သတ်မှတ်ချက်ထက် နှစ်ဆနီးပါး ရှိခဲ့ပါတယ်။ နောက်တစ်ခုက စီမံကိန်းလည်ပတ်စဉ် စီးပွားဖြစ်ကာလအတွင်း (အားလုံးရဲ့) အသားတင် အကျိုးအမြတ်ထဲက နှစ်တိုင်းနှစ်ရာခိုင်နှုန်းယူပြီး သုံးစွဲသွားမှာပါပဲ။ တစ်နှစ်ကို လေးသန်းနီးပါး ရှိလာမှာ ဖြစ်ပါတယ်။ နှစ် ၃၀ သာဆိုရင် ဘယ်လောက်အတိုင်းအတာအထိ ဖြစ်သွားမလဲဆိုတာ စဉ်းစားကြည့်လို့ ရနိုင်ပါတယ်။ ဒါတွေဟာ ကျွန်တော်တို့ဆီက စီမံကိန်းတစ်ခုလုံးရဲ့ အသားတင်အမြတ်ပဲ ရှိပါတယ်။ နောက်ပြီး အစိုးရကလည်း ဒီစီမံကိန်းကနေ တစ်နှစ်ကို ၀င်ငွေသန်း ၁၀၀ ကျော်ရရှိမှာ ဖြစ်ပါတယ်။ အစိုးရက ဒေသဖွံ့ဖြိုးရေးအတွက် ဘယ်လောက်အသုံးချမလဲ ဆိုတာတော့ ကျွန်တော်မသိသေးပါဘူး။ ဒီနှစ်ခုသာ ပေါင်းလိုက်မယ်ဆိုရင် စဉ်းစားသိနိုင်ပါတယ်။ ဒီရင်းမြစ်တွေကနေ ဒီဒေသအတွက် ဘယ်လောက်ကြီးမားတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ဆောင်ကြဉ်းပေးမလဲ ဆိုတာပါ။ ဒီပမာဏဟာ အလွန်အင်အားတောင့်တင်းပြီး နှစ်ပေါင်း ၃၀ စဉ်ဆက်မပြတ် လုပ်သွားရမှာ ဖြစ်ပါတယ်။ ကျွန်တော် ယုံကြည်ပါတယ်။ ဒီဒေသဟာ မိုင်းပိတ်သိမ်းချိန် ကာလမှာဆိုရင် အခုမြင်တွေ့နေရတဲ့ ပုံစံမျိုး လုံးဝမဟုတ်တော့ပါဘူး။ သေချာပါတယ်။ ဒေသရဲ့ အခြေခံ အဆောက်အအုံတွေပဲဖြစ်ဖြစ်၊ တခြားစက်မှုလက်မှု လုပ်ငန်းတွေပဲဖြစ်ဖြစ် အားလုံးတိုးတက်လာကြမှာပါ။ ဒေသခံ ပြည်သူတွေဟာလည်း အဲ့ဒီအချိန်ကျရင် ဒုတိယမျိုးဆက်၊ တတိယမျိုးဆက်တွေ ရှိလာပါပြီ။ သူတို့တွေရဲ့ ပညာရေး အဆင့်အတန်း၊ ဘ၀အဆင့်အတန်းတွေဟာ အရမ်းမြင့်တက်လာမှာပါ။ သူတို့တွေဟာ ပိုပြီးသစ်လွင်တဲ့၊ လိုက်လျောညီထွေမှုရှိတဲ့ နေထိုင်မှုဘ၀ကို ရရှိလာကြပါပြီ။ လယ်ယာလုပ်ငန်းကို အဓိကထား လုပ်ဆောင်တဲ့သူတွေ မဟုတ်နိုင်တော့ပါဘူး။
နံပါတ် (၃) ကတော့ အဘက်ဘက်က တာဝန်ခွဲခြားယူမှု ဖြစ်ပါတယ်။ ကျွန်တော် အခေါက်ပေါင်း ထပ်တလဲလဲ ပြောပြီးပါပြီ။ ကျွန်တော်တို့ကုမ္ပဏီရဲ့တန်ဖိုး ဒါမှမဟုတ် စည်းမျဉ်း (principle) က maximized shareholder value မဟုတ်ပါဘူး။ ကျွန်တော်တို့က maximized stakeholder value နဲ့ သွားချင်တာပါ။ အစိုးရ၊ ပါတနာ (ဦးပိုင်)နဲ့ ဒေသလူမှု အသိုက်အ၀ိုင်း (community) တို့ ပါဝင်ပြီးပေါ့၊ ကျွန်တော်တို့ CSR လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေက ဒေသခံတွေကို အမှန်တကယ် အကျိုးဖြစ်ထွန်းစေခဲ့ပါတယ်။ ဒေသခံတွေက ကျွန်တော်တို့ကို ယုံကြည်လာနေပါတယ်။ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ကူညီပံ့ပိုးကြပါတယ်။ ဒါဟာ ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ဆက်ဆံရေး တည်ဆောက်ထားလို့ပါ။ ဒါကြောင့် ကျွန်တော်ပြောချင်တာက စီမံကိန်းမှာ အကျိုးစီးပွား ပါဝင်ပတ်သက်နေတဲ့ stakeholder (အစိုးရ၊ ဦးပိုင်နဲ့ ကုမ္ပဏီ၊ ဒေသခံတွေ) အားလုံးက ကိုယ့်တာဝန်ကိုယ် ကျေပွန်ဖို့လိုပြီး တကယ့်ကို ထိရောက်တဲ့ ပူးပေါင်းလုပ်ကိုင်မှုတွေ ပြုလုပ်ပြီး ဒေသခံရွာသားတွေရဲ့ တောင်းဆိုချက်တွေကို ဖြေရှင်းပေးဖို့ လိုအပ်ပါတယ်။ တကယ်တော့ ဒေသခံတွေကိုယ်တိုင် ပူးပေါင်းပါဝင်ဖို့ပေါ့။
တချို့ဒေသခံတွေက ရေတိုဖြစ်တဲ့ လျော်ကြေးထောက်ပံ့ကြေး ငွေသားကိုပဲ အလေးထားကြတယ်၊ ဒါပေမဲ့ လျော်ကြေးပေးအပ်မှုဆိုတာ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ရေတိုဖြေရှင်းနည်းပါပဲ။ စံချိန်သတ်မှတ်မှု တစ်ခုပဲ ရှိပါတယ်။ ဒါကို အကန့်အသတ်မရှိ ဆက်တိုက်တိုးမြှင့်ပေးဖို့၊ လုပ်ဆောင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ရေရှည်ကိုသာ မစဉ်းစားဘူးဆိုရင် ဖြေရှင်းနိုင်မယ့်နည်းလမ်း ရှာတွေ့နိုင်မှာ မဟုတ်ပါဘူး။
ခုတစ်လော ပြောင်းလဲမှုတွေ ရှိပါတယ်။ အရင်တုန်းက ကျွန်တော်တို့ စီမံကိန်းကို တစ်ချိန်လုံး ဆန့်ကျင်ကန့်ကွက်နေတဲ့ သူတွေမှာ ပြောင်းလဲလာမှုတွေ ရှိပါတယ်။ အရင်တုန်းက ကန့်ကွက်ခဲ့ကြတဲ့ ရွာသားတချို့က ဒီစီမံကိန်းကို ဘယ်လိုပိုမိုကောင်းမွန်အောင် ဆက်လက်သွားသင့်သလဲဆိုတာ တွေ့ဆုံဆွေးနွေးဖို့ လုံးဝလက်မခံခဲ့ရာကနေ၊ စီမံကိန်း လုံးဝရပ်ဆိုင်းဖို့ပဲ တောင်းဆိုနေကြရာကနေ စတင်ပြောင်းလဲ လာနေပါပြီ။ အခုဆိုရင် စီမံကိန်းရပ်ဆိုင်းဖို့ တောင်းဆိုမှုတွေ တော်တော်နည်းပါး သွားခဲ့ပါပြီ။ ရေရှည် အကျိုးစီးပွားတွေအတွက် ဆွေးနွေးလို့ ရလာပါပြီ။ ၀က်မှေး၊ ဆည်တည်း၊ ဇီးတော၊ တုံ၊ မိုးကြိုးပြင် စတဲ့ရွာတွေဟာ ညှိနှိုင်းဆွေးနွေးမှုတွေ ရှိလာပါတယ်။ ဒါဟာ အရမ်းကောင်းတဲ့ တိုးတက်လုပ်ဆောင်မှုတွေပါ။ ကျွန်တော့်အထင် ဒါဟာ ကျွန်တော်တို့ communication ရဲ့ရလဒ် ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အားလုံးက ကျွန်တော်တို့ လုပ်ဆောင်ပေးနေတဲ့ CSR လုပ်ငန်းတွေကို အမြဲတစေ မြင်တွေ့နေရတာရယ်၊ ကျွန်တော်တို့ရဲ့ စိတ်ရင်းစေတနာကို နားလည်လာတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့လည်း သူတို့ဆီက စီမံကိန်းနဲ့ ပတ်သက်ပြီး အပြုသဘောဆောင်ပြီး ဖြေရှင်းနိုင်မယ့် သဘာဝကျတဲ့ အကြံပေးချက်တွေကိုလည်း နားထောင်ချင်ပါသေးတယ်။ တကယ်လို့ သူတို့မှာသာ အကြံဉာဏ်ကောင်းရှိရင် ကျွန်တော်တို့ ဆွေးနွေးနှီးနှောသွားမှာပါပဲ။ ခင်ဗျားရဲ့မေးခွန်းက အရမ်းကြီးမားလို့ ကျွန်တော်ဒီလောက်အများကြီး ပြောရခြင်း ဖြစ်ပါတယ်။
မေး။ အဲ့ဒါဆိုရင် အပေါ်မှာ ကျွန်တော်မေးတဲ့ ပြည်သူတွေရဲ့ စိုးရိမ်မှုတွေကို ဖြေရှင်းပေးဖို့ အစိုးရရော၊ မြန်မာ့စီးပွားရေးဦးပိုင်မှာရော၊ ၀မ်ပေါင်ကုမ္ပဏီမှာပါ တာဝန်ရှိတယ်လို့ ပြောချင်တာပေါ့။ တာဝန်ရှိတယ်လို့ ပြောချင်တယ်ဆိုရင် မြန်မာ့စီးပွားရေးဦးပိုင် ယူထားတဲ့ အခန်းကဏ္ဍကို ပြောပြပေးပါ။ သူလုပ်ဆောင်ရမယ့် တာဝန်တွေက ဘာတွေလဲ။
ဖြေ။ မဟုတ်ပါဘူး။ သူ့မှာလည်း သူ့တာဝန်ယူမှုနဲ့ သူပါပဲ။ မြေယာလျော်ကြေးပေးအပ်ရေး၊ ဒေသခံတွေကို ပြန်လည်နေရာချထားရေးတာဝန်၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ကို နည်းလမ်းကျသင့်တော်တဲ့ စီစဉ်မှုတစ်ခုလို့ ကျွန်တော်တို့ နားလည်ထားပါတယ်။ မြန်မာပြည်မှာ ဘယ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စီမံကိန်းမဆို အထူးသဖြင့် ရေနံ၊ သဘာဝဓာတ်ငွေ့ ဒါမှမဟုတ် သတ္တုတွင်းလုပ်ငန်း အားလုံးမှာ လုပ်တော့မယ်ဆိုရင် ပြည်တွင်းကုမ္ပဏီ ပါတနာတစ်ခုက ပူးပေါင်းလုပ်ဆောင်ရမယ်ဆိုပြီး (သတ်မှတ်) တောင်းဆိုထားပါတယ်။ ဒါဟာ တရားဥပဒေကနေ တောင်းဆိုထားတာပါ။ ဒီစီမံကိန်းတင်မှ မဟုတ်ပါဘူး။ စီမံကိန်းအားလုံးရဲ့ လိုအပ်ချက် တောင်းဆိုချက်ပါ။ ကျွန်တော်တို့ စီမံကိန်းမှာကျတော့ ပြည်တွင်းကုမ္ပဏီနှစ်ခု ရှိပါတယ်။ တစ်ခုက အမှတ် (၁) သတ္တုတွင်းလုပ်ငန်း၊ တစ်ခုက ဦးပိုင်ပါ။ ဒီကုမ္ပဏီနှစ်ခုစလုံးက နိုင်ငံတော်ရဲ့ ကိုယ်စားပြုပါ။ ပြည်သူတွေရဲ့ ကိုယ်စားပြုလည်း ဖြစ်ပါတယ်။ အားလုံးက မြန်မာဘက်က ကိုယ်စားလှယ်တွေပါပဲ။ ကျွန်တော်တို့ဘက်က ပြောရမယ်ဆိုရင်တော့ အားလုံးက ကျွန်တော်တို့ရဲ့ (စီးပွားဖက်) ပူးပေါင်းလုပ်ကိုင်တဲ့ ပါတနာတွေပါ ပဲ။ သူတို့ အဓိက တာဝန်ယူတဲ့ အပိုင်းကတော့ မြေယာလျော်ကြေးပေးအပ်ရေး၊ ဒေသခံတွေကို နေရာပြန်လည်ချထားရေးစတဲ့ လူမှုအသိုင်းအ၀ိုင်း ကိစ္စတွေပါ။ ကျွန်တော်တို့ စီမံကိန်းမှာမှ ဒီလိုအခြေအနေမျိုးရှိတာ မဟုတ်ပါဘူး။ စီမံကိန်းအားလုံးမှာပါ။ ဒါဟာ အစိုးရက နိုင်ငံတော်ရဲ့ အကျိုးအမြတ်ကို တတ်နိုင်သလောက် ကာကွယ်ပေးဖို့အတွက် သဘာဝကျတဲ့ စီစဉ်မှုဖြစ်တယ်လို့ ကျွန်တော်တို့အနေနဲ့ နားလည်ပါတယ်။ မြေငှားတာ အပါအ၀င်ပေါ့။ ကျွန်တော်တို့ မြေငှားလို့ မရပါဘူး။ ကျွန်တော်တို့က ပါတနာကနေတစ်ဆင့်ပဲ ငှားရမ်းလို့ရပါတယ်။ ဒါကြောင့် ဒါဟာ တရားဥပဒေအရ နိုင်ငံတော်ရဲ့ စီစဉ်မှုပဲ ဖြစ်ပါတယ်။ ဒီစီမံကိန်းကြောင့်ရယ်ဆိုပြီး အထူးတလည် ပတ်သက်နေတာမျိုး မဟုတ်ပါဘူး၊ ကျွန်တော်တို့ ထင်တာတော့ သူတို့ရဲ့ အဓိကတာဝန်က ကျွန်တော်တို့ကို ကူညီပြီး ဒီလူမှုရေး ပြဿနာကိစ္စတွေကို ဖြေရှင်းပေးဖို့ပါပဲ။ ဒီမေးခွန်းက အရမ်း sensitive ဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်က မီဒီယာတွေကို ပွင့်ပွင့်လင်းလင်း ဖြေကြားတာဖြစ်ပါတယ်။ ဒါကြောင့် သတင်းထည့်သွင်း ရေးသားမယ်ဆိုရင် သေသေချာချာ ရှင်းရှင်းလင်းလင်း ရေးသားပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။ တစ်ခုခု အဓိပ္ပာယ် လွဲမှားတိမ်းစောင်းလို့ မရပါဘူး၊ ယေဘုယျအားဖြင့် ကြည့်မယ်ဆိုရင်တော့ ကျွန်တော့်ပါတနာ (လုပ်ဖော်ကိုင်ဖက်) ဟာ တစ်ခုတည်းပါပဲ မြန်မာနိုင်ငံပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံတော် ကိုယ်စားပြုတော့ ရှိကိုရှိရမှာပဲ မဟုတ်လား။ ဒါဆို နိုင်ငံ့ကိုယ်စားပြုဆိုတာ ဘယ်သူလဲ။ စာချုပ်အရဆိုရင် ကျွန်တော်နဲ့ ဘယ်သူလက်မှတ်ထိုးမှာလဲ ဆိုတာပါပဲ၊ စာချုပ်မှာ လက်မှတ်ထိုးတာက ME (၁) နဲ့ MEHL (ဦးပိုင်) ပါ၊ ဒါကြောင့် သူတို့ဟာ မြန်မာနိုင်ငံရဲ့ ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့နောက်မှာဆိုရင်တော့ ကျွန်တော့်အထင် မြန်မာနိုင်ငံရဲ့ အကြီးဆုံး ကိုယ်စားလှယ်ကတော့ အစိုးရပဲ ဖြစ်မှာပါ။ ဒီစီမံကိန်းက အကျိုးအမြတ် ၅၁ ရာခိုင်နှုန်းကိုလည်း အစိုးရက ယူထားပြီးသား ဖြစ်ပါတယ်။ ဒါကြောင့်လည်း မေးခွန်းက အရမ်း sensitive ဖြစ်တယ်လို့ ကျွန်တော်ပြောတာ ဖြစ်ပါတယ်။ ကျွန်တော် ဒီလိုမျိုး ဖြေကြားရတာကိုလည်း အရမ်းဝမ်းသာမိပါတယ်။ (မြန်မာ) ပြည်သူလူထုရဲ့ အကျိုးအတွက် တရားမျှတစွာ ရှင်းရှင်းလင်းလင်း ရေးသားပေးကြဖို့ လိုပါတယ်။
Local
Show commentsOpen link

posted from Bloggeroid
No comments:
Post a Comment