အဆုံးအဖြတ်
by htikeaung
Eleven Daily NewsYesterday, 03:05
Written by:
မောင်တင်ဦး
ရန်ကုန်မြို့တွင် ဧပြီ ၅ ရက်က စတင်ပြုလုပ်သည့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲမြင်ကွင်း
ဝေခွဲရခက်တယ်
လူတစ်ဦးတစ်ယောက်ဟာ လောကထဲမှာ ဝေခွဲရခက်ခဲတဲ့ အလှည့်အပြောင်းကို အနည်းဆုံး တစ်ခုမက ကြုံခဲ့ရမှာပါ။ ဘယ်သူ့ကို ဦးစားပေးဆုံးဖြတ်မလဲ။ ဘာကိုရည်ရွယ်ပြီး ဆုံးဖြတ်မလဲ။ ဆုံးဖြတ်ချက်အပေါ်မှာ ဘယ်သူတွေ နစ်နာမလဲ။ ဘယ်သူတွေ သက်သာမလဲ။ ကောင်းကျိုးကဘာလဲ။ ဆိုးကျိုးကဘာလဲ။ စဉ်းစားတတ်လေ။ ဝေခွဲရခက်လေပါပဲ။
နှလုံးရောဂါ အခံရှိတဲ့ အမေက သမီးကို သူမ (အမေ) သဘောတူသူနဲ့ ပေးစားဖို့ ပြင်ဆင်နေတယ်။ သမီးကလည်း သူ့ချစ်သူနဲ့ သစ္စာတိုင်တည် ချစ်သဒ္ဓါ ပြိုင်ခဲ့ပြီးပြီ။
သမီး ဘယ်လိုဆုံးဖြတ်မလဲ။ အမှန်တရားက ဘာလဲ။ ဝေခွဲရခက်ပြီ။ ပြောတတ်သူတွေ ပြောတဲ့စကားက ‘ဟဲ့ အမေက အစားထိုးလို့ မရဘူး။ နင့်လင်က အစားထိုးလို့ ရတယ်။’
သူပြောတာလည်း ဟုတ်နိုးနိုးပါ။ ဒါပေမဲ့လည်း နောက်တစ်ယောက်က ‘အမေကတော့ အစားထိုး မရဘူးပေါ့။ ဒါပေမဲ့ အမေဆိုတာ သင်္ခါရသဘောတရားအရ နင့်ကိုထားခဲ့ရမှာပဲ။ အဲဒီတော့ နင်မချစ် မနှစ်သက်တဲ့သူရဲ့ ရင်ခွင်ထဲမှာ စိတ်ဆင်းရဲရဲနဲ့ တစ်သက်လုံး နေနိုင်မှာလား။’ ဟင့်အင်း မနေနိုင်ပါဘူး။ ကျွန်မချစ်သူရဲ့ သစ္စာ၊ မေတ္တာကမှ တစ်သက်လုံး အေးမြနေမှာပါ။
ကိုင်းဒါဆို ဘယ်လိုဆုံးဖြတ်မလဲ။ တကယ်တော့ လူတော်တော်များများဟာ အမှန်တရားတွေ အများကြီး ဖြစ်လာရင် ဘာကိုဆုံးဖြတ်ရမှန်း ဝေခွဲမရတတ်ကြပါဘူး။
နောက်ဆုံး emotion ပေါ်မူတည်ပြီး မျက်စိမှိတ် ဆုံးဖြတ်လိုက်ကြပါတယ်။ တစ်ခါတလေ issue တစ်ခုဟာ လူအများအတွက် အမြင်အမျိုးမျိုး ဖြစ်စေပါတယ်။ မိမိအမြင်နဲ့ မိမိမှန်တယ်ထင်တဲ့ အဆိုတွေ အသီးသီး ရှိနေကြပါတယ်။ point of view တွေက မတူကြပါဘူး။
မှန်တဲ့ဆုံးဖြတ်ချက်က တိုင်းပြည်အပြောင်းအလဲကို သိပ်မသိသာစေပေမယ့် မှားတဲ့ဆုံးဖြတ်ချက် ချမိရင်တော့ တိုင်းပြည်အပြောင်းအလဲကို အများကြီး ထိခိုက်စေပါတယ်။ တိုင်းပြည်ပျက်သည်အထိ ဖြစ်စေနိုင်ပါတယ်။ တိုင်းပြည်ပျက်တယ်ဆိုတာ တိုင်းပြည်ကြီးပျောက်ပျက်သွားတာ မဟုတ်ပါဘူး။ တိုင်းပြည်ကြီး ရှိလျက်နဲ့ မတိုးတက်ဘဲ ဆုတ်ယုတ်နေပြီး လူတွေလူလိုမနေရ ပညာမဲ့၊ ကျန်းမာရေးလူတမ်းစေ့ မနေထိုင်ရခြင်းတွေ ဖြစ်ပါတယ် . . . . .
လူမှုရေး၊ မိသားစုရေးမှာ issue ဟာ ရှုပ်ထွေးနေတတ်ပါတယ်။ အချစ်တွေ၊ သစ္စာတွေ၊ သံယောဇဉ်တွေနဲ့ နှောင်ဖွဲ့နေပြီး အမှန်တရားဟာ မှေးမှိန်နေပါတယ်။ အမှန်တရား ဆိုတာကလည်း Conditional လိုက်ပြီး ပြောင်းလဲနေလေတော့ အမှန်တရား ဆိုတာကို လိုသလို ဆွဲယူကြတာပါပဲ။ အမှန်တရားဟာ အင်အားကြီးသူ ဘက်မှာလား။ အာဏာရှိသူ ဘက်မှာလား။ ငွေကြေးကြွယ်ဝသူ ဘက်မှာလား။ မိုက်ရဲသူဘက်မှာလား။ မိသားစုအတွင်းမှာဖြစ်တဲ့ ပြဿနာက မိသားစုအတွင်းမှာပဲ ဖြေရှင်းသွားနိုင်ပါတယ်။
ဒါပေမဲ့ နိုင်ငံရေးပြဿနာက လူမှုရေးပြဿနာထက် ပိုမိုနက်ရှိုင်းပါတယ်။ ဆုံးဖြတ်ချက်တစ်ခုက ပါတီတစ်ခုလုံး၊ တိုင်းပြည်တစ်ခုလုံး လူမျိုးစုတစ်ခုလုံးကို ပတ်သက်နေတတ်ပါတယ်။ ဆုံးဖြတ်ချက် မှန်သွားတာထက် ဆုံးဖြတ်ချက် မှားသွားတာက ပိုအရေးကြီးပါတယ်။ ဆုံးဖြတ်ချက်မှားလို့ အဆင်းရဲဆုံး တိုင်းပြည်ဘ၀ကို ရောက်ခဲ့တာဟာ ယနေ့ထိ ပြန်ဆွဲတင်လို့ မရသေးပါဘူး။ ချောက်ထဲကျဖို့ လက်နှစ်လုံးအလိုဆိုတဲ့ အမှားရလဒ်ကို အမှန်လုပ်ခဲ့တဲ့အတွက် ပေးဆပ်လို့ မကုန်နိုင်သေးပါဘူး။ အမှားဆိုတာကို အမှန်လို့ စွဲလမ်းယုံကြည်သွားသူအတွက် ခဲဖျက်နဲ့ပြန်ဖျက်ရုံနဲ့ အမှားဟာ လွယ်လွယ်ကူကူ ပျောက်မသွားနိုင်ပါဘူး။
မှန်တဲ့ဆုံးဖြတ်ချက်က တိုင်းပြည်အပြောင်းအလဲကို သိပ်မသိသာစေပေမယ့် မှားတဲ့ဆုံးဖြတ်ချက် ချမိရင်တော့ တိုင်းပြည်အပြောင်းအလဲကို အများကြီး ထိခိုက်စေပါတယ်။ တိုင်းပြည်ပျက်သည်အထိ ဖြစ်စေနိုင်ပါတယ်။ တိုင်းပြည်ပျက်တယ်ဆိုတာ တိုင်းပြည်ကြီးပျောက်ပျက်သွားတာ မဟုတ်ပါဘူး။ တိုင်းပြည်ကြီး ရှိလျက်နဲ့ မတိုးတက်ဘဲ ဆုတ်ယုတ်နေပြီး လူတွေလူလိုမနေရ ပညာမဲ့၊ ကျန်းမာရေးလူတမ်းစေ့ မနေထိုင်ရခြင်းတွေ ဖြစ်ပါတယ်။
ဆုံးဖြတ်ရမယ့် အကြောင်းအရာ
ဆုံးဖြတ်ရမယ့် အကြောင်းအရာ သိမ်မွေ့လေလေ၊ ခက်ခဲလေလေပါပဲ။ Win-Win Theory ဖြစ်ဖို့ နည်းလမ်းရှာရတာဟာ လက်တွေ့နယ်ပယ်မှာ အခက်ခဲဆုံးပါပဲ။ စင်စစ် ဆုံးဖြတ်ချက်ဟာ Win-Win Theory မဖြစ်နိုင်တော့မယ့် အခြေအနေပါ။ ဒီလိုအခြေအနေမှာ ဘာပဲ ဆုံးဖြတ်၊ ဆုံးဖြတ် တစ်ဖက်ဖက်ကို ထိခိုက်တော့မှာ ဖြစ်ပါတယ်။ ဒါဆို ထိခိုက်မှု အနည်းဆုံးဖြစ်မယ့် ဆုံးဖြတ်ချက်ကို ချရတော့မှာ ဖြစ်ပါတယ်။ ဒီတစ်ခါ ဆုံးဖြတ်ရမယ့် အချက်ကို ဗဟိုချက်တစ်ခုစီ ဦးတည်ကြရပါမယ်။ ဆုံးဖြတ်ချက်ချလို့ ဖြစ်နိုင်ခြေ ပေါများစွာကို ပွင့်လင်းရဲဝံ့စွာ ချပြရပါမယ်။ ဒီလိုဆုံးဖြတ်ရင် ကိုယ်ဘာတွေ နစ်နာနိုင်တယ်။ ဘယ်လောက်အထိ နစ်နာနိုင်တယ်။ ဒီနည်းနဲ့ဆုံး ဖြတ်ရမယ့် အကြောင်းအရာကို ပါဝင်ပတ်သက်နေသူအားလုံး သိခွင့်ရှိရပါမယ်။
ဆုံးဖြတ်မယ့် ပုဂ္ဂိုလ်
ဒီနေရာမှာ ဆုံးဖြတ်မယ့်ပုဂ္ဂိုလ် (များ)ရဲ့ ကဏ္ဍဟာ အရေးပါလာပြန်ပါတယ်။ ပုဂ္ဂိုလ်တစ်ဦးတည်းက ဆုံးဖြတ်ရမယ့် အကြောင်းအရာ ဖြစ်နေရင် ဆုံးဖြတ်မယ့်ပုဂ္ဂိုလ်ရဲ့ အစွဲ၊ ဘက်လိုက်မှုဟာ ဆုံးဖြတ်မယ့် အကြောင်းအရာပေါ်မှာ ရာခိုင်နှုန်းများစွာ သက်ရောက်နေပါတယ်။
အိမ်တစ်အိမ်မှာ အိမ်ထောင်ဦးစီး (အဖေ)ရဲ့ ဆုံးဖြတ်ချက်ဟာ မှီခိုနေတဲ့ ဇနီး၊ သား၊ သမီးအားလုံးအပေါ် သက်ရောက်ပါတယ်။ ကိုယ့်ဆုံးဖြတ်ချက်ဟာ ကိုယ်လွတ်ရုန်း ဆုံးဖြတ်ချက်ဖြစ်လို့ မရပါဘူး။ ဇနီးကို ဘယ်လောက်ထိခိုက်မလဲ။ အကျိုးပြုမလဲ။ သား၊ သမီးတွေကို ဘယ်လောက်ထိခိုက်မလဲ။ အကျိုးပြုမလဲ။ ရေတိုအကျိုးဆက်၊ ရေရှည်အကျိုးဆက်တွေကို လက်တွေ့ကျ ကျ ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်ပြီးမှ ဆုံးဖြတ်ရပါမယ်။
တိုင်းပြည်ခေါင်းဆောင်များရဲ့ ဆုံးဖြတ်ချက်ကလည်း နိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်သူတစ်ရပ်လုံးကို အကျိုးသက်ရောက်စေမှာ ဖြစ်ပါတယ်။ မိမိတစ်ယောက်၊ မိမိတစ်ဖွဲ့တည်းအတွက် ကွက်ကွက်လေးစဉ်းစားလို့ မရပါဘူး။
၁၉၆၂ ခုနှစ်က ခေါင်းဆောင်တစ်ဦးရဲ့ ဆုံးဖြတ်ချက်ဟာ ယနေ့ထိ ဆင်းရဲတွင်းနက်မှု အကျိုးဆက်ကို ခံစားနေကြရဆဲ ဖြစ်ပါတယ်။ ပြန်အဖတ်ဆယ် ကယ်တင်ဖို့ စဉ်းစားကြပေမယ့် ကိုယ့်အတ္တကို မလျှော့နိုင်ကြသေးတော့ အဆုံးအဖြတ်ဟာ ခက်ခဲနေဦးမှာပါ။
ဆုံးဖြတ်ချိန်ရောက်ပြီ
ဘ၀မှာ မလွဲမသွေ ဆုံးဖြတ်ရမယ့်အချိန် ရောက်ပြီဆို ဘယ်လိုစဉ်းစား ဆုံးဖြတ်မလဲ။ ကလေးမမွေးနိုင်သေးလို့ အသက်လုနေရတဲ့ မိခင်ရဲ့ ရဲရင့်ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကို ဘယ်သူလိုက်မီမှာလဲ။ ‘ကလေးကိုပဲ အရယူပါ။ ကျွန်မသေချင်သေပါစေ’ တဲ့။ ကြက်သီးမွေးညင်းထစေတဲ့ ဆုံးဖြတ်ချက်ပါ။
ဒီလို မိမိဘ၀ကို လဲရဲတဲ့ ဆုံးဖြတ်ချက်မျိုးချနိုင်တဲ့ ပုဂ္ဂိုလ်မျိုးမှ တိုင်းပြည်ချမ်းသာမှာပါ။ အသက်သွေးချွေး အစဉ်မနှေး ပေးဆပ်သည်မှာ...ဘယ်သူဖြစ်မလဲ။ တိုင်းပြည်အတွက် အသက်ပင်ပေးဆပ်ရဲတဲ့ အာဇာနည်ဆိုတာ တစ်ခေတ်မှာ တစ်ခါပဲပေါ်ခဲ့တယ်။
တကယ်ဆိုတော့ အသက်ပေးစရာ မလိုပါဘူး။ ဘ၀ပျက်စရာ မလိုပါဘူး။ အခြေအနေ ယိုင်နဲ့သွားစရာ မလိုပါဘူး။ သမိုင်းမှာ သိက္ခာရှိသွားမယ့် ဆုံးဖြတ်ချက်ကို ချရမှာပါ။ နတ်လူသာဓုခေါ်မယ့် ဆုံးဖြတ်ချက်ကို ချရမှာပါ။ ပြည်သူတစ်ရပ်လုံးကို အကျိုးပြုမယ့် ဆုံးဖြတ်ချက်ကို ချရမှာပါ။ ဒါကြောင့် ရဲရဲဝံ့ဝံ့ ဆုံးဖြတ်လိုက်ပါ။ မိမိရဲ့ ဆုံးဖြတ်ချက်ဟာ လတ်တလော မှားတယ်လို့ ရှုမြင်နေသူတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ မိမိဆုံးဖြတ်ချက်ထဲမှာ အမှန်ကို သိမြင်နိုင်မှု၊ စွန့်လွှတ်အနစ်နာခံမှု၊ သဘောထားကြီးမှု၊ တိုင်းပြည်နဲ့ ပြည်သူများအပေါ် ပေးဆပ်လိုမှု၊ ရေရှည်အကျိုး မျှော်ကိုးတတ်မှု စတဲ့မြင့်မြတ်တဲ့ သူရဲကောင်းစိတ်ဓာတ်တွေ ထုံမွမ်းနေမှာဖြစ်သလို နတ်၊ လူ သာဓုခေါ်ကြမှာလည်း ဖြစ်ပါတယ်။
အဲဒီ ဆုံးဖြတ်ချက်ဟာ မြန်မာပြည်ကို ဆင်ရဲတွင်းမှ ကယ်ထုတ်ပေးနိုင်မှာပါ။
အကယ်၍ ဆုံးဖြတ်ချက်ချရန် ခက်ခဲနေတယ်ဆိုရင် မိလိန္ဒမင်းရဲ့ စိတ်ကိုပြုပြင်ခြင်း ရှစ်ချက်ကို ကိုးကားတင်ပြလိုပါတယ်။
၁။ ခုနစ်ရက်အတွင်း မင်းကိစ္စ မပြုတော့ပြီ။ (ခေတ္တအာဏာ လက်လွှတ်ကြည့်ခြင်း။ အာဏာလက်လွှတ်လိုက်ရင် ဖြစ်လာမယ့် အကျိုးဆက်ကို မှန်းဆကြည့်ခြင်း။ အမှန်တကယ် အာဏာလက်လွှတ်ရဲလားလို့ မိမိကိုယ်ကိုယ် ဆန်းစစ်ကြည့်ခြင်း။ ဘုရင်လို လူရိုသေ၊ ရှင်ရိုသေ၊ အခွင့်ထူးခံဘ၀မှ သာမန်လူလို နေကြည့်ခြင်း။)
၂။ ရာဂစိတ်ကို မဖြစ်အောင် စောင့်စည်းမည်။ (မိမိပိုင် စည်းစိမ်ဥစ္စာ၊ အဆောင်အယောင်၊ လူမိန်းမ စသည်တို့ကို တပ်မက်စွဲလမ်းခြင်းအား ထိန်းသိမ်းခြင်း)။
၃။ ဒေါသစိတ်ကို မဖြစ်အောင် စောင့်စည်းမည်။ (အလိုမကျ၊ အလိုမပြည့်ခြင်းတို့ကို စိတ်လိုက်မာန်ပါ ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးတို့ နေရာဒေသမရွေး ကြမ်းကြမ်းတမ်းတမ်း တုံ့ပြန်ခြင်းအား ထိန်းသိမ်းခြင်း)။
၎။ မောဟစိတ်ကို မဖြစ်အောင် စောင့်စည်းမည်။ (မောဟစိတ်ဆိုတာ မသိတတ်ခြင်းလို့ ဆိုပါတယ်။ မသိတတ်ခြင်းကြောင့် အမှန်ကိုမသိခြင်း၊ ပြည်သူ့အကျိုးကို မသိခြင်း၊ မိမိအတ္တနှင့်ယှဉ်သော အကျိုးတစ်ခုတည်းကို ကြည့်ခြင်းတို့ကို ပိုင်းခြားသိရှိ ထိန်းသိမ်းနိုင်ခြင်း။)
၅။ ကျေးတော်၊ ကျွန်တော်၊ အလုပ်သမား၊ အမှုတော်ထမ်းများ အပေါ်၌သော် လည်းကောင်း၊ စိတ်ကိုမာန်မာန မဖြစ်အောင် စောင့်စည်းမည်။ (အမိန့်ပေးတတ်တဲ့ အကျင့်စရိုက်ကို မိမိဘာသာ ရိုက်ချိုးနိုင်ပြီလား။ အမိန့်အာဏာအပေါ် ယစ်မူးခြင်းမှ ရှောင်ကြဉ်နိုင်ပြီလား။
၆။ ကိုယ်မှု၊ နှုတ်မှုထူးခြားစွာ စောင့်စည်းမည်။ (ကိုယ်မှု၊ နှုတ်မှု မစောင့်စည်းနိုင်တဲ့ ပုဂ္ဂိုလ်တွေ များနေတဲ့ အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုဟာ မြင့်မြတ်နိုင်ပါ့မလား။)
၇။ မြင်ရ၊ ကြားရ၊ တွေ့ရ၊ သိရသမျှသော အာရုံများအတွက် အကုသိုလ်မဖြစ်အောင် မျက်စိ၊ နားစသော ဣနြေ္ဒများကို စောင့်စည်းမည်။ (ပြည်သူတွေရဲ့ ဘ၀ကို အမှန်တကယ် ထဲထဲဝင်ဝင်ကြည့်မိရင် အကုသိုလ်ဖြစ်စရာတွေ တစ်ပုံတစ်ပင်ကြီးပါ။ စားရမဲ့ သောက်ရမဲ့ဘ၀၊ ကျန်းမာရေးချို့တဲ့တဲ့ ဘ၀၊ ပညာမဲ့၊ အတွေးအခေါ်မဲ့ဘ၀ စတဲ့ ဘ၀စုံကို အကုသိုလ်မဖြစ်အောင် ကြည့်နိုင်ပါ့မလား။)
၈။ အားလုံးသော သတ္တ၀ါတို့ အပေါ်မှာ မေတ္တာစိတ်ထားမည်။ (အလွန်ခက်ခဲနက်နဲတဲ့ စိတ်ထားပါ။ အားလုံးသော သတ္တ၀ါဆိုတာ လူသားအားလုံး၊ ပြည်သူအများ ဆူကြုံနိမ့်မြင့် အဆင့်အတန်းမရွေးအပေါ်မှာ တစ်ပြေးညီ မေတ္တာထားရမှာဆိုတော့ လွယ်ကူတဲ့ လုပ်ရပ်တော့ မဟုတ်ပါဘူး။)
ဖော်ပြပါအတိုင်း ဆုံးဖြတ်ချက်ချရမယ့် နေရာကို ရောက်နေသူတိုင်း စိတ်ကိုပြုပြင်ပြီး ဆုံးဖြတ်ချက်ချခဲ့မယ်ဆိုရင် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီး မလွဲမသွေ ပေါ်ပေါက်လာမည်ဟု ယုံကြည်မိပါကြောင်း။
Opinion
Show commentsOpen link

posted from Bloggeroid
No comments:
Post a Comment