Monday, April 7, 2014

သင်္ကြန်းတွင်ဆန္ဒပြမည့်မိချောင်းကန်

မသိမ်းခံရမှုကြောင့် မိကျောင်းကန်သပိတ်စခန်းဖွင့် ဆန္ဒပြ တောင်းဆိုနေသူများအား သက်ဆိုင်ရာမှ ကတိက၀တ်ခံ၍ ညှိနှိုင်းဆောင်ရွက်ပေးမှု မရှိပါက သင်္ကြန်ကာလအတွင်းပါ ဆန္ဒပြတောင်းဆိုသွားမည်
by htikeaung
Eleven Daily NewsYesterday, 03:05
Written by: 
ဝေလင်းအောင်၊ အောင်ကျော်ထက်

သိမ်းဆည်းခံမြေ ပြန်လည်ရရှိရေးအတွက် မြို့တော်ခန်းမအားပတ်၍ ဆန္ဒဖော်ထုတ်နေသည်ကို ဧပြီ ၆ ရက် ညနေပိုင်းတွင် တွေ့ရစဉ်
ရန်ကုန်မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလ ပန်းခြံဘေးတွင် မြေအသိမ်းခံရမှုနှင့်ပတ်သက်၍ သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုနေသည့် မိချောင်းကန် ပြည်သူများအား သက်ဆိုင်ရာမှ ကတိက၀တ်ခံ၍ ညှိနှိုင်းဆောင်ရွက်ပေးမှု မရှိပါက သင်္ကြန်ကာလအတွင်းပါ ဆန္ဒပြ တောင်းဆိုသွားမည်ဖြစ်ကြောင်း ဆန္ဒပြသူများ၏ ပြောပြချက်အရ သိရသည်။

လက်ရှိအချိန်ထိ သက်ဆိုင်ရာမှ တိကျသေချာသည့် ညှိနှိုင်းဆောင်ရွက်မှု မရှိသေးသဖြင့် မြေသိမ်းခံရသူများ သပိတ်စခန်းဖွင့် ဆန္ဒပြ တောင်းဆိုနေရခြင်းဖြစ်ပြီး ဧပြီ ၅ ရက်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့သို့ မြေသိမ်းခံရမှုနှင့် ၎င်းတို့၏ နစ်နာမှုများကို ပြောကြားခွင့်ရရန်အတွက် သွားရောက်ခဲ့ကြကြောင်းလည်း သိရသည်။

ယင်းသို့ သွားရောက်ခဲ့ရာတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာရေးမကောင်းသဖြင့် တွေ့ဆုံနိုင်ခဲ့ခြင်း မရှိသော်သည်း ကျန်းမာရေးကောင်းသည့် အချိန်တွင် မိကျောင်းကန်သပိတ်စခန်းမှ ကော်မတီဝင်ငါးဦးနှင့် တွေ့ဆုံသွားမည်ဟု အကြောင်းပြန်ခဲ့ကြောင်း ဆန္ဒပြသူများက ဆိုသည်။

“အစိုးရပိုင်း တာဝန်ရှိသူတွေ အနေနဲ့ သင်္ကြန်မတိုင်မီ ဖြေရှင်းပေးမယ်လို့ ပြောခဲ့ဖူးတယ်။ သင်္ကြန်မရောက်မီအထိ ကျွန်တော်တို့အနေနဲ့ စောင့်မျှော်ရမှာပေါ့။ လာရောက် ဖြေရှင်းပေးမှု မရှိခဲ့ရင်တော့ သင်္ကြန်တွင်းလည်း ဆန္ဒထုတ်ဖော်သွားမှာပါ။ ကျွန်တော်တို့အနေနဲ့ ဆီးဂိမ်းစ်ကာလတုန်းက သပိတ်စခန်းဖွင့် ဆန္ဒပြတုန်းကလည်း တိုင်းပြည်ရဲ့ပုံရိပ်ကို ထိခိုက်မှာဆိုးလို့ဆိုပြီး သက်ဆိုင်ရာက တောင်းဆိုတဲ့အတွက် သပိတ်စခန်းကို ပိတ်ခဲ့တယ်။ ကျွန်တော်တို့ ပြည်သူတွေက တိုင်းပြည်အတွက် ကြည့်ခဲ့ပေမယ့် တိုင်းပြည်ကို အုပ်ချုပ်တဲ့ အစိုးရတာဝန်ရှိသူတွေက ဆန္ဒပြတောင်းဆိုနေတဲ့ ပြည်သူတွေအရေးကို မကြည့်ခဲ့ပါဘူး” ဟု ဆန္ဒပြခေါင်းဆောင် ဦးစိန်သန်းက ဧပြီ ၆ ရက်တွင် ပြောကြားခဲ့သည်။

ယင်းသို့ စစ်တပ်မှသိမ်းဆည်းထားသောမြေအား ပြန်လည်ရရှိရေးအတွက် သပိတ်စခန်းဖွင့် ဆန္ဒပြ တောင်းဆိုနေသည့်အပြင် နေ့စဉ်ညနေပိုင်း၌ မြို့တော်ခန်းမအားပတ်၍ ကျောက်တံတားမြို့အတွင်း ကြွေးကြော်သံများဖြင့် လမ်းလျှောက်ဆန္ဒပြလျက်ရှိကြောင်း သိရသည်။

သပိတ်စခန်းဖွင့် ဆန္ဒပြသူများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ ရန်ကုန်မြို့တော် ခန်းမအတွင်း ဧပြီ ၁ ရက်က တွေ့ဆုံညှိနှိုင်း ဆွေးနွေးခဲ့သော်လည်း နှစ်ဦးနှစ်ဖက် ပြေလည်မှု မရရှိခဲ့ကြောင်း သိရသည်။

Yangon news
Show commentsOpen link

posted from Bloggeroid

No comments:

Post a Comment