အစိုးရနှင့် NCCT တို့၏ ဆွေးနွေးပွဲမတိုင်မီ အစိုးရနှင့် ကေအိုင်အိုတို့ တွေ့ဆုံနိုင်ဖွယ်ရှိ
by htikeaung
Eleven Daily NewsToday, 01:20
Written by:
အောင်ဇော်ထွန်း
အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့သည် မေ ၂၀ ရက်ဝန်းကျင်တွင် တွေ့ဆုံရန် စီစဉ်ထားပြီး အဆိုပါဆွေးနွေးပွဲမတိုင်မီ အစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) တို့ တွေ့ဆုံဆွေးနွေးနိုင်ဖွယ်ရှိကြောင်း သတင်းရရှိသည်။
အစိုးရတပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ ထပ်မံမဖြစ်ပွားစေရန်အတွက် အစိုးရကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးနိုင်ရေး ကေအိုင်အိုဘက်မှ ဆောင်ရွက်နေသည်ဟု NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာက ပြောကြားသည်။
ကေအိုင်အိုဘက်က အစိုးရကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးရန် အဆိုပြုပေးပို့ လာသည့်စာအား ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းထံသို့ ဧပြီ ၂၉ ရက်တွင် ပေးပို့ထားပြီးဖြစ်သည်ဟု Myanmar Peace Center မှ ဦးလှမောင်ရွှေက ပြောကြားသည်။
နိုင်ငံတော်သမ္မတကိုယ်တိုင် တွေ့ဆုံဆွေးနွေးရေးသည်သာ ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နိုင်မည့် နည်းလမ်းဖြစ်သည်ဟု ပြောကြားထားမှုများရှိရာ အစိုးရနှင့် NCCT တို့၏ ဆွေးနွေးပွဲမတိုင်မီ အစိုးရကိုယ်စားလှယ်များနှင့် ကေအိုင်အိုအဖွဲ့ ကိုယ်စားလှယ်များသည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် တွေ့ဆုံဆွေးနွေးနိုင်ဖွယ်ရှိကြောင်း သိရသည်။
ကချင်ပြည်နယ်အတွင်း ယခုလ သင်္ကြန်ကာလ၀န်းကျင်က ဖြစ်ပွားခဲ့သော အစိုးရတပ်မတော်နှင့် ကေအိုင်အိုအဖွဲ့၏ ကချင်လွတ်လပ်ရေး တပ်မတော်တို့အကြား တိုက်ပွဲများကြောင့် တပ်မတော်ဘက်မှ ရှစ်ဦးကျဆုံးပြီး ၁၇ ဦးဒဏ်ရာရရှိကာ ကေအိုင်အေဘက်မှ ၁၄ ဦးကျဆုံးခဲ့ကြောင်း သိရသည်။
ကေအိုင်အိုအဖွဲ့သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး မပြုလုပ်နိုင်သေးသော်လည်း အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးမှု ဆောင်ရွက်နိုင်ရေး ညှိနှိုင်းမှုတွင် ပါဝင်ဆွေးနွေး ညှိနှိုင်းလျက်ရှိသည်။
Politic
Show commentsOpen link

posted from Bloggeroid
No comments:
Post a Comment