Monday, April 7, 2014

လွတ်လပ်စွာဆန္ဒပြခွင့်

ယူကရိန်းနိုင်ငံ ခရိုင်းမီးယားဒေသလို လူထုဆန္ဒခံယူပွဲ လုပ်ချင်တဲ့မြို့တွေမှာ ဆန္ဒပြပွဲတွေ ဖြစ်ပွား
by ဒီဗွီဘီ
DVBToday, 13:14
ရုရှားအစိုးရထောက်ခံသူ ဒါဇင်နဲ့ချီတဲ့ ဆန္ဒပြသမားတွေဟာ ယူကရိန်းနိုင်ငံရဲ့ အရှေ့ဘက်က ဒန်ညက်ဇ်မြို့နဲ့ လူဂန့်စ်မြို့တွေမှာ အစိုးရအဆောက်အဦတွေကို ဧပြီ ၆ ရက်နေ့က မွှေနှောက်ခဲ့ကြပါတယ်။

လူဂန့်စ်မြို့မှာတော့ ဆန္ဒပြသူတွေနဲ့ ရဲတွေကြား အဓိကရုဏ်း ဖြစ်ခဲ့ပြီး ဆန္ဒပြသူ ၂ ယောက်နဲ့ ရဲ ၁ ယောက် ဒဏ်ရာရပါတယ်။


ဓာတ်ပုံ – ရိုက်တာ

အစိုးရ လုံခြုံရေးဝန်ဆောင်မှုရုံးရဲ့ အပြင်ဘက်မှာ ရာနဲ့ချီတဲ့ လူတွေရဲ့ ပုံတွေနဲ့ အဓိကရုဏ်းနှိမ်နင်းရေးဒိုင်းကို ကိုင်ထားတဲ့ ရဲတယောက်ကို လူနာတင်စင်နဲ့ ထမ်းထုတ်သွားရတဲ့ ပုံတွေကို ယူကရိန်းရုပ်သံက ပြသပါတယ်။
သတင်းကြေညာသူက လူဂန့်စ်ဒေသခံ ဆန္ဒပြသူတွေဟာ သူတို့ဒေသအတွက် ကရိုင်းမီးယားလိုပဲ လူထုဆန္ဒခံယူပွဲ လုပ်ချင်နေတယ်လို့ ပြောပါတယ်။

ကရိုင်းမီးယားဒေသမှာတော့ ရုရှားက ကျူးကျော်သိမ်းပိုက်အပြီး ရုရှားပိုင်နယ်မြေအဖြစ် ကူးပြောင်းချင်တဲ့ ဆန္ဒရှိ၊ မရှိ လူထုဆန္ဒခံယူပွဲလုပ်အပြီးမှာ ရုရှားပိုင်အဖြစ် ပြောင်းခဲ့တာ ဖြစ်ပါတယ်။

ဒီလုပ်ရပ်ကို အနောက်ဥရောပနဲ့ အမေရိကန်နိုင်ငံတို့က တရားမ၀င်ဘူးလို့ ပြောရင်း အသိအမှတ် မပြုခဲ့ပါဘူး။

ဆန္ဒပြသူတွေက လတ်တလောရက်တွေအတွင်း ယူကရိန်း လုံခြုံရေးအဖွဲ့တွေက ဖမ်းခဲ့တဲ့ လူတွေကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။

ယူကရိန်းအစိုးရ လုံခြုံရေးဝန်ဆောင်မှုအဖွဲ့ကတော့ ရာနဲ့ချီတဲ့ ရိုင်ဖယ်သေနတ်တွေ ဗုံးသီးတွေနဲ့ ဓာတ်ဆီဗုံးတွေကို သိမ်းဆည်းရမိထားပြီး အာဏာပိုင်တွေကို ဖြုတ်ချဖို့ စီစဉ်တယ်လို့ သံသယရှိတဲ့ လူဂန့်စ်မြို့ထဲက လူ ၁၅ ယောက်ကို ဖမ်းထားတယ်လို့ ဧပြီ ၅ ရက်နေ့က ပြောပါတယ်။

ဒန်ညက်စ်မြို့ထဲမှာတော့ ရုရှားလိုလားသူ ဆန္ဒပြသူ အယောက် ၁၅၀၀ လောက်က ဒေသတွင်း အစိုးရအဆောက်အဦကို မွှေနှောက်ပြီး ယူကရိန်းအလံကို ဖြုတ်ချရင်း ရုရှားအလံကို အစားထိုး လွှင့်ထူခဲ့ပါတယ်။

အဓိကရုဏ်းနှိမ်နင်းရေး ရဲအယောက် ၅၀၀ လောက်က အဆောက်အဦကို ပိတ်ဆို့ ခဲ့ပေမယ့် ဆန္ဒပြသူတချို့က ၀င်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အဆောက်အဦထဲက ယူကရိန်းလူမျိုး ၁ ယောက် အရိုက်ခံခဲ့ရပြီး နောက် ၁ ယောက်ကတော့ ပြတင်းပေါက်ကနေ ပစ်ချခံခဲ့ရပါတယ်။

ဒန်ညက်စ်မြို့ဟာ ရုရှားလိုလားတဲ့ သမ္မတဟောင်း ဗစ်တာ ယာနူကိုဗစ်ခ်ျရဲ့ ဇာတိမြို့ ဖြစ်သလို သမ္မတနေရာကနေ စွန့်ခွာ ထွက်ပြေးခဲ့ပြီးတဲ့နောက် ရုရှားက ယူကရိန်းရဲ့ ကရိုင်းမီးယားဒေသကို သိမ်းယူအပြီးမှာ ယူကရိန်းနိုင်ငံ အရှေ့ဘက်တလွှား ရုရှားနဲ့ နယ်စပ်ဒေသတွေမှာ ယူကရိန်းနဲ့ ရုရှားတို့ တင်းမာမှုတွေ မြင့်နေပါတယ်။

လူဂန့်စ်မြို့နားက တခြားမြို့မှာလဲ ဆန္ဒပြသူတွေက အစိုးရ လုံခြုံရေး ၀န်ဆောင်မှုအဖွဲ့ရုံးတွေကို ၀င်ရောက် မွှေနှောက်ခဲ့ကြပြီး နှစ်နေရာစလုံးမှာတော့ ဒဏ်ရာရသူ အစီရင်ခံမှု မရှိပါဘူး။

လတ်တလော ၁ ပတ်အတွင်း ယူကရိန်းအရှေ့ဘက် မြို့တွေမှာ ရုရှားလိုလားသူ ဆန္ဒပြသမားတွေက စီတန်းလှည့်လည်မှုတွေ ကျင်းပခဲ့ကြပါတယ်။

တချိန်တည်းမှာပဲ ရုရှားကလဲ နယ်စပ်မှာ တပ်အင်အားတွေ စုစည်းထားပြီး တပ်ဖွဲ့ဝင် အင်အားကိုလည်း ထောင်သောင်းချီ တိုးမြှင့် တာဝန်ချထားနေပါတယ်။

Show commentsOpen linkလွတ်စ


posted from Bloggeroid

No comments:

Post a Comment