ဒ်ါအောင်ဆန်းစုကြည်နှင့် ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကယ်တို့ ဘာလင်တွင်တွေ့ဆုံ၊ မြန်မာနိုင်ငံ အနေဖြင့် ဘာသာရေး ပဋိပက္ခများမှ ကျော်လွှားနိုင်လိမ့်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
by mgtoe
Eleven Daily NewsToday, 10:37
ဧပြီ ၁၀ ရက်က ဘာလင်ရှိ ၀န်ကြီးချုပ်ရုံး၌ ဒေါ်အောင်ဆန်းစုကြည်နှင့် အိန်ဂျလာမာကယ်တို့ လက်ဆွဲနှုတ်ဆက်နေစဉ် (Photo:AFP)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီ ၁၀ ရက်တွင် ဂျာမနီနိုင်ငံသို့ သွားရောက်ခဲ့ရာ ၀န်ကြီးချုပ်မာကယ်နှင့် ဘာလင်တွင် တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ အနေဖြင့် ဖြစ်ပွားနေသည့် ဘာသာရေး ပဋိပက္ခများကို ကျော်လွှားနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
အသက် ၆၈ နှစ်အရွယ်ရှိ ဒေါ်အောင်ဆန်းစုကြည်သည် ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကယ်နှင့် ပထမဆုံး မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးမှုမလုပ်မီ မြန်မာနိုင်ငံအနေဖြင့် အလွန်ပြင်းထန်တင်းကျပ်သည့် စစ်အုပ်ချုပ်ရေးမှနေ၍ ပြောင်းလဲမှုများ ပြုလုပ်နေစဉ် ဒီမိုကရေစီကို ယုံကြည်သော နိုင်ငံများအားလုံး၏ ထောက်ပံ့အားပေးမှုများကို ရှာဖွေခဲ့သည်ဟု ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က "ကျွန်မတို့ရဲ့ မြန်မာနိုင်ငံဟာ ယူနီယံတစ်ခုဖြစ်ပြီး ကျွန်မတို့က စစ်မှန်တဲ့ ဒီမိုကရေစီယူနီယံ တစ်ခုဖြစ်လိုတာမို့ ကျွန်မတို့ရဲ့ ပြည်သူတွေအနေနဲ့ ကျွန်မတို့အကြားမှာ ရှိနေနိုင်တဲ့ ကွဲပြားခြားနားချက်တွေ အားလုံးကို ကျော်လွှားဖို့ ဖြစ်နိုင်ပါတယ်။ ဒီနိုင်ငံမှာနေတဲ့ ကျွန်မတို့အားလုံးအတွက် လုံခြုံရေး၊ လွတ်လပ်မှုနဲ့ မျှော်လင့်ခြင်းတွေကို အာမခံနိုင်တဲ့ နိုင်ငံမျိုး ဖြစ်လာနိုင်ပါတယ်" ဟု ပြောကြားခဲ့သည်။
မာကယ်က မြန်မာနိုင်ငံရေးတွင် ဒေါ်အောင်ဆန်းစုကြည်၏ တက်ကြွစွာ ပါဝင်မှုကို ကြိုဆိုခဲ့ပြီး ယခုနှစ်တွင် ဘာလင်တံတိုင်း ပြိုကျသွားသည့် ၂၅ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ကျင်းပခဲ့သည့် ဂျာမနီနိုင်ငံ အနေဖြင့် ပိုမိုကောင်းမွန်သော အနာဂတ်လမ်းကြောင်းပေါ်၌ ရှိနေသည့် နိုင်ငံကို ထောက်ပံ့ကူညီမှုများ ပေးအပ်ရန် ဆန္ဒရှိနေကြောင်း ပြောကြားခဲ့သည်။
မာကယ်က ဒေါ်အောင်ဆန်းစုကြည်သည် မယုံကြည်နိုင်လောက်သော အချိန်အထိ နေအိမ်အကျယ်ချုပ် ချခံထားရခြင်းကို တွေ့ကြုံခဲ့ရကြောင်းနှင့် မည်သို့ပင်ဖြစ်စေ သူ၏ စံပြနမူနာများနှင့် ခံယူချက်များကို မည်သည့်အခါမျှ မစွန့်လွှတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ မာကယ်က "ဒီလိုခက်ခဲတဲ့ အချိန်တွေ ကြုံခဲ့ရပေမယ့် အောင်ဆန်းစုကြည်ဟာ သူ့နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးမှာ အဓိကကျတဲ့ နိုင်ငံရေးအခန်းကဏ္ဍမှာ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့တာကို တကယ်ပဲ ကျေနပ်မိပါတယ်" ဟု ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပခရီးစဉ်အဖြစ် ဂျာမနီနိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်ပြီး ပြင်သစ်နိုင်ငံသို့လည်း သွားရောက်မည်ဖြစ် သည်။
ဒေါ်အောင်ဆန်းစုကြည်က ဂျာမနီနိုင်ငံ အနေဖြင့် ယခင်စစ်အစိုးရနှင့် သံတမန် ဆက်ဆံရေးများ ပြုလုပ်ခဲ့သည့်အပေါ် မနှစ်သက်ကြောင်း ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အား ဘာလင်၌ တွေ့ရခြင်းသည် ဂျာမနီနှင့်မြန်မာနိုင်ငံ တို့အကြား ဆက်ဆံရေး တိုးတက်မှုအတွက် အရေးပါသည့် ခြေလှမ်းတစ်ရပ်အဖြစ် ရှုမြင်မိကြောင်း ဂျာမနီမီဒီယာများက ဖော်ပြခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယခင်အရှေ့ဂျာမနီမှ ဒီမိုကရေစီရေး လှုပ်ရှားသူ တစ်ဦးဖြစ်သော သမ္မတဂျိုအာချင်ဂေါက်နှင့် အစောပိုင်းတွင် တွေ့ဆုံခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး ဖရန်ဝေါ်တာစတိန်းမေယာနှင့်လည်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီ ၁၁ ရက်တွင် ဂျာမနီနိုင်ငံ၏ ပူးတွဲအာဏာရပါတီဖြစ်သည့် ဆိုရှယ်ဒီမိုကရက်တစ်ပါတီမှ ပေးအပ်သော ၀ီလီဘရန့်ဆုကို လက်ခံရယူမည်ဖြစ်သည်။ ၀ီလီဘရန့်ဟူသည် အနောက်ဂျာမနီနိုင်ငံ၏ နောက်ဆုံးဝန်ကြီးချုပ် အမည်ကို အစွဲပြုမှည့်ခေါ် ထားခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၅ ခုနှစ်တွင် ပြုလုပ်မည့် အဓိက ပါလီမန် ရွေးကောက်ပွဲများ၌ သူ၏ NLD ပါလီ အနိုင်ရရှိခဲ့ပါက သမ္မတတာဝန်ကို ထမ်းဆောင်ရန် အဆင့်သင့်ဖြစ်နေသည့် ပုံစံမျိုးပြသခဲ့သည်ဟု အေအက်ဖ်ပီသတင်းတွင် ရေးသားဖော်ပြထားသည်။ Ref:AFP
Politic
Show commentsOpen link

posted from Bloggeroid
No comments:
Post a Comment