ပြည်တွင်း၌ အထွက်နှုန်းနည်းသည့်အပြင် အိန္ဒိယ၀ယ်လက်များ ဆက်တိုက်ဝယ်ယူမှုကြောင့် ပဲဈေးမြင့်တက်
by mgtoe
Eleven Daily NewsApr 22, 2014
Written by:
နီလာ
ပြည်ပပို့ပဲများ အထွက်နှုန်းနည်းသည့်အပြင် အိန္ဒိယ၀ယ်လက်များမှ ဆက်တိုက်ဝယ်ယူမှုကြောင့် ပဲဈေးမြင့်တက်ခဲ့ပြီး သင်္ကြန်ပိတ်ရက် အတွင်း၌ပင် ပဲအရောင်းအ၀ယ် အချို့ရှိခဲ့ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းမှ ရရှိသော သတင်းများအရ သိရသည်။
"လက်ရှိက ပေါ်ပြီးပဲကတော့ အိန္ဒိယဘက်က တောက်လျှောက်ဝယ်တာရယ်၊ အထွက်နှုန်းလည်း နည်းတာရယ်ကြောင့် ပဲပေါ်တဲ့အချိန်မှာ ဈေးကကျမသွားဘူးပေါ့။ ဈေးကဖြည်းဖြည်းနဲ့ တောက်လျှောက် တက်လာတာ တွေ့ရတယ်။ အခုသင်္ကြန်ကျော် ကာလမှာလည်း အိန္ဒိယက ကုန်အ၀ယ်ရှိတော့ ပိတ်ရက်ထဲမှာတောင် တချို့အရောင်းအ၀ယ် ရှိကြပါတယ်။ သင်္ကြန်ပြီးကာလနဲ့ သင်္ကြန်မတိုင်ခင်ကာလ အနေအထားကတော့ အရမ်းကြီး ဈေးနှုန်းကွာဟတာမျိုး မရှိပါဘူး။ ဈေးကျသွားတာတို့၊ တက်သွားတာတို့တော့ သိပ်မရှိပါဘူး" ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးထွန်းလွင်က ပြောကြားသည်။
ပဲဈေးကွက်တွင် ဈေးနှုန်းများ ကာလအတန်ကြာ ငြိမ်သက်နေရာမှ သင်္ကြန်နီးကပ်ချိန်တွင် အိန္ဒိယ၀ယ်လိုအား မြင့်တက်လာသည့်အတွက် ပြည်ပပို့ပဲများဖြစ်သည့် မတ်ပဲနှင့် ပဲစဉ်းငုံဈေးများ မြင့်တက်လာကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်မှ သိရသည်။
မတ်လကုန်ပိုင်းထက် သင်္ကြန်မတိုင်မီ ရက်ပိုင်းအတွင်း ပဲဈေးမြင့်တက်လာခဲ့ကြောင်း၊ အဓိကအားဖြင့် အိန္ဒိယဘက်မှ အ၀ယ်လိုက်လာခြင်းကြောင့် မတ်ပဲနှင့် ပဲစဉ်းငုံဈေး မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပဲဈေးနှုန်းများ ကာလအတန်ကြာ ငြိမ်သက်နေပြီး ဧပြီ ၄ ရက်တွင် မတ်ပဲ (RC) တစ်တန်လျှင် ကျပ် ၅၇၀၀၀၀ ခန့်မှ ဧပြီလဆန်းပိုင်းတွင် ကျပ် ၆၅၅၀၀၀ အထိ မြင့် တက်လာကြောင်း၊ ပဲစဉ်းငုံနီ (RC) တစ်တန် လျှင် ကျပ် ၆၄၅၀၀၀ နှင့် မတ်ပဲ (SQ) မှာ ကျပ် ၇၁၅၀၀၀ ရှိခဲ့ကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်မှရရှိသော သတင်းများအရ သိရသည်။
အလားတူ နယ်ဈေးများပါ မြင့်တက်နေပြီး ယခင်နှစ် ပိဿာ ၆၀ တစ်အိတ်လျှင် ကျပ် ၉၀၀၀၀ ရှိနေသော ပဲတီစိမ်းမှာ လက်ရှိတွင် ကျပ် ၁၀၂၀၀၀ ဈေးရှိလာကြောင်း၊ ထို့ပြင် မတ်ပဲ ပိဿာ ၆၀ တစ်အိတ်လျှင် ယခင်နှစ်က ကျပ် ၄၈၀၀၀၀ ရှိရာမှ လက်ရှိ တွင် ကျပ် ၆၃၀၀၀၀ ရှိလာကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် မတ်ပဲကို ကချင်၊ ကယား၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူးတိုင်း အရှေ့နှင့် ပဲခူးအနောက်၊ မန္တလေး၊ မွန်၊ ရှမ်းအရှေ့၊ ရှမ်းတောင်နှင့် ရှမ်းမြောက်၊ ဧရာဝတီတိုင်း ဒေသကြီးတို့တွင် စိုက်ပျိုးပြီး နှစ်စဉ် တန်ချိန် ငါးသိန်းမှ ခြောက်သိန်းခန့် ထုတ်လုပ်ကြောင်း သိရသည်။
အလားတူ ပဲစဉ်းငုံကို ကချင်၊ ကရင်၊ ကယား၊ စစ်ကိုင်း၊ ပဲခူးအရှေ့နှင့် ပဲခူးအနောက်၊ မကွေး၊ မန္တလေး၊ မွန်၊ ရှမ်းတောင်နှင့် ရှမ်းမြောက်၊ ဧရာဝတီတိုင်း ဒေသကြီးတို့တွင် အဓိကစိုက်ပျိုးပြီး နှစ်စဉ်တန်ချိန် သုံးသိန်းမှ သုံးသိန်းခွဲခန့်အထိ ထုတ်လုပ်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းမှရရှိသော သတင်းများအရ သိရသည်။
Business
Show commentsOpen link

posted from Bloggeroid
No comments:
Post a Comment