ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လွှတ်တော်တွင်းနှင့် ပြင်ပ၌ ပြင်ဆင်ရန် မလွယ်ကူသောကြောင့် သွေးထွက်သံယိုမရှိဘဲ ပြုပြင်ပြောင်းလဲနိုင်ရန် အုပ်ချုပ်ရေးနှင့် တပ်မတော်ခေါင်းဆောင်များ တာဝန်ရှိဟု UNA ခေါင်းဆောင် ပြောကြား
by mgtoe
Eleven Daily NewsToday, 04:37
Written by:
အောင်ဇော်ထွန်း၊ ဇာလီမြင့်ဦး
UNA အဖွဲ့နှင့် NCCT အဖွဲ့မှ ခေါင်းဆောင်များကို ရန်ကုန်မြို့၌ ဧပြီ ၉ ရက်က တွေ့ရစဉ်
လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေကို လွှတ်တော်အတွင်းနှင့် လွှတ်တော်ပြင်ပတို့၌ ပြင်ဆင်ရန် မလွယ်ကူသောကြောင့် သွေးထွက်သံယိုမရှိဘဲ ပြောင်းလဲနိုင်ရန် အုပ်ချုပ်ရေးနှင့် တပ်မတော် ခေါင်းဆောင်များတွင် တာဝန်အရှိဆုံးဟု ညီညွတ်သော တိုင်းရင်းသားလူမျိုး မဟာမိတ်အဖွဲ့ (UNA) ခေါင်းဆောင် ဦးအေးသာအောင်က ဧပြီ ၉ ရက်က ရန်ကုန်မြို့ ပြည်လမ်းရှိ Café 47 ၌ ပြုလုပ်သော UNA နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ ဆွေးနွေးပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားသည်။
မြန်မာနိုင်ငံအား ဒီမိုကရေစီနိုင်ငံ ဖြစ်လာစေရန်၊ မြန်မာနိုင်ငံ၌ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်နှင့် တိုင်းရင်းသားများနှင့် သဟဇာတဖြစ်ပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် ကိစ္စရပ်အားလုံးသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ရေး အပေါ်တွင် မူတည်နေကြောင်းနှင့် လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခန်း(၁၂)ဖွဲ့စည်း ပုံအခြေခံ ပြင်ဆင်ရေး အခန်းကဏ္ဍ ဥပဒေအတိုင်း ပြင်ဆင်မည်ဆိုပါက ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရန်မလွယ်ကူဟု ဦးအေးသာအောင်က ပြောကြားသည်။
“သမ္မတနဲ့တွေ့တဲ့ အခါမှာလည်း ပြောတဲ့စကားတွေကို ပြန်သုံးသပ်ပါတယ်။ ကာကွယ်ရေး ဦးစီးချုပ်ပြောတဲ့ စကားတွေကိုလည်း ပြန်သုံးသပ်တယ်။ ဒီနေရာမှာ ကျွန်တော်တို့ အခုအခြေအနေမှာ ဖွဲ့စည်းပုံပြင်ဖို့ ကိစ္စကို အခန်း ၁၂ ဖွဲ့စည်းပုံပြင်ဆင်ရေး အခန်းကဏ္ဍ ဥပဒေအတိုင်း ပြင်မယ်ဆိုတဲ့ စကားပါလာတယ်။ ဒါဟာ အင်မတန်ပြင်ဖို့ မလွယ်ဘူး ဆိုတာလည်း ကျွန်တော်တွေ့ရတယ်။ တောက်လျှောက်လည်းပဲ လွှတ်တော်ထဲမှာပြင်ဖို့ ကြိုးစားတယ်။ တကယ့်တကယ်မှာတော့ ဒီအခန်း ၁၂ ကြောင့် ဖွဲ့စည်းပုံကို ပြင်လို့မရဘူး ဆိုတာကို ကျွန်တော်တို့လည်း သဘောပေါက်တယ်။ ပညာရှင်တွေကလည်းပဲ ထောက်ပြတယ်။ ဒီတော့ ဒါကိုကျွန်တော်တို့ ပြောမယ်ဆိုရင် အခုအချိန်အထိ ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေးဟာ လွှတ်တော်တွင်းမှာဖြစ်ဖြစ် လွှတ်တော်ပြင်ပမှာဖြစ်ဖြစ် ပြင်ဖို့ဆိုတာ သိပ်မလွယ်ဘူး” ဟု ဦးအေးသာအောင်က ပြောကြားသည်။
ပြည်သူများ၊ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည် နိုင်ငံအား အပြောင်းအလဲ ဖြစ်စေရန် နှစ်ပေါင်း နှစ်ဆယ်ကျော် ကြိုးစားဆောင်ရွက်ခဲ့ကြောင်း၊ ၁၉၈၈ လူထု အရေးတော်ပုံမှတစ်ဆင့် လက်ရှိအချိန်ထိ အပြောင်းအလဲ ဖြစ်ပေါ်ရေး ဆောင်ရွက်နေကြောင်း၊ ကုန်ခဲ့သည့် သုံးနှစ်ကာလတွင် သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသစ် ပေါ်ပေါက်လာခဲ့ကြောင်း၊ အစိုးရသစ်၏ သက်တမ်းကာလအတွင်း ပြည်သူများ၊ နိုင်ငံရေး ပါတီများနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ပြုပြင်ပြောင်းလဲရေး ဖြစ်စေရန် ကြိုးစားဆောင်ရွက် ကြသော်လည်း လက်တွေ့တွင် ယခင်အစိုးရများဖြစ်သည့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့မှ ချပေးသည့် ပုံစံခွက်ထဲတွင် ရှိနေရဆဲ ဖြစ်သည်ဟု ဦးအေးသာအောင်က ဆိုသည်။
“အဲဒီပုံစံခွက်ဟာလည်း ၂၀၀၈ ဖွဲ့စည်း ပုံဆိုတဲ့ နံရံပုံစံခွက်ထဲမှာပဲ ကျွန်တော်တို့ ရှိနေတယ်။ တော်တော် ဒါကို ဖောက်ထွက်ဖို့ ကြိုးစားရမယ်။ ပြည်သူတွေ၊ နိုင်ငံရေး ပါတီတွေ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေ ညီညီညွတ်ညွတ်နဲ့ ဒီပုံစံခွက်ထဲက ရုန်းထွက် နိုင်မှ ၂၀၀၈ဖွဲ့စည်းပုံဆိုတဲ့ နံရံကို ဖြိုချနိုင်မှ ကျွန်တော်တို့လိုလားတဲ့ အပြောင်းအလဲဖြစ်မယ်လို့ ပြောချင်ပါတယ်။ အဓိကကတော့ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ ခေါင်းဆောင်တွေနဲ့ တပ်မတော်ခေါင်းဆောင်တွေ ပိုပြီးတော့ တာဝန်ရှိတယ်။ ဒီပုဂ္ဂိုလ်တွေ အနေနဲ့၊ အဖွဲ့အစည်းများ အနေနဲ့ ပြည်သူတွေရဲ့ မျက်နှာ၊ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ အကျိုးကို ထောက်ရှုပြီးတော့ နှစ်ပေါင်း ၆၀ ကျော် ဆင်းရဲတွင်းနက်နေပြီး လူတွေဒုက္ခ ရောက်နေတယ်။ ဒါတွေကို ထောက်ထားပြီးတော့ ဒီဖွဲ့စည်းပုံကိုပြင်ဖို့ သဘောထားတွေ ရှိလာမယ်။ ပြင်ဖို့အသင့်ရှိလာမယ်ဆိုရင် ပဋိ ပက္ခတွေ ၊ သွေးထွက်သံယိုမှုတွေ၊ မရှိဘဲနဲ့ ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်” ဟု ဦးအေးသာအောင်က ဆိုသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူများ လိုလားသည့်အတိုင်း ပြင်ဆင်နိုင်ရေး၊ ပဋိပက္ခများ၊ သွေးထွက်သံယိုမှုများ မရှိဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် လက်ရှိအစိုးရ ခေါင်းဆောင်များကို အပြောင်းအလဲဖြစ်ဖို့ တွန်းအားပေးရန် လိုအပ်သည်ဟု မြင်ကြောင်း ဦးအေးသာအောင်က ဆက်လက်ပြောကြားသည်။
NCCT မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာကလည်း “တကယ်တော့ တစ်ပြည်လုံး ပြည်တွင်းစစ်ရပ်စဲဖို့၊ လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ အကြီးမားဆုံးသော ဒီသွေးထွက်သံယို ပြဿနာကိုရှင်းဖို့ ကျွန်တော်တို့က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ အဲဒီလုပ်ငန်းထဲမှာ ဘာပါလဲဆိုတော့ နိုင်ငံရေး ပြဿနာကို စစ်ရေးနည်းနဲ့ မဖြေရှင်းဘဲနဲ့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ဆိုတာ အင်မတန် အရေးကြီးတဲ့ ပြဋ္ဌာန်းချက်တစ်ခုပါတယ်။ ဒါကိုနှစ်ဖက်စလုံး လိုက်နာဖို့လည်း သဘောတူထားတယ်။ ဒီလောက်အရေးကြီးတဲ့ ပဋိပက္ခမှာတောင်မှ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်။ အကြမ်းမဖက်ဘူးဆိုတော့ ဖွဲ့စည်းပုံပြင်ရေးလို ကိစ္စမျိုးမှာတော့ အကြမ်းဖက်ဖို့တော့ မရှိဘူးလို့ ကျွန်တော်ထင်တယ်။ ဒါတစ်ချက်ပါ။ နောက်တစ်ချက်က ဖွဲ့စည်းပုံပြင်ရေး ဆိုတာက သူ့ရဲ့သဘာဝအရ သူက political agenda ဖြစ်တယ်။ တိုင်းပြည်တစ်ပြည်ရဲ့ ဖွဲ့စည်းပုံကို ပြင်မယ်ဆိုရင်၊ ပြုပြင်ပြောင်းလဲမယ်ဆိုရင် နိုင်ငံရေး agenda ဖြစ်တဲ့အတွက် ဒီနိုင်ငံရေး agenda ကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးတဲ့ပွဲတွေမှာ ထည့်သွင်းဆွေးနွေးသွားဖို့ ဆိုတာကတော့ သဘောတူကြတယ်” ဟု ပြောကြားသည်။
လက်ရှိဆောင်ရွက်နေသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းမှု ကိစ္စရပ်များတွင် နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပွဲများတွင် များစွာထည့်သွင်း မဆွေးနွေးရန် အစိုးရဘက်မှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား မေတ္တာရပ်ခံထားပြီး အရေးကြီးသည့် အခြေခံမူများကိုသာ အပစ်အခတ်ရပ်စဲရေးတွင် ထည့်သွင်းကာ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များကို လာမည့်နိုင်ငံရေး ဆွေးနွေးပွဲတွင် ပိုမိုထည့်သွင်းပါဆိုသည့် ကတိမျိုးရရှိထားသည်ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။
“ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုတာ နိုင်ငံရေး agenda ဖြစ်တဲ့အတွက် ဒီကိစ္စကိုတော့ ကျွန တော်တို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးတာနဲ့ တစ်ပြိုင်နက် ဆက်သွားရမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် အရေးအကြီးဆုံး ဦးစားပေးနိုင်ငံရေး agenda အနေနဲ့ ထည့်သွားဖို့ဆိုပြီး ကျွန်တော်တို့ စဉ်းစားထားပါတယ်” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးမှုကို ယခုနှစ် သြဂုတ်လမတိုင်မီ ပြုလုပ်နိုင်မည်ဖြစ်ပြီး ယခုနှစ်အတွင်း၌ပင် နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်သွားနိုင်ဖွယ် ရှိသည်ဟု အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်များက ပြောကြားထားသည်။
နိုင်ငံတော်သမ္မတနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေအနေ အချိန်အခါအရ ပြင်ဆင်ရန် လိုအပ်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂) ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်းတွင် ပြဋ္ဌာန်းထားသည့် ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်ဟု ပြီးခဲ့သည့် မတ်လအတွင်းက ပြောကြားထားခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် ပြင်ဆင်နိုင်ရေး အခက်အခဲဖြစ်စေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁၂) ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်းမှ ပုဒ်မ ၄၃၆ ကို ပြုပြင်ပြောင်းလဲနိုင်ရန် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ အခြေခံဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှုများ ဆောင်ရွက်လျက် ရှိနေသကဲ့သို့ ပြည်သူများကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပေးရန် တောင်းဆိုဆန္ဒ ထုတ်ဖော်မှုများ ဆက်တိုက်ပြုလုပ် ခဲ့ကြသည်။
Politic
Show commentsOpen link

posted from Bloggeroid
No comments:
Post a Comment