Tuesday, April 29, 2014

ဥက္ကဋ္ဌသစ်ရွေးသောတစညပါတီ

တစညပါတီ၏ ဥက္ကဋ္ဌသစ် ရွေးချယ်မှုနှင့် ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များ ရွေးချယ်မှုကို ယနေ့ပြုလုပ်မည်
by htikeaung
Eleven Daily NewsToday, 01:20
Written by: 
ဇင်ဘိုလွင်
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) ၏ ဥက္ကဋ္ဌသစ် ရွေးချယ်မှုနှင့် လာမည့်ကြားဖြတ် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်မြေများ ရွေးချယ်မှုကို ယနေ့ (ဧပြီ ၃၀) တွင် ပြုလုပ်မည့် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။

တစညပါတီ စတင်ထူထောင်ချိန်ကတည်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ ဦးထွန်းရီသည် ဧပြီ ၄ ရက်က ကွယ်လွန်သွားခဲ့သောကြောင့် ဥက္ကဋ္ဌသစ်ရွေးချယ်မှု ပြုလုပ်ခြင်းဖြစ်သည်။ လက်ရှိတွင် ပါတီအထွေထွေ အတွင်းရေးမှူး ဦးသန်းတင်က ယာယီဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ဥက္ကဋ္ဌသစ်ကို ပါတီဖွဲ့စည်းပုံ စည်းမျဉ်းများနှင့်အညီ ပြုလုပ်သွားမည်ဟု အဆိုပါ ပါတီဗဟို အလုပ်အမှုဆောင် တစ်ဦးဖြစ်သူ ဦးသိန်းထွန်းက ပြောကြားသည်။

“ကျွန်တော်တို့ ပါတီဖွဲ့စည်းပုံ စည်းမျဉ်းရှိတာပဲ။ အဲဒီစည်းမျဉ်းနဲ့အညီ လုပ်မှာပေါ့။ မနက်ဖြန်ကတော့ နှစ်ခုပေါ့။ ဥက္ကဋ္ဌသစ် တင်မြှောက်တာကော၊ နောက်ကြားဖြတ်ရွေးကောက်ပွဲမှာ ဘယ်နေရာတွေ ၀င်မယ်။ ဘယ်လောက်ဝင်မယ်။ အဲဒါတွေ ဆုံးဖြတ်မယ်” ဟု ဦးသိန်းထွန်းက ဧပြီ ၂၉ ရက်က ပြောကြားသည်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး ပြည်နယ်လွှတ်တော်များ၌ နေရာ ၃၀ ကျော် ကိုယ်စားလှယ် လစ်လပ်နေပြီး အဆိုပါနေရာများအတွက် တည်ငြိမ်အေးချမ်းမှုမရှိသည့် နေရာများမှလွဲကာ ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၄ ခုနှစ် မကုန်မီ ပြုလုပ်သွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားထားသည်။

အဆိုပါ ကြားဖြတ်ရွေးကောက်ပွဲတွင် ငြိမ်းချမ်းရေးမရသေးသည့် နေရာများနှင့် အခြေစိုက်ပါတီ အဖွဲ့အစည်း မရှိသည့် နေရာများမှလွဲ၍ ကျန်သည့်နေရာ အများစုတွင် ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဟု တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟန်ရွှေက ပြောကြားသည်။

Politic
Show commentsOpen link

posted from Bloggeroid

No comments:

Post a Comment