စစ်ရေးနည်းဖြင့် ပြဿနာများကို ဖြေရှင်းခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်စေ၍ လုံးဝဆန့်ကျင်သည်ဟု KNU နှင့် UWSP တို့ ပူးတွဲကြေညာချက် ထုတ်ပြန်
by htikeaung
Eleven Daily NewsToday, 01:20
စစ်ရေးနည်းဖြင့် ပြဿနာများကို ဖြေရှင်းခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်စေ၍ လုံးဝဆန့်ကျင်သည်ဟု ဧပြီ ၂၆ ရက်နေ့ရက်စွဲနှင့် ထုတ်ပြန်ခဲ့သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) တို့၏ ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။
KNU ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဦးဆောင်သည့် အဖွဲ့နှင့် UWSP မှ ဒုတိယအထွေထွေ အတွင်းရေးမှူးချုပ်/ပြည်နယ်အစိုးရအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးရှောက်မင်လျံ ခေါင်းဆောင်သည့် အဖွဲ့တို့သည် ဧပြီ ၂၆ ရက်က ‘၀’ ပြည်နယ် ပန်ဆန်းမြို့တွင် တွေ့ဆုံ၍ မြန်မာပြည်ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြည်ထောင်စု မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးများဖြင့် စုပေါင်းဖွဲ့စည်း ထူထောင်ထားသည့် နိုင်ငံဖြစ်သော်လည်း လူမျိုးရေးခွဲခြားမှုနှင့် နိုင်ငံရေး တန်းတူညီမျှမှု မရှိခြင်းတို့သည် ကာလကြာရှည်စွာ ပြည်တွင်းပဋိပက္ခ ဖြစ်ပွားစေခဲ့သည့် အကြောင်းအရင်းဖြစ်ကြောင်း KNU နှင့် UWSP ခေါင်းဆောင်များက သုံးသပ်ခဲ့ကြပြီး ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် တိုင်းရင်းသားလူမျိုးများ ပြဿနာကို ပြေလည်အောင် ဖြေရှင်းခြင်းသည် အဓိကသော့ချက် ဖြစ်သည်ဟု သဘောတူညီခဲ့သည်ဟု ပူးတွဲကြေညာချက်တွင် ပါရှိသည်။
မြန်မာ့ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုခြင်း၊ ငြိမ်းချမ်းစွာ နိုင်ငံရေးကိစ္စ အပြန်အလှန် ညှိနှိုင်းဆွေးနွေးခြင်းနှင့် တစ်နိုင်ငံလုံး အတိုင်းအတာ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခြင်း တစ်နည်းအားဖြင့် အမျိုးသားသဘောတူညီချက် ရယူခြင်း ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုအစိုးရနှင့် တိုင်းရင်းသားလူမျိုးများအကြား ဖြစ်ပွားနေသည့် ပဋိပက္ခများကို နိုင်ငံရေးနည်းဖြင့် အပြန်အလှန်ဆွေးနွေးခြင်း၊ တန်းတူညီတူ ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် ငြိမ်းချမ်းစွာဖြေရှင်းသည့် နည်းလမ်းမျာြး ငေ့်ဆောင်ရွက်သွားရန်နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ နိုင်ငံရေးဆွေးနွေးပွဲများတွင် လိုအပ်သည့် အချက်အလက်များကို ပြုပြင်ပြောင်းလဲပြင်ဆင် ဖြည့်စွက်ရမည်ကို တွေ့ရှိသဘောတူညီကြသည်ဟု ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ‘၀’ ပြည်နယ် တည်ဆောက်ရန် တောင်းဆိုခြင်းနှင့် ပတ်သက်၍လည်း KNU နှင့် UWSP ခေါင်းဆောင်များ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
KNU နှင့် UWSP တို့၏ ပူးတွဲကြေညာချက်ကို Myanmar Peace Center မှ ဦးလှမောင်ရွှေက ၎င်း၏ Facebook စာမျက်နှာတွင် ဧပြီ ၂၉ ရက်ညပိုင်းက ဖော်ပြခဲ့ခြင်းဖြစ်သည်။
Politic
Show commentsOpen link

posted from Bloggeroid
No comments:
Post a Comment