"၀" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း စာရင်းကောက်ဆရာမ မလုံလောက်မှုကြောင့် လက်နက်ကိုင်တပ်ဖွဲ့ဝင် ၃၅၀ ကျော်နှင့်ပူးပေါင်းကာ ကြိုတင်သန်းခေါင်စာရင်း ကောက်ယူနေဆဲဖြစ်
by ktn.kyaw
Eleven Daily NewsYesterday, 04:35
"၀" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ကြိုတင်သန်းခေါင်စာရင်းကောက်ယူရာတွင် စာရင်းကောက်ဆရာမ မလုံလောက်မှုကြောင့် လက်နက်ကိုင်တပ်ဖွဲ့ဝင် ၃၅၀ ကျော်ခန့်အား သင်တန်းပေးကာ သန်းခေါင်စာရင်း ကောက်ယူနေဆဲဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က "ကျွန်တော်တို့ "၀" ဒေသတွေမှာ ကြိုတင်သန်းခေါင်စာရင်းကောက်ယူတဲ့နေရာမှာ စာရင်းကောက်၊ ဆရာ၊ ဆရာမ မလုံလောက်တာတွေ ရှိနေပါတယ်။ ဒီနေရာမှာ တကယ်တမ်း ဆရာ၊ ဆရာမတွေ လိုအပ်တာက ၇၅၀ လောက်လိုတာပါ။ ဒီအတွက် အဲဒီဒေသက လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အကူအညီကိုယူပြီးတော့ အဲဒီအဖွဲ့ထဲက ပညာတတ်ကလေးတွေကို စာရင်းစစ်၊ စာရင်းကောက်သင်တန်းတွေပေးပြီးတော့ သန်းခေါင်စာရင်းကောက်ယူစေမှုတွေ ရှိပါတယ်။ ဒီနေရာမှာ လက်နက်ကိုင်တပ်ဖွဲ့တွေဘက်က ၃၅၀ ကျော်လောက် ကူညီပေးရပါတယ်" ဟု ပြောကြားသည်။
လက်ရှိတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ၀န်ထမ်းများအနေဖြင့် "၀" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကိုးကန့်ဒေသတို့တွင် သန်းခေါင်စာရင်း ကောက်ယူရေး အချိန်မီပြီးစေရန် စာရင်းကောက်ကွက်များအား စိစစ်မှုများ ပြုလုပ်နေကြောင်း သိရသည်။
"ကျွန်တော်တို့မြေပြန့်ဒေသမှာဆိုရင် သန်းခေါင်စာရင်းကောက်ယူတဲ့နေရာမှာ ကောက်ကွက်တစ်ကွက်မှာ အိမ်ထောင်စု ၁၅၀ လောက်ကို စာရင်းကောက် ဆရာမတစ်ယောက်လောက်နဲ့ လုပ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီဒေသတွေမှာတော့ တစ်ရွာမှာအိမ်ထောင်စုက ၃၀ လောက်ပဲရှိတယ်။ သွားရေးလာရေးခက်ခဲတဲ့အတွက် စာရင်းကောက် ဆရာမတစ်ယောက်ကို အိမ်ထောင်စု ၃၀ နဲ့ ၄၀ ကြားလောက်ပဲ ကောက်နိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ စာရင်းကောက်တွေ ပိုလိုလာပါတယ်"ဟု ဦးမြင့်ကြိုင်က ဆက်လက်ပြောကြားသည်။
လက်ရှိတွင် "၀" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်း ကောက်ကွက်ပေါင်း ၂၀၀၀ ကျော်ဖြင့် စာရင်းကောက်ယူလျက်ရှိပြီး စာရင်းစစ်၊ စာရင်းကောက်ဆရာမ ၄၀၀ ခန့်နှင့် "၀" လက်နက်ကိုင်တပ်ဖွဲ့မှ လုပ်အားပေး ၃၅၀ တို့ပူးပေါင်းကာ ဧပြီ ၁၀ ရက်အမီ ကြိုတင်သန်းခေါင်စာရင်းကောက်ယူပြီးစီးနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။
လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို မတ် ၃၀ ရက်မှ စတင်ကောက်ယူမှု ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံး၌ ကောက်ကွက်ပေါင်း ရှစ်သောင်းကျော်ရှိပြီး မြေပြင်စာရင်းကောက်ယူမည့် စာရင်းစစ်၊ စာရင်းကောက်သူစုစုပေါင်း အင်အား ၁၁၀၀၀၀ ကျော်ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခု၊ ကောင်စီနယ်မြေတစ်ခုတို့ရှိ အိမ်ထောင်စု ၁၁ သန်းမှ လူဦးရေသန်း ၆၀ တို့ကို အခြေခံစာရင်းကောက်ယူနေသည်။
သန်းခေါင်စာရင်းရလဒ်များကို ၂၀၁၄ ခုနှစ် သြဂုတ်လအတွင်း သိရှိနိုင်မည်ဖြစ်ပြီး အပြီးသတ်ရလဒ်များကို ၂၀၁၅ ခုနှစ် ပထမလေးလပတ်အတွင်း၌ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်

posted from Bloggeroid
No comments:
Post a Comment