Thursday, April 10, 2014

သတင်းမီဒီယာများဘဝ

သတင်းထောက်များနှင့် မီဒီယာများအား ဖိနှိပ်ချုပ်ချယ်မှုအပေါ် ကန့်ကွက်သည့်အနေဖြင့် သတင်းစာ၊ ဂျာနယ်အချို့တွင် အနက်ရောင်မျက်နှာဖုံး (Black Cover) များ ပြုလုပ်ဖော်ပြ
by mgtoe
Eleven Daily NewsToday, 10:37
Written by: 
ကျော်ဇောလင်း

ထောင်ဒဏ် တစ်နှစ် ချမှတ်ခံခဲ့ရသော DVB သတင်းထောက် ကိုဇော်ဖေ (ခေါ်) ကိုသူရသက်တင်အား အမြန်ဆုံး ပြန်လွှတ်ပေးရေးအတွက် DVB သတင်းထောက်များ အင်္ကျီဆင်တူဝတ်ဆင်ကာ ဧပြီ ၁၀ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ဆူးလေစေတီ၌ ဆုတောင်းနေကြစဉ် (ဓာတ်ပုံ-သက်မျိုးမင်း)
သတင်းထောက်များနှင့် သတင်းမီဒီယာများအား ဖိနှိပ်ချုပ်ချယ်မှုအပေါ် ကန့်ကွက်သည့်အနေဖြင့် အနက်ရောင်မျက်နှာဖုံး (Black Cover) များဖြင့် သတင်းစာနှင့် ဂျာနယ်အချို့တွင် ကန့်ကွက်ဖော်ပြမှုများ ပြုလုပ်ခဲ့ကြသည်။

အစိုးရသစ်၏ သက်တမ်းသုံးနှစ်ကျော် ကာလအတွင်း ပြည်တွင်းမီဒီယာများအပေါ် တရားစွဲဆိုမှုများ၊ သတင်းထောက်များအပေါ် ထောင်ဒဏ်ချမှတ်ခြင်းများ ဆက်တိုက်ပြုလုပ် လာခြင်းကို ပြည်သူများအကြားတွင် ဝေဖန်လျက်ရှိသည်။ ပြီးခဲ့သည့် ဧပြီ ၇ ရက်က သတင်းသွားမေးသော DVB သတင်းထောက်ကို ပိုင်နက်ကျူးလွန်မှု၊ ၀တ္တရားနှောင့်ယှက်မှုများဖြင့် မကွေးမြို့နယ် တရားရုံးက ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့သည်။ ထို့အပြင် Eleven Media Group ၏ သတင်းထောက်ဖြစ်သူ လွိုင်ကော်မြို့မှ မခိုင်ကိုလည်း အိမ်ကျော်နင်းမှု အပါအ၀င် ပုဒ်မသုံးခုဖြင့် ထောင်ဒဏ်သုံးလ ချမှတ်ခဲ့သည်။ Unity ဂျာနယ် အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက် လေးဦးကိုလည်း အခြားကမ္ဘာ့နိုင်ငံများက အထင်အမြင်လွဲမှား စေနိုင်သည့် ကာကွယ်ရေး၊ လုံခြုံရေးနှင့် သက်ဆိုင်သော လျှို့ဝှက်ချက်ဓာတ်ပုံများကို ဖော်ပြမှုတို့ဖြင့် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေအရ အရေးယူရန် ဖမ်းဆီးချုပ်နှောင်ကာ တရားစွဲဆို ခံထားရသည်။

ယင်းကဲ့သို့ သတင်းသမားများအပေါ် ပြင်းထန်စွာ အပြစ်ပေးအရေးယူမှုများ ပြုလုပ်ခြင်းနှင့် မီဒီယာလွတ်လပ်ခွင့်အား ဖိနှိပ်ချုပ်ချယ်နေခြင်းအပေါ် ကန့်ကွက်ရှုတ်ချသည့် အနေဖြင့် ဧပြီ ၉၊ ၁၀ ရက်ထုတ် သတင်းစာနှင့် ဂျာနယ်အချို့တွင် အနက်ရောင်မျက်နှာဖုံး (Black Cover) များပြုလုပ်ခဲ့ကြောင်း သိရသည်။ ဧပြီ ၉ ရက်က ထွက်ရှိသော Messenger နေ့စဉ်ထုတ် သတင်းစာတွင် "သတင်းသမားများကို ပြင်းထန်စွာ အပြစ်ပေးအရေးယူပြီး မီဒီယာလွတ်လပ်ခွင့်အား ဖိနှိပ်ချုပ်ချယ်နေခြင်းကို ကန့်ကွက်ရှုတ်ချပါသည်" ဟု လည်းကောင်း၊ ဧပြီ ၁၀ ရက်က ထွက်ရှိသော မဇ္ဈိမနေ့စဉ် သတင်းစာတွင် "သတင်းလွတ်လပ်ခွင့် မဇ္ဈိမတောင်းဆိုသည်။ Freedom Press" ဟု လည်းကောင်း၊ ယင်းနေ့တွင်ပင် ထွက်ရှိသော မွန်းတည့်နေ ဂျာနယ်တွင် " DVB သတင်းထောက် အပါအ၀င် မီဒီယာအပေါ် ဖိနှိပ်ချုပ်ချယ်ခြင်းအား ကန့်ကွက်ရှုတ်ချသည်" ဟူ၍လည်းကောင်း စာသာများကို အနက်ရောင်အတွင်း ထည့်သွင်းဖော်ပြခဲ့ကြသည်။

ယခင်အစိုးရ လက်ထက်များကလည်း သတင်းထောက်များနှင့် သတင်းမီဒီယာအပေါ် မတရားဖမ်းဆီး ထောင်ချမှုများရှိခဲ့ ပြီး ယင်းသို့သော လုပ်ရပ်များအပေါ် ဂျာနယ်လစ်များက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချမှုများ ပြုလုပ်ခဲ့ကြသည်။ စစ်ကြိုခေတ် ၁၉၂၁ ခုနှစ်ကလည်း ရန်ကုန်ပုလိပ်မင်းကြီးက သတင်းစာတိုက်များအပေါ် အိမ်ရှေ့စံ ဝေလမင်းသား ရန်ကုန်မြို့သို့ လာရောက်လျှင် ဝေဖန်မှုများ မပြုလုပ်ရန် အမိန့်ထုတ်ပြန်ခြင်းအပေါ် မကျေနပ်သည့်အတွက် သတင်းစာတိုက် ၁၁ ခုက ခေါင်းကြီးပိုင်း မရေးဘဲ ကန့်ကွက်ခဲ့ကြသည်။

ဦးနုခေတ် ပထစအစိုးရ အာဏာရလာသည့် အချိန်တွင်လည်း သတင်းစာလွတ်လပ်ခွင့်ကို ချုပ်ချယ်ကန့်သတ်ခြင်း၊ သတင်းရယူခွင့်အပေါ် တားဆီးခြင်းများ ပြုလုပ်ခဲ့သည့်အတွက် Guardian သတင်းစာ အယ်ဒီတာချုပ် ဦးစိန်ဝင်းက ဦးဆောင်စည်းရုံးပြီး ထိုစဉ်က ထုတ်ဝေခဲ့သည့် သတင်းစာအားလုံးနီးပါးတွင် (Blank Editorial) အယ်ဒီတာ့အာဘော်ကို ကွက်လပ်ထားပြီး ကန့်ကွက်မှုများ ပြုလုပ်ခဲ့ဖူးကြောင်းကိုလည်း AP သတင်းဌာနမှ ဒေါ်အေးအေးဝင်းက ပြောကြားခဲ့သည်။

 

 

Local
Show commentsOpen link

posted from Bloggeroid

No comments:

Post a Comment