Thursday, April 10, 2014

မြန်မာပြည်က

မြန်မာ့အရေး အကောင်းဘက်မရောက်သေးပါ၊ အမေရိကန်အစိုးရနှင့် ဆက်နွှယ်မှုရှိသော IRI စစ်တမ်းတွင် ကြီးမားသော လွဲချော်မှုများ ရှိနေကြောင်း နိုင်ငံရေးကျွမ်းကျင်သူများ ဝေဖန်
by mgtoe
Eleven Daily NewsToday, 04:37
Written by: 
နေထွန်းနိုင်၊ ဇင်ဘိုလွင်၊ ကျော်ဇင်ဝင်း

ဧပြီ ၃ ရက်က ထုတ်ပြန်ခဲ့သော IRI စစ်တမ်းတွင် ဖော်ပြခဲ့သော အချက်အလက်အချို့
သတင်းဆောင်းပါး

မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ်အဖြစ်  အမျိုးသားအဆင့် လူထုစစ်တမ်းတစ်ရပ်ကို အမေရိကန်အစိုးရ ကျောထောက်နောက်ခံပြှု International Republican Institute (IRI) က ကောက်ယူခဲ့ပြီး စစ်တမ်းရလဒ်ကို  ဧပြီ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

IRI စစ်တမ်းတွင် ဖော်ပြထားသော ကိန်းဂဏန်းများအရ မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေး အခြေအနေနှင့် သမ္မတ ဦးသိန်းစိန် အစိုးရ၏ ဆောင်ရွက်ချက်များအပေါ် အကောင်းမြင်သူ အများအပြားရှိနေပြီး  မြန်မာနိုင်ငံသည် လမ်းကြောင်းမှန်ပေါ်သို့  ရွေ့လျားနေပြီဟုလည်း အများစုက ရှုမြင်ခဲ့ကြသည်။

သို့သော် IRI ၏ စစ်တမ်းရလဒ်ကို အခြေပြုပြီး The Daily Eleven မေးခွန်း မေးမြန်းခဲ့ရာ ဖြေကြားသူတိုင်းက စစ်တမ်းရလဒ်များမှာ လွဲချော်နေပြီး မှားယွင်းမှုများရှိနေကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။ ထို့အတူ မြန်မာ့အရေး နှံ့စပ်ကျွမ်းကျင်သူတိုင်းက IRI စစ်တမ်းသည် သမားရိုးကျအမြင်၌ သာမက စစ်တမ်းကောက်ယူမှု နည်းစနစ်ပိုင်း၌ပါ လွဲမှားမှုရှိနေနိုင်ကြောင်း ဝေဖန်သုံးသပ်ခဲ့ကြသည်။
 
စစ်တမ်းကောက်ယူမှု နောက်ခံ

IRI ၏ လူထုစစ်တမ်းကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ၂၄ ရက်မှ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ  ၁ ရက်အတွင်း ကောက်ယူခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ကောက်ယူရာတွင် မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးအခြေအနေများနှင့် ပတ်သက်ပြီး ပြည်သူလူထု၏ သဘောဆန္ဒကို ရယူခဲ့သည်။ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုရှိ မြို့ပြနေရာ ၉၂ နေရာ၊ ကျေးလက်ဒေသ ၂၀၈ နေရာတွင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၃၀၀၀ အား စစ်တမ်းအတွက် မေးခွန်းမေးမြန်းပြီး ဆန္ဒရယူခဲ့ခြင်းဖြစ်သည်။

စစ်တမ်းအချက်အလက်များကို ကွင်းဆင်းကောက်ယူခဲ့သည့်အဖွဲ့မှာ ပြည်တွင်းမှ သုတေတနအဖွဲ့ဖြစ်သော Myanmar Survey Research ဖြစ်ပြီး IRI ၏ ကြီးကြပ်မှုအောက်တွင် ကောက်ယူခဲ့သည်။ လူထုစစ်တမ်းမှ ရရှိလာသော အချက်အလက်များကို လေ့လာဆန်းစစ်ခြင်းအား Global Strategic Partners မှ Rob Varsalone က ဆောင်ရွက်ခဲ့သည်။ စစ်တမ်းအတွက် ငွေကြေးထောက်ပံ့မှုကို United States Agency  for International Development(USAID) က ကူညီပံ့ပိုးခဲ့သည်။

ထွက်ပေါ်လာသော စစ်တမ်း၏ မျှခြေမှားယွင်း၊ မှန်ကန်နိုင်မှု ရာခိုင်နှုန်းမှာ +၂  (သို့မဟုတ်) - ၂ ရှိပြီး ၉၅ ရာခိုင်နှုန်း မှန်ကန်မှုရှိကြောင်း ယုံကြည်မှုရှိသည်ဟု IRI  ကဆိုသည်။

အစိုးရမဟုတ်သော အဖွဲ့အစည်းဟု ကြွေးကြော်ထားသည့် IRI မှာ အမေရိကန် အစိုးရ၏ ငွေကြေးထောက်ပံ့မှုဖြင့် ၁၉၈၃ ခုနှစ်တွင် ပေါ်ပေါက်လာသော အဖွဲ့ဖြစ်သည်။ ၁၉၈၃ ခုနှစ်တွင် အမေရိကန်ကွန်ဂရက်က ဖွဲ့စည်းခဲ့သော National Endowment for Democracy(NED) ၏ လက်အောက်တွင် IRI အဖွဲ့ ရှိနေသည်။ IRI က NED ၏ ရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အဓိက လုပ်ဆောင်ရမည့် အဖွဲ့လေးဖွဲ့အနက်တစ်ဖွဲ့ဖြစ်သည်။IRI ၏ လက်ရှိ ဥက္ကဋ္ဌမှာ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း ဖြစ်ပြီး ၁၉၉၃ ခုနှစ် အချိန်ကတည်းက တာဝန်ယူခဲ့သူ ဖြစ်သည်။

IRI မှ ကောက်ယူခဲ့သော လူထုစစ်တမ်းတွင် မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အခြေအနေများကို မေးမြန်းပြီး ရလဒ်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ စစ်တမ်းရလဒ်ကို ဖော်ပြရာ၌ ကဏ္ဍလေးခုကို သီးခြားဖော်ပြခဲ့ပြီး ပထမပိုင်းတွင် လက်ရှိဖွံ့ဖြိုးတိုးတက်မှုအခြေအနေအပေါ် ထင်မြင်ချက်ရလဒ်များကို ဖော်ပြခဲ့သည်။ ဒုတိယပိုင်းတွင် အသေးစိတ်ရလဒ်များကို ဖော်ပြပြီး တတိယပိုင်းတွင် နိုင်ငံရေးပါတီများ၏ အခန်းကနှင့် စတုတ္ထပိုင်းတွင် မီဒီယာပိုင်းဆိုင်ရာကိစ္စများကို ဖော်ပြခဲ့သည်။

“စစ်တမ်းကို ဈေးကွက်နဲ့ လူမှုရေးသုတေသန နည်းပညာတွေအတွက် နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ ကောက်ယူခဲ့တာဖြစ်ပါတယ်။ IRI အနေနဲ့လည်း အချက်အလက်တွေပေါ်မှာ ယုံကြည်ပါတယ်” ဟု စစ်တမ်းအပေါ် ဝေဖန်ပြောဆိုမှုများနှင့်ပတ်သက်၍ IRI မှ မြန်မာနိုင်ငံဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ Steve Cima က ပြောကြားသည်။

 



ဧပြီ ၃ ရက်က ထုတ်ပြန်ခဲ့သော  IRI စစ်တမ်းတွင် ဖော်ပြခဲ့သော အချက်အလက်အချို့


ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ

လက်ရှိဖွံ့ဖြိုးတိုးတက်မှု အခြေအနေကို ဖော်ပြရာ၌ ဒီမိုကရေစီစနစ်သည် အခြားသော အုပ်ချုပ်မှုစနစ်များထက် သာလွန်ကြောင်းကို စစ်တမ်းဖြေဆိုသူ ၇၆ ရာခိုင်နှုန်းက သဘောတူခဲ့သည်။ အကယ်၍ ယနေ့တွင် ရွေးကောက်ပွဲကျင်းပမည်ဆိုပါက စစ်တမ်းဖြေဆိုသူ ၈၉ ရာခိုင်နှုန်းက ဆန္ဒမဲပေးမည်ဟု ဖြေဆိုသည်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို ယုံကြည်မှုရှိကြောင်း ဖြေဆိုသူ ၅၃ ရာခိုင်နှုန်းက ပြောကြားခဲ့ပြီး  ဖြေဆိုသူ ၇၇ ရာခိုင်နှုန်းက ၂၀၁၅ ရွေးကောက်ပွဲအပေါ် ယုံကြည်နိုင်မည်ဟု ဆိုသည်။

မြန်မာနိုင်ငံသည် လမ်းကြောင်းမှန်ပေါ်တွင် ရောက်ရှိနေသည်ကို စစ်တမ်းဖြေဆိုသူ  ၈၈ ရာခိုင်နှုန်းက ထောက်ခံခဲ့ပြီး ခြောက်ရာခိုင်နှုန်းခန့်သာ မှားယွင်းနေသည်ဟု ထောက်ပြခဲ့သည်။

လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိနေပြီဟု ထောက်ခံသူ ၈၈ ရာခိုင်နှုန်းအား ပြန်လည်ဆန်းစစ်ရာ၌ ၃၅ ရာခိုင်နှုန်းခန့် လမ်းတံတား တည်ဆောက်ပေးခြင်းများကြောင့်  ထောက်ခံသည်ဟု ပြောဆိုခဲ့သည်။ ၂၇ ရာခိုင်နှုန်းမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာသဖြင့်ဟု ဖြေဆိုပြီး ၁၀ ရာခိုင်နှုန်းက တရားဥပဒေစိုးမိုးမှု တိုးတက်လာသဖြင့်ဟု ဆိုပါသည်။ ခြောက်ရာခိုင်နှုန်းမှာ နိုင်ငံရေးဆိုင်ရာများကို လွတ်လပ်စွာပြောဆိုခွင့်ရလာသဖြင့်ဟု ဖြေဆိုခဲ့ပြီး သုံး ရာခိုင်နှုန်းမှာ ပညာရေးဆိုင်ရာ ထောက်ပံ့မှု တိုးမြင့်လာသောကြောင့်ဟု ဆိုသည်။ ကျန်သုံးရာခိုင်နှုန်းမှာ လယ်ယာစိုက်ပျိုးရေး ကဏ္ဍတိုးတက်လာသောကြောင့် လမ်းကြောင်းမှန်ပေါ် ရောက်နေခြင်းကို ထောက်ခံသည်ဟု ဆိုသည်။

လမ်းကြောင်းမှန်ပေါ်တွင် ရောက်ရှိနေကြောင်း မထောက်ခံခဲ့သူများအနက် ၃၂ ရာခိုင်နှုန်းက စီးပွားရေးချွတ်ခြုံကျမှုကို အကြောင်းပြခဲ့ပြီး ၂၁ ရာခိုင်နှုန်းက တိုင်းရင်းသားအရေးနှင့် အခြားပဋိပက္ခများကို အကြောင်းပြခဲ့သည်။  

ထို့အပြင် ဖြေဆိုသူများအနက် ၈၅ ရာခိုင်နှုန်းက မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေ ကောင်းမွန်ကြောင်း သဘောထားပေးခဲ့ပြီး ၈၁ ရာခိုင်နှုန်းက လာမည့်နှစ်တွင် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ လက်ရှိအတိုင်း ရှိနေမည်(သို့မဟုတ်) ပိုကောင်းလာမည်ဟု မျှော်လင့်ခဲ့သည်။

မြန်မာနိုင်ငံ၌ အဓိက ရင်ဆိုင်နေရသည့် ပြဿနာသည် အလုပ်လက်မဲ့ပြဿ နာဖြစ်ကြောင်းကို ဖြေဆိုသူ ၁၉ ရာခိုင်နှုန်း က သဘောထားပေးခဲ့ပြီး ၁၆ ရာခိုင်နှုန်းက တိုင်းရင်းသားရေးနှင့် အခြားပဋိပက္ခများက အဓိကပြဿနာဟု ဖြေဆိုခဲ့သည်။
ကုန်ဈေးနှုန်းကြီးမြင့်မှုက အဓိကပြဿနာဖြစ်သည်ကို ကိုးရာခိုင်နှုန်းက သဘောထားပေးခဲ့ပြီး ခုနစ်ရာခိုင်နှုန်းက ဆင်းရဲမွဲတေမှုမှာ အဓိကပြဿနာဟု ဆိုသည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးက အဓိကပြဿနာ ဆိုသည့် အချက်ကိုမူ ဖြေဆိုသူအားလုံး၏  တစ်ရာခိုင်နှုန်းသာ ထင်မြင်ချက်ပေးခဲ့သည်။
    
အစိုးရကို အကောင်းမြင်

စစ်တမ်းဖြေဆိုသူများအနက် ၈၉ ရာခိုင်နှုန်းက အစိုးရ၏ လုပ်ဆောင်ချက်များ ကောင်းမွန်သည်ဟု ဖြေဆိုခဲ့သည်။ ထို့အပြင် သမ္မတ ဦးသိန်းစိန်၏ ကိုင်တွယ်လုပ်ဆောင်ပုံ နည်းလမ်းမှန်ကန်သည်ဟု ဖြေဆိုသူ ၉၁ ရာခိုင်နှုန်းက ထောက်ခံခဲ့ပြီး  လွှတ်တော်မှ ကောင်းမွန်စွာ ဆောင်ရွက်နိုင်သည်ဆိုခြင်းကို ၆၉ ရာခိုင်နှုန်းသာ ထောက်ခံခဲ့သည်။

အစိုးရကို လုပ်ဆောင်ချက်များ အနက် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးကို လုပ်ဆောင်ပေးခြင်းကို နှစ်သက်သူ ၈၇ ရာခိုင်နှုန်း ရှိခဲ့ပြီး ၇၄ ရာခိုင်နှုန်းက ငြိမ်းချမ်းရေးဆောင်ရွက်မှုကို နှစ်သက်ခဲ့သည်။ အလုပ်အကိုင်ဖန်တီးပေးမှုကြောင့် နှစ်သက်သူ ၅၁ ရာခိုင်နှုန်း ရှိခဲ့သည်။

အစိုးရအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများအပေါ် ပြည်သူလူထု၏ ကျေနပ်မှုအပိုင်းတွင် တပ်မတော်က ၈၄ ရာခိုင်နှုန်းဖြင့် အများဆုံးရပ်တည်ခဲ့သည်။ မီဒီယာက ၈၂ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာတွင် ရပ်တည်ခဲ့သည်။ ရဲတပ်ဖွဲ့ အပေါ် ကျေနပ်မှုမှာ ၇၄ ရာခိုင်နှုန်း ရှိခဲ့ပြီး ညွန့်ပေါင်းအုပ်ချုပ်မှုအပေါ် ကျေနပ်မှု ၇၄ ရာခိုင်နှုန်းရှိခဲ့သည်။ အစိုးရအတိုက်အခံများအပေါ် ကျေနပ်မှုမှာ ရာခိုင်နှုန်း ၇၀ ရှိခဲ့ပြီး  လွှတ်တော်အပေါ်ကျေနပ်မှုမှာ ၆၈ ရာခိုင်နှုန်း ရှိခဲ့သည်။ သို့သော် တရားရုံးများအပေါ် ကျေနပ်မှုမှာ ၆၂ ရာခိုင်နှုန်းရှိခဲ့ကာ နိုင်ငံရေးပါတီများအပေါ် ကျေနပ်မှုမှာ ၅၉ ရာခိုင်နှုန်းသာ ရှိခဲ့သည်။

 



ဧပြီ ၃ ရက်က ထုတ်ပြန်ခဲ့သော  IRI စစ်တမ်းတွင် ဖော်ပြခဲ့သော အချက်အလက်အချို့

ဦးသိန်းစိန်ကို  အနှစ်သက်ဆုံး

IRI ၏ စစ်တမ်းတွင် သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်းတို့ သုံးဦးအနက် မည်သူကို အနှစ်သက်ဆုံးဖြစ်သနည်းဆိုသော မေးခွန်းကိုလည်း  မေးမြန်းခဲ့သည်။ ထိုသို့ မေးမြန်းရာတွင် ဖြေဆိုသူအားလုံး၏ ၉၃ ရာခိုင်နှုန်းက ဦးသိန်းစိန်ကို အနှစ်သက်ဆုံး ဖြစ်သည်ဟု ဖော်ပြခဲ့ကြသည်။ ရာခိုင်နှုန်း ၉၀ မှာ ဒေါ်အောင်ဆန်းစုကြည်ကို နှစ်သက်ပြီး ၅၃ ရာခိုင်နှုန်းက သူရဦးရွှေမန်းကို နှစ်သက်သည်ဟု ပြောဆိုခဲ့ကြသည်။

သို့ရာတွင် IRI က ၎င်းတို့ဝက်ဘ်ဆိုက်တွင် ဖော်ပြသည့် ၃၄ မျက်နှာစစ်တမ်း၌ ထိုမေးခွန်းကို ထည့်သွင်းဖော်ပြခဲ့ခြင်း မရှိပေ။ ဧပြီ ၆ ရက်တွင် ထွက်ရှိသော The Messenger ဂျာနယ်၌ ဆောင်းပါးရှင် ဒေါက်တာဘမောင်ရေးသားသော IRI  စစ်တမ်းနှင့် ပတ်သက်သည့် ဆောင်းပါးတွင် ထိုမေးခွန်းနှင့် ရလဒ်ကို ဖော်ပြခဲ့သည်။ ဒေါက်တာဘမောင်၏ ဆောင်းပါးတွင် ဖော်ပြထားချက်အရ ၎င်းကိုးကားခဲ့သော စစ်တမ်းသည် IRI စစ်တမ်းပင်ဖြစ်ပြီး စာမျက်နှာ ၃၆ မျက်နှာပါရှိသည်။

ထို့ကြောင့် IRI စာတမ်းတွင် စာမျက်နှာ ၃၄ မျက်နှာပါ စစ်တမ်းနှင့် ၃၆ မျက်နှာပါ စစ်တမ်းဟူ၍ မူနှစ်မျိုးကွဲနေပြီး ၃၆ မျက်နှာ စစ်တမ်းကို အစိုးရနှင့် နီးစပ်မှုရှိသူများက ရရှိခဲ့ပုံရသည်။ ထိုသို့ မူနှစ်ရပ်ကွဲနေမှုနှင့် ပတ်သက်၍ IRI သို့ ဆက်သွယ်မေးမြန်းခဲ့ရာ ၃၄ မျက်နှာမူ တစ်ခုသာရှိသည်ဟု ပြန်လည်ဖြေကြားခဲ့သည်။

အစိုးရ၏ ဗဟိုအုပ်ချုပ်မှုကို  လူများစု လိုလား

IRI စစ်တမ်း၏ လွဲချော်မှုတစ်ရပ်မှာ  ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ ဗဟိုအုပ်ချုပ်မှုတွင် မည်သည့်အချက်ကို ထောက်ခံသနည်းဟု မေးမြန်းရာ၌ မေးခွန်းဖြေဆိုသူ အားလုံး၏ ၅၇ ရာခိုင်နှုန်းက ပြည်ထောင်စုအစိုးရ၏ ဗဟိုအုပ်ချုပ်မှုကို လိုလားကြောင်းဖော်ပြခဲ့ခြင်း ဖြစ်သည်။

IRI စစ်တမ်း ရလဒ်တွင် ဖော်ပြထားချက်များအရ တောင်တန်းဒေသတွင် နေထိုင်လျက်ရှိပြီး စစ်တမ်းဖြေဆိုသူ ၅၅ ရာခိုင်နှုန်းက ပြည်ထောင်စုအစိုးရ၏ ဗဟိုအုပ်ချုပ်မှုကို လိုလားပြီး ၃၉ ရာခိုင်နှုန်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို လိုလားသည်ဟု ဆိုသည်။ တောင်တန်းဒေသများတွင် တိုင်းရင်းသားများ အများစုနေထိုင်လျက်ရှိပြီး တိုင်းရင်းသားများက ပြည်ထောင်စုအစိုးရအဖွဲ့၏ ဗဟိုအုပ်ချုပ်မှုကို လိုလားကြောင်း IRI စစ်တမ်း၌ ဖော်ပြခဲ့ခြင်း ဖြစ်သည်။

ကမ်းရိုးတန်းဒေသများတွင် နေထိုင်ပြီး စစ်တမ်းဖြေဆိုခဲ့သူ ၅၃ ရာခိုင်နှုန်းက ပြည်ထောင်စုအစိုးရ၏ ဗဟိုအုပ်ချုပ်မှုကိုလိုလားပြီး ရာခိုင်နှုန်း ၄၀ က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို လိုလားခဲ့သည်။  မြေပြန့်ဒေသတွင် နေထိုင်ပြီး စစ်တမ်းဖြေဆိုခဲ့သူ ၆၅ ရာခိုင်နှုန်းက ပြည်ထောင်စုအစိုးရ၏ ဗဟိုအုပ်ချုပ်မှုကိုလိုလားပြီး ၂၅ ရာခိုင်နှုန်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို လိုလားခဲ့သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို  ကျေနပ်

IRI စစ်တမ်းဖြေဆိုခဲ့သူများအနက်  ရာခိုင်နှုန်း ၅၀ က အစိုးရအဖွဲ့အတွင်း အဂတိလိုက်စားမှု အနည်းငယ်သာရှိကြောင်း  ဖြေဆိုခဲ့ပြီး ၂၅ ရာခိုင်နှုန်းခန့်သာ အလွန်အကျွံရှိနေကြောင်း ဖော်ပြခဲ့သည်။

အစိုးရ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆောင်ရွက်မှုအပေါ် ဖြေဆိုသူအားလုံး၏ ရာခိုင်နှုန်း ၃၀ က အလွန်ကျေနပ်ခဲ့ပြီး ၄၂ ရာခိုင်နှုန်းက ကျေနပ်မှုရှိကြောင်း ဖော်ပြခဲ့သည်။ လုံးဝ မကျေနပ်ကြောင်းပြောဆိုသူမှာ နှစ်ရာခိုင်နှုန်းသာ ရှိခဲ့သည်။

 



ဧပြီ ၃ ရက်က ထုတ်ပြန်ခဲ့သော  IRI စစ်တမ်းတွင် ဖော်ပြခဲ့သော အချက်အလက်အချို့


စစ်တမ်းအပေါ် ဝေဖန်တုံ့ပြန်မှု  

IRI စစ်တမ်းရလဒ် ထွက်ပေါ်ချိန်တွင်  သမ္မတဦးသိန်းစိန်၏ အစိုးရအဖွဲ့ဝင်များ နှင့် အစိုးရအဖွဲ့ကို ထောက်ခံသူများက ကြို ဆိုခဲ့ကြသည်။ သို့သော် မြန်မာ့နိုင်ငံရေး၏ လက်ရှိအခြေအနေများကို သိရှိထားသည့် ကျွမ်းကျင်သူများကမူ စစ်တမ်းတွင် ကြီးမားသော လွဲချော်မှုများရှိနေကြောင်း ဝေဖန်တုံ့ပြန်ခဲ့သည်။

“စစ်တမ်းကို ကြည့်တဲ့အခါ နှစ်မျိုးရှိတယ်။ ပထမအချက်က common sense သာမန်အမြင်နဲ့ ကြည့်တာ။ ဒီလိုကြည့်တော့လည်း လွဲချော်နေတယ်။ နောက်တစ် တစ်ခုက ပညာရပ်ပိုင်းဆိုင်ရာ methodologies နည်းနဲ့ ကြည့်တာ။ ဒီနေရာမှာလည်း ချို့ယွင်းချက်တွေကို တွေ့ရတယ်။ စစ်တမ်းတွေကို ကြည့်လေ့ရှိတဲ့ စံချိန်စံညွှန်းနှစ်ရပ်နဲ့ ကြည့်တဲ့အခါ နှစ်ခုစလုံး လွဲချော်နေတာကို တွေ့ရပါတယ်”ဟု မြန်မာ့အရေးကျွမ်းကျင်သူ တစ်ဦးဖြစ်ပြီး အမေရိကန်နိုင်ငံ၊ ဘာကလေတက္ကသိုလ်တွင် နိုင်ငံရေးသိပ္ပံဘာသာရပ်ဖြင့် ပါရဂူဘွဲ့ယူရန် ပြင်ဆင်နေသည့် ဦးမင်းဇင်က ပြောကြားသည်။

“စစ်တမ်းရလဒ်တွေက ပွတ်ကာသီကာလွဲရင် မပြောလိုပါဘူး။ အခုဟာက ကျွမ်းထိုးမှောက်ခုံကို လွဲချော်နေတယ်”ဟု မြန်မာ့အရေးလေ့လာသူ ဒေါက်တာရန်မျိုးသိမ်းက ပြောကြားသည်။

ဘာတွေ လွဲချော်နေသလဲ

IRI စစ်တမ်းရလဒ်ကို ဝေဖန်မှုပြုလုပ်ရာ၌ မည်သူများကို မည်သည့်ပုံစံများဖြင့် မေးမြန်းခဲ့သနည်းဆိုသော အချက်ကို အဓိကထားဝေဖန်ခဲ့ကြသည်။ ထို့အပြင် မြန်မာနိုင်ငံသည် လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိနေပြီဆိုသည့် ရလဒ်ကိုလည်း ဝေဖန်ခဲ့သည်။

စီးပွားရေး ဖွံ့ဖြိုးမှုအခြေအနေ ကောင်းမွန်သည်ဟု ဖြေဆိုချိန်တွင် အလုပ်လက်မဲ့ ပြဿနာသည် အဓိက ပြဿနာဖြစ်နိုင်သည်ဟုလည်း ဖြေဆိုထားသည်။ ထို့အတူ ဦးသိန်းစိန်ကို ဒေါ်အောင်ဆန်းစုကြည် ထက်ပိုနှစ်သက်သည်ဆိုသော ဖြေဆိုမှုများနှင့် ပြည်သူများအကြား နှစ်ခြိုက်မှုမရှိသေးသော ရဲတပ်ဖွဲ့ကို လွှတ်တော်ထက် ပိုနှစ်သက်ဆိုသော အမြင်များ၊ တရားရုံးများကို နိုင်ငံရေး ပါတီများထက် ပိုနှစ်သက်သည်ဆိုသော အမြင်များမှာ မေးခွန်းထုတ်စရာများ ရှိနေသည်။ ထို့အပြင် တောင်တန်းဒေသတွင် နေထိုင်သော တိုင်းရင်းသားများက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ထက် အစိုးရ၏ ဗဟိုချုပ်ကိုင်မှုကို ပိုလိုလားသည်ဆိုသော အချက်မှာလည်း လွဲချော်မှုတစ်ခု ဖြစ်နေသည်။

“လမ်းကြောင်းမှန်မှာ ရှိနေတယ်လို့ ပြောလို့မရဘူး။ အခြေခံဥပဒေပြင်ဆင်ရေးကို လက်မခံသေးတဲ့အချိန်မှာ လမ်းကြောင်းမှန်ပေါ်ရောက်တယ်ဆိုတာ မဖြစ်နိုင်ဘူး။ သမ္မတ လုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီး စစ်တမ်းမှာ ဖော်ပြထားချက်ကို သဘောမတူဘူး”ဟု လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ဆိုသည်။

“ဘတ်စ်ကားပေါ်မှာ၊ ရပ်ကွက်တွေထဲမှာဆိုရင် လက်ရှိအခြေအနေကို ပြုပြင်ပြောင်းလဲရေးလို့ မမြင်တော့ဘူး။ လှောင်စရာတစ်ခုလို့ပဲ မြင်လာပါတယ်”ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂမှ မဖြိုးဖြိုးအောင်က ပြောကြားသည်။

အဂတိလိုက်စားမှုအပိုင်းတွင်လည်း အစိုးရ၏ ကိုင်တွယ်ဆောင်ရွက်မှုကို ကျေ နပ်မှုရှိသည်ဟု ပြောဆိုခြင်းမှာ ပြက်လုံးတစ်ခုသာ ဖြစ်သည်ဟု ကယန်းပြည်သစ်ပါတီမှ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီး စောလွင်က ဆိုသည်။     

“ရဲအပေါ် ၇၄ ရာခိုင်နှုန်း ထောက်ခံတယ်ဆိုတာလည်း များလွန်းတယ်။ ရဲစခန်းသွားလို့ ကူညီပါရစေဆိုတာနဲ့တင် ကြောက်နေရတာ။ ပိုက်ဆံမပေးရင် စာရွက်ကို မကိုင်တာတွေ ရှိသေးတယ်လေ။ ဒါတွေကို ပြုပြင်ပြောင်းလဲပစ်ဖို့ လိုနေပါပြီ။ သူတို့က ဘယ်လိုအလွှာ၊ ဘယ်လို လူတွေကို ကောက်ခဲ့သလဲဆိုတာတော့ မပြောနိုင်ဘူး”ဟု ရခိုင်အမျိုးသားပါတီ၏ ပထမခေါင်းဆောင် ဦးအေးသာအောင်က ပြောကြားသည်။

“တရားရုံးကို ၆၂ ရာခိုင်နှုန်းက ကျေနပ်တယ်လို့ စစ်တမ်းမှာ ဖော်ပြထားတာ အဲဒီဖြေတဲ့သူတွေ အမှုမဖြစ်ဘူးလို့ဘဲ ဖြစ်လိမ့်မယ်။ အမှုဖြစ်ဘူးလို့ရင် တစ်ခါတည်းနဲ့ တော်ပါပြီ တန်ပါပြီ ကြောက်ပါပြီ ဖြစ်သွားမှာပေါ့။ ပြည်သူ့ရဲအဖွဲ့ကို ကျေနပ်မှုက ၇၄ ရာခိုင်နှုန်း တာကလည်း ကူညီပါရစေဆိုတာကို သူတို့ အကူအညီသွားမတောင်းဖူးတဲ့သူဆို ဒီလိုဖြေမှာ မဟုတ်ဘူး”ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ဆိုသည်။

ွှုIRI စစ်တမ်း နောက်ကွယ်မှာ ဘာရှိနေမလဲ

IRI စစ်တမ်းရလဒ်များ ထွက်ပေါ်ပြီးချိန်တွင် အငြင်းပွားဖွယ်ရာများ ရှိခဲ့ကာ စစ်တမ်း၏ လွဲချော်မှုမှတစ်ဆင့် နောက်ကွယ်တွင် မည်သည့်ကိစ္စများ ရှိနေသည် ဆိုခြင်းကို ဝေဖန်ပြောဆိုမှုများလည်း ရှိလာခဲ့သည်။ စစ်တမ်း၏ လွဲချော်မှုတွင် IRI  ၏ ကြီးကြပ်မှုအောက်မှ ပြည်တွင်း ကွင်းဆင်း ကောက်ယူသော ပြည်တွင်းသုတေသနအဖွဲ့၏ လုပ်ငန်းအတွေ့အကြုံ အားနည်းမှုလည်း ပါဝင်နိုင်သည့်နည်းတူ IRI ကိုယ်တိုင်က တမင်ရည်ရွယ်ချက်ဖြင့် ပြုလုပ်နိုင်ခြင်း ဖြစ်သည်ဆိုသော ဝေဖန်မှုများလည်း ရှိသည်။

“IRI က အမေရိကန်အစိုးရရဲ့ ငွေကြေးနဲ့ လည်ပတ်နေတာ။ သူတို့အနေနဲ့ မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရရဲ့ ထိတွေ့ဆက်ဆံမှု အောင်မြင်တယ်ဆိုတာကို ပြချင်လို့၊ အမေရိကန်အစိုးရကို လော်ဘီလုပ်ချင်လို့ လုပ်တာလည်း ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် အမေရိကန်ပြည်သူတွေရဲ့ငွေနဲ့ လုပ်ခဲ့တဲ့ကိစ္စမှာ ရလဒ်ဟာ မြန်မာနိုင်ငံက ပြည်သူတွေရဲ့ သဘောဆန္ဒနဲ့ မကိုက်ညီဘူးဆိုရင် အမေရိကန်ပြည်သူတွေရဲ့ငွေကို ဖြုန်းတီးတာပဲ”ဟု ဒေါက်တာရန်မျိုးသိမ်း က ဆိုသည်။

“နိုင်ငံတကာအဖွဲ့အစည်းတွေ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး သေချာနားမလည်ဘူး။ မကျွမ်းကျင်ဘူး။  ပြီးတော့ အဲဒီမှာရှိနေတဲ့ ၀န်ထမ်းတွေလည်း နားမလည်ဘူး။ မကျွမ်းကျင်ဘူး။ အခုပုံစံကြည့်ရတာက ဖြစ်သလို လုပ်တာကို တွေ့ရတယ်။ မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကို သေချာနားမလည်ဘဲ ဖြစ်သလိုလုပ်တာတွေ့ရတယ်”ဟု ဗေဒါ အင်စတီကျုမှ ကိုမျိုးရန်နောင်သိမ်းက ပြောကြားသည်။

“ ဒီစစ်တမ်းမှာပါတဲ့ အချက်အလက်တွေက တက်တက်စင်အောင် လွဲချော်နေတယ်။ပုဂ္ဂိုလ်တစ်ဦးချင်းအပေါ် ပြည်သူလူထု ကျေနပ်မှုမှာ ဦးသိန်းစိန်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကို ကျော်ဖို့မပြောနဲ့ ယှဉ်လို့တောင် မရဘူး။ ဦးသိန်းစိန်ကို လူကြိုက်များတဲ့ လွန်ခဲ့တဲ့ နှစ်နှစ်အချိန်ကတောင် တန်းတူမရှိခဲ့ဘူး။ အခုချိန်မှာ ပြည်သူတွေက ဦးသိန်းစိန်ကို ဦးသန်းရွှေနဲ့ နှိုင်းယှဉ်ပြီးတော့ ပြောနေကြပြီ။ ပြုပြင်ပြောင်းလဲမှုတွေကလည်း ဘာမှ အားရစရာမရှိဘူး။ ဒီအချိန်မှာ ဦးသိန်းစိန်ကို ဒေါ်အောင်ဆန်းစုကြည်ထက် ပိုပြီးကျေနပ်တယ်ဆိုတာ ကြီးကြီးမားမားလွဲချော်မှုပဲ။ နောက်ပြီး တခြား ကြီးကြီးမားမား လွဲချော်မှုတွလည်း ရှိနေတယ်”ဟု  ကမ္ဘာ့သတင်းစာများနှင့် သတင်းစာ ထုတ်ဝေသူများ အစည်းအရုံး  (WANIFRA) ၏ ရွှေကလောင်ဆုရှင် Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်က ပြောကြားသည်။

မည်သို့ပင်ဆိုစေကာမူ  IRI စစ်တမ်းကြောင့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ၏ သုံးသပ်ချက်များ လွဲချော်မည်ကို စိုးရိမ်ကြောင်း ၎င်းက ပြောကြားသည်။

“ဒီစစ်တမ်းကြောင့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့ သဘောထားသုံးသပ်ချက်တွေ လွဲကုန်မှာစိုးရိမ်တယ်။ မြန်မာနိုင်ငံမှာရှိနေတဲ့ အမေရိကန်သံရုံးနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အာဏာရအစိုးရ နောက်ကွယ်မှာ မြန်မာနိုင်ငံအပေါ်လွဲမှားတဲ့ သုံးသပ်ချက်တွေ ရှိနေတာကို စိုးရိမ်တယ်။ ဒီစစ်တမ်းကြောင့် ၂၀၁၅ ရွေးကောက်ပွဲမှာ မဲခိုး၊ မဲညစ်လို့ ရအောင်လုပ်ပေးလိုက်သလို ဖြစ်နေတယ်။ အမေရိကန်အစိုးရအနေနဲ့ သူတို့ရဲ့အကျိုးစီးပွားအတွက် ပထ၀ီနိုင်ငံရေးအနေအထားအရ အာဏာရှင်တွေနဲ့ အပေးအယူလုပ်ပြီး မြန်မာ့ဒီမိုကရေစီရေးကို ချကျွေးသလို လုပ်လာခဲ့ရင် မြန်မာပြည်သူတွေ ရဲ့ အမုန်းတရားနဲ့ ကြုံတွေ့ရလိမ့်မယ်။ ဒီစာတမ်းအတွက် အမေရိကန်အစိုးရနဲ့ အမေရိကန်သံရုံးတို့က တာဝန်ယူရလိမ့်မယ်” ဟု ဒေါက်တာသန်းထွဋ်အောင်က ဆက်လက် ပြောကြားသည်။ 

Local
Show commentsOpen link

posted from Bloggeroid

No comments:

Post a Comment