တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ အရန်ပိုက်လိုင်းဖြတ်သန်း၍ ပျက်စီးခဲ့သည့် ယာမြေနှင့် သီးနှံများအတွက် လျော်ကြေးမရသေးသောကြောင့် ငဖဲမြို့နယ် တောင်သူများ ဆန္ဒပြမည်
by htikeaung
Eleven Daily NewsToday, 01:20
Written by:
အောင်သူငြိမ်း
ငဖဲမြို့နယ် နတ်ရေကန်တောင်ကြောပေါ်မှ တရုတ်ပိုက်လိုင်း ထပ်တွန်းစက်ရုံတစ်ခု
တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ အရန်ပိုက်လိုင်းဖြတ်သန်း၍ ပျက်စီးခဲ့သော ယာမြေနှင့် သီးနှံများအတွက် လျော်ကြေးမရသေးသောကြောင့် မကွေးတိုင်း ငဖဲမြို့နယ် ဂုတ်ကြီးဒေသမှ တောင်သူ ၂၀၀ ခန့် မေ ၃ ရက်တွင် မင်းဘူး-အမ်း ကားလမ်းပေါ်ရှိ ဂုတ်ကြီးကျေးရွာ၌ ဆန္ဒထုတ်ဖော်မည်ဟု သိရသည်။
အရှိုချင်းလူမျိုး အများစုနေထိုင်ရာ ငဖဲမြို့နယ်မှ ဂုတ်ကြီးကျေးရွာ အပါအ၀င် တောင်ပေါ်ကျေးရွာ ၁၀ ရွာ အုပ်စုအတွင်းရှိ ဥယျာဉ်မြေများပေါ်မှ အဆိုပါ သဘာဝဓာတ်ငွေ့ အရန်ပိုက်လိုင်း ဖြတ်သန်းတည်ဆောက်ခဲ့မှုကြောင့် လိမ္မော်၊ ကော်ဖီ၊ ငှက်ပျော စသည့်သီးနှံများ အပါအ၀င် စိုက်ပျိုးမြေများလည်း ပျက်စီးခဲ့ကြောင်း၊ ယခင်နှစ်မိုးရာသီက ယင်းပိုက်လိုင်းမှ ဖို့မြေများ ပြိုဆင်းမှုကြောင့် မင်းဘူး -အမ်းကားလမ်းတွင် လမ်းပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကာ တောင်ပေါ်ကျေးရွာများမှ သောက်သုံးရေအတွက် အမှီပြုရသည့် သဘာဝစမ်းချောင်းအချို့လည်း သဲထိုး၍ ရေကြောကမ်းခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ထိုသို့ ပျက်စီးမှုများ ကြုံတွေ့ခဲ့ရသောကြောင့် နိုင်ငံတော်သမ္မတကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ထံ သီးနှံနှင့် စိုက်ပျိုးမြေ ပျက်စီးခဲ့ရသည့် ဒေသခံတောင်သူများ စုပေါင်းလက်မှတ်ရေးထိုး၍ ၂၀၁၃ ခုနှစ်က တင်ပြခဲ့ကြောင်း၊ ထို့အပြင် ၂၀၁၄ ခုနှစ် မတ် ၁၈ ရက်နေ့စွဲဖြင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံသို့ ထပ်မံတင်ပြခဲ့သော်လည်း သက်ဆိုင်ရာ ဌာနများမှ ညှိနှိုင်းဆောင်ရွက်ပေးခြင်း မရှိခဲ့သောကြောင့် ဆန္ဒပြရန် စီစဉ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။
“ပျက်စီးခဲ့တဲ့ ကျွန်တော်တို့ သီးနှံတွေနဲ့ မြေတွေအတွက် လျော်ကြေးမပေးသေးပေမယ့် ၂၀၁၃ နှစ်ကုန်ပိုင်းလောက်တုန်းက ပိုက်လိုင်းဖြတ်သန်းထားတဲ့ မြေတွေကို စိုက်ပျိုးမြေကနေ အခြားမြေအဖြစ်သုံးဖို့ မူရင်းပိုင်ရှင်တွေက ကန့်ကွက်ရင် ကန့်ကွက်နိုင်တယ်ဆို မြေစာရင်းဌာနက စာပို့ခဲ့တာရှိတယ်။ အဲဒါကိုလည်း တောင်သူတွေက ကန့်ကွက်ခဲ့ပါတယ်။ အခုက တကယ်ပျက်စီးခဲ့တာတွေအတွက် လျော်ကြေးလုံးဝ မရသေးတဲ့အပြင် ပျက်စီးခဲ့တဲ့ မြေတွေပေါ် ရေရှည်မှာ ဘာမှစိုက်မရတော့မှာမို့ ဆန္ဒပြကြမှာပါ။ ခွင့်ပြုမိန့်လည်း တင်ထားပါတယ်” ဟု ဂုတ်ကြီးကျေးရွာမှ တောင်သူတစ်ဦးက ပြောကြားသည်။
အဆိုပါ ပျက်စီးမှုများနှင့်ပတ်သက်၍ ငဖဲမြို့နယ် အုပ်ချုပ်ရေးမှူးထံ The Daily Eleven သတင်းစာမှ ၂၀၁၃ ခုနှစ်က မေးမြန်းခဲ့စဉ်က တောင်သူများက ပျက်စီးမြေများအား လိမ်လည်ပြောဆိုသည်များ ရှိသောကြောင့် အမှန်တကယ် ပျက်စီးမှုများအား စိစစ်နေဆဲဖြစ်ကြောင်း ဖြေကြားခဲ့ပြီး ၂၀၁၄ ခုနှစ် မတ်အတွင်းက ဒေသခံတောင်သူများက ၎င်းထံမေးမြန်းခဲ့ရာတွင်လည်း အမှန်တကယ် ပျက်စီးမှုများအား စိစစ်ဆဲဖြစ်ကြောင်း၊ အမှန်တကယ် ပျက်စီးမှုများအတွက် လျော်ကြေးငွေပေးမည်ဟု ပြောကြားခဲ့သော်လည်း ယနေ့ထိ လျော်ကြေးမရသေးကြောင်း သိရသည်။
Madalay & others
Show commentsOpen link

posted from Bloggeroid
No comments:
Post a Comment