ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြေရှင်းနိုင်မှု မရှိသေးသော လယ်ယာမြေနှင့် ပတ်သက်သည့် အမှုပေါင်း ၆၃ မှု ကျန်ရှိနေ
by htikeaung
Eleven Daily NewsToday, 01:20
Written by:
ကျော်ထင်
လှိုင်သာယာမြို့နယ်ရှိ န၀ဒေးဥယျာဉ် အိမ်ရာစီမံကိန်းအတွင်း သိမ်းဆည်းခံရသော ကွင်းအမှတ် (၃၁၁)၊ (၃၇၆) မှ လယ်သမားများ ဆန္ဒပြနေစဉ် (ဓာတ်ပုံ-ဉာဏ်ဝင်းရှိန်)
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြေရှင်းနိုင်မှု မရှိသော လယ်ယာမြေနှင့် ပတ်သက်သည့် အမှုပေါင်း ၆၃ မှု ကျန်ရှိနေကြောင်း ဧပြီ ၂၈ ရက်တွင်ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုးမင်း၏ ပြောကြားချက်အရ သိရသည်။
ယင်းနေ့တွင် လှိုင်သာယာမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်း၏ “ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တစ်မြို့နယ်ချင်းအလိုက် လယ်ယာမြေအမှုပေါင်း မည်မျှရှိပါသလဲ။ ဖြေရှင်းပြီး အမှုပေါင်းနှင့် ဖြေရှင်းရန် ကျန်အမှုပေါင်း မည်မျှကျန်ရှိသည်ကို သိရှိလိုကြောင်း” မေးမြန်းမှုအပေါ် ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုးမင်းက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“ရန်ကုန်တိုင်းဒေသကြီးမှာ လယ်ယာမြေအမှုများကို ကော်မတီတွေဖွဲ့ပြီး ဖြေရှင်းပေးနေတယ်လို့ သိရပါတယ်။ ဒါကြောင့် ဖြေရှင်းပြီး အမှုပေါင်းနှင့် ဖြေရှင်းကျန်အမှုပေါင်း မည်မျှကျန်ရှိကြောင်း သိလိုပါတယ်” ဟု လှိုင်သာယာမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းက မေးမြန်းခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း လယ်ယာမြေ အမှုအခင်းများဖြစ်၍ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်တို့မှ တည်ဆဲလယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်နေသည့် ၂၀၁၄ မတ်လကုန်အထိ အမှုတွဲပေါင်း ၇၅ မှုရှိကြောင်း၊ အဆိုပါ အမှုတွဲ ၇၅ မှုတွင် ဖြေရှင်းပြီးအမှုပေါင်း ၁၂ မှုရှိပြီး ဖြေရှင်းရန် အမှုတွဲပေါင်း ၆၃ မှု ကျန်ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုးမင်းက ပြန်လည်ဖြေကြားသည်။
မြို့နယ်တစ်ခုချင်းအလိုက် ဖြေရှင်းရန် ကျန်ရှိသည့် အမှုတွဲများအနေဖြင့် သန်လျင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့တွင် ငါးမှု၊ ကျောက်တန်းမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့တွင် တစ်မှု၊ သုံးခွမြို့နယ်တွင် သုံးမှု၊ ခရမ်းမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့တွင် သုံးမှု၊ ကော့မှူးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့တွင် ခုနစ်မှု၊ ကွမ်းခြံကုန်းမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့တွင် ရှစ်မှု၊ ဒလမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့တွင် လေးမှု၊ မှော်ဘီမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့တွင် နှစ်မှု၊ လှည်းကူးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့တွင် လေးမှု၊ တိုက်ကြီးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့တွင် နှစ်မှု၊ ထန်းတပင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့တွင် လေးမှုတို့ဖြစ်ကြောင်း ဦးစိုးမင်းက ပြောကြားသည်။
Yangon news
Show commentsOpen link

posted from Bloggeroid
No comments:
Post a Comment