Tuesday, April 29, 2014

စောင့်ကြည်စေချင်တဲ့သူ

ရန်ကုန်တိုင်း ဒေသကြီးအတွင်း တရားဥပဒေစိုးမိုးရေးကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရ ပေါင်းစပ်ညှိနှိုင်း၍ စီမံချက်များချမှတ် အကောင်အထည်ဖော်မည်
by mgtoe
Eleven Daily NewsToday, 05:19
Written by: 
ကျော်ထင်
ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားဥပဒေ စိုးမိုးရေးကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရပေါင်းစပ်ညှိနှိုင်း၍ စီမံချက်များချမှတ် အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း ဧပြီ ၂၈ ရက်က ပြုလုပ်သည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အဋ္ဌမ ပုံမှန်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်း၏ ပြောကြားချက်အရ သိရသည်။

ဧပြီ ၂၄ ရက်က ပြုလုပ်သော လွှတ်တော်အစည်းအဝေးတွင် ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း တင်သွင်းသော "ရန်ကုန်တိုင်း ဒေသကြီးအတွင်း တရားဥပဒေ စိုးမိုးရေးကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရပေါင်းစပ် ညှိနှိုင်း၍ စီမံချက်များချမှတ် အကောင်အထည် ဖော်နိုင်ရန် အစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း" အဆိုအား ပြန်လည်ရှင်းလင်းရာတွင် ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားဥပဒေစိုးမိုးရေး အကောင်အထည် ဖော်ရန်အတွက် အစိုးရတစ်ခုတည်း ဆောင်ရွက်သည်ထက် မဏ္ဍိုင်သုံးရပ်ဖြစ်သော အုပ်ချုပ်ရေး မဏ္ဍိုင်ဖြစ်သည့် အစိုးရအဖွဲ့၊ ဥပဒေပြုရေး မဏ္ဍိုင်ဖြစ်သည့် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်တဲ့ လွှတ်တော်အဖွဲ့၊ တရားစီရင်ရေး မဏ္ဍိုင်ဖြစ်သည့် တရားရေးဆိုင်ရာ ၀န်ထမ်းများပါ ပူးပေါင်းပါဝင်ပြီး ပြည်သူလူထုများပါ လိုက်နာဆောင်ရွက်မည် ဆိုပါက တရားဥပဒေ စိုးမိုးရေးကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်မည်ဖြစ်ကြောင်း၊ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရာတွင် တရားဥပဒေစိုးမိုးရေးသည် အဓိကလိုအပ်ချက် ဖြစ်သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ပြည်သူများကို လုံခြုံစွာ အကာအကွယ် ပေးနိုင်သည့် ဥပဒေများကို ယနေ့ခေတ်ကာလနှင့် လိုက်လျောညီထွေဖြစ်အောင် လွှတ်တော်ကိုယ်စားလှယ်များက ရေးဆွဲပေးရမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားသည်။                 

"တရားဥပဒေ စိုးမိုးရေးအတွက် ပြဋ္ဌာန်းထားတဲ့ ဥပဒေကို လိုက်နာဖို့အတွက် အစိုးရအဖွဲ့အနေနဲ့ ထိန်းကျောင်းပေးပြီးတော့ ပြစ်မှုကျူးလွန်တဲ့ သူတွေကို ထိရောက်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ပေးနိုင်ဖို့ တရားရေးအဖွဲ့များ တာဝန်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးဟာ အခြားတိုင်းဒေသကြီးနှင့်မတူဘဲ လူဦးရေသိပ်သည်း များပြားခြင်း၊ ရွေ့လျား လူဦးရေများပြားခြင်း၊ လူတန်းစားအလွှာစုံခြင်းနှင့် အသက်မွေးဝမ်းကျောင်းမှု များစွာရှိတဲ့အတွက် အခြားသော တိုင်းဒေသကြီးများထက် မှုခင်းဖြစ်ပွားမှု အချိုးအစား အမျိုးအစား များပြားပါတယ်" ဟု ဗိုလ်မှူးကြီးတင်ဝင်းက ဆိုသည်။                         

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၌ ယခုကာလအတွင်း ဖြစ်ပွားနေသော လူစုလူဝေးဖြင့် လှုပ်ရှားမှုများ၊ ဥပဒေကို ကျော်လွန်၍ ဆန္ဒပြမှုများ၊ အများပိုင်လမ်းများပေါ်တွင် ကျူးကျော်မှုများသည် တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်နေသည့် ကိစ္စရပ်များဖြစ်ပြီး အလားတူမှုခင်းဖြစ်ပွားမှု များလာခြင်းကလည်း တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်နေကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားဥပဒေစိုးမိုးရေးကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရပေါင်းစပ်ညှိနှိုင်း၍ စီမံချက်များချမှတ် အကောင်အထည်ဖော်ရန်ကို သဘောတူကြောင်း ဗိုလ်မှူးကြီးတင်ဝင်းက ဆိုသည်။

သို့သော် ယင်းအဆိုအား ဒေါက်တာညိုညိုသင်း အဆိုတင်သွင်းစဉ်က ထည့်သွင်းတင်ပြခဲ့သည့် အစိုးရသုံးငွေများကို စောင့်ကြည့်နိုင်မည့် ပြည်သူ့ငွေစာရင်း ကော်မတီ၊ ပြည်သူများ၏ တိုင်ကြားစာကော်မတီ၊ အစိုးရ၏ လွှတ်တော်တွင်ပေးသည့် ကတိက၀တ်များကို စောင့်ကြည့်မည့် ကော်မတီများကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ ဖွဲ့စည်းပေးရန်ကိုမူ ဗိုလ်မှူးကြီးတင်ဝင်းက သဘောမတူခဲ့ပေ။

"အခြားပြည်နယ်နှင့်တိုင်း ၁၃ ခုမှာ ဒီလိုကော်မတီတွေရှိတယ်။ ရန်ကုန်မှာပဲမရှိတာ။ ပြည်သူ့ငွေစာရင်း ကော်မတီရှိမှာကို မလိုလားတဲ့အတွက် အစိုးရသုံးတဲ့ ငွေစာရင်းတွေဟာ ရိုးသားဖြောင့်မတ်မှုရှိတယ် မရှိဘူးဆိုတာ မေးခွန်းထုတ်စရာ ဖြစ်သွားတယ်။ ပြည်သူ့တိုင်ကြားစာ ကော်မတီကို မလိုချင်ဘူးဆိုတော့ ကျွန်တော်တို့ဘာသာ ကျွန်တော်တို့လုပ်မယ်။ ကျွန်တော်တို့ဝင်မစွက်နဲ့ ဆိုတဲ့သဘော။ အစိုးရက သူပေးထားတဲ့ ကတိခံဝန်ချက်ကိုလုပ်ခြင်း ရှိ မရှိ စောင့်ကြည့်တဲ့ကော်မတီ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော် မှာလည်းရှိတယ်။ ဘာကြောင့်သူတို့ရဲ့ အာမခံချက်ကို စောင့်ကြည့်စေချင်တဲ့သူ မရှိတာလဲလို့ အစိုးရကို မေးခွန်းထုတ်စရာဖြစ်တယ်" ဟု ဒေါက်တာညိုညိုသင်းက လွှတ်တော်အပြီး သတင်းမီဒီယာများအား ပြောကြားသည်။

 

 

Yangon news
Show commentsOpen link

posted from Bloggeroid

No comments:

Post a Comment