၂၀၁၄ ဧပြီလ ၈ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်
by ktn.kyaw
Eleven Daily NewsYesterday, 04:35
လာဘ်ပေးလာဘ်ယူပြဿ နာ၊ မီဒီယာနှင့်ဥပဒေမှာ မျက်နှာနှစ်ဖက် ရှိနေသလား
အစိုးရသစ်လက်ထက် ဝေဖန်အခံရဆုံးကိစ္စနှစ်ခုမှာ လာဘ်ပေးလာဘ်ယူပြဿ နာအား ထိထိရောက်ရောက် အရေးယူမှုမရှိခြင်းနှင့် ဂျာနယ်လစ်များအား ထောင်ချခြင်းတို့ ဖြစ်သည်။
သမ္မတဦးသိန်းစိန်က ၂၀၁၁ ခုနှစ် မတ် ၃၁ ရက်ကပြုလုပ်ခဲ့သည့် မိန့်ခွန်းနာခံခြင်းနှင့် ကတိသစ္စာပြုခြင်း အခမ်းအနားတွင် အစိုးရဌာနများတွင် ဖြစ်ပေါ်နေသည့် လာဘ်ပေးလာဘ်ယူကိစ္စများကို တိုက်ဖျက်သွားရန် ထည့်သွင်းပြောကြားခဲ့သည်။ ထို့ပြင် စတုတ္ထမဏ္ဍိုင်မီဒီယာများ၏ အခန်းကဏ္ဍကို အလေးထားရမည်ဟုလည်း ထိုစဉ်ကတည်းက ပြောကြားခဲ့သည်။ သို့သော် လာဘ်ပေးလာဘ်ယူကိစ္စများအပေါ် ကိုင်တွယ်အရေးယူဖြေရှင်းမှုနှင့် ပတ်သက်၍လည်းကောင်း၊ မီဒီယာများအား ဖိနှိပ်ခြင်းများနှင့်ပတ်သက်၍လည်းကောင်း ဝေဖန်ခံနေရဆဲဖြစ်သည်။
လာဘ်ပေးလာဘ်ယူကိစ္စရပ်များနှင့်ပတ်သက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ပြည်ထောင်စုလွှတ်တော်တွင် ဥပဒေအမှတ် (၂၃)ဖြင့် ပြဋ္ဌာန်းထားပြီးဖြစ်သည်။ ထို့ပြင်လာဘ်ပေးလာဘ်ယူ ပပျောက်ရေးကော်မရှင်ကိုလည်း သမ္မတနှင့်ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့ ရွေးချယ်ထားသူ ၁၅ ဦးဖြင့် ဖွဲ့စည်းထားသည်။ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေးကော်မတီကိုလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ မပြဋ္ဌာန်းမီကတည်းက ဖွဲ့စည်းထားသေးသည်။ သို့သော် လာဘ်ပေးလာဘ်ယူ ကိစ္စရပ်များနှင့်ပတ်သက်၍ ကိုင်တွယ်ဖြေရှင်းမှုများမှာမူ နယ်ပြောင်းခြင်း၊ ဌာနပြောင်းခြင်း၊ ရာထူးတာဝန်မှအနားပေးခြင်းများသာ အများဆုံးလုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။ ထိထိရောက်ရောက် တားဆီးနိုင်ခြင်းမရှိသေးသလို အဂတိလိုက်စားမှုကင်းစင်ရန်၊ အာဏာ၊ ရာထူး အလွဲသုံးစားမလုပ်ရန်ဟူသော အစိုးရ၏ပြောစကားများအတွက် ယုံကြည်ရန် ခက်ခဲနေဆဲဖြစ်သည်။
တစ်ဖက်တွင်တော့ မီဒီယာများအပေါ် တရားစွဲဆိုအရေးယူ ထောင်ချခြင်းများက ပေါ်ပေါ်လွင်လွင်ဖြစ်ခဲ့သည်။ မီဒီယာသမားများအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ တရားစွဲဆိုမှုများခံခဲ့ရသလို ထောင်ချခံခဲ့ရသည့်ဖြစ်စဉ်များပါ ရှိလာခဲ့သည်။ Eleven Media Group ၏ လွိုင်ကော်မြို့မှ သတင်းထောက်မခိုင်သည် သတင်းမေးသည့်ကိစ္စနှင့်ပတ်သက်၍ တရားစွဲဆိုခံရကာ အိမ်ကျော်နင်းမှုအပါအ၀င် ပုဒ်မသုံးခုဖြင့် ထောင်ဒဏ်သုံးလချခံခဲ့ရသည်။ ဧပြီ ၇ ရက်ကလည်း မကွေးမြို့မှ DVB သတင်းထောက် ကိုသူရသက်တင်လည်း သတင်းမေးသည့်ကိစ္စနှင့်ပတ်သက်၍ ပိုင်နက်ကျူးလွန်မှု၊ ၀တ္တရားနှောင့်ယှက်မှုများဖြင့် ထောင်ဒဏ်တစ်နှစ်ကျခံရန် မကွေးမြို့နယ်တရားရုံးက အမိန့်ချခဲ့သည်။ ထို့ပြင် Unity ဂျာနယ်မှ အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်များသည်လည်း သတင်းဖော်ပြခဲ့မှုနှင့်ပတ်သက်၍ အစိုးရလျှို့ဝှက်ချက်ဥပဒေဖြင့် တရားစွဲခံရကာ ပခုက္ကူထောင်၌ ထိန်းသိမ်းခံထားရပြီး အမှုရင်ဆိုင်နေရဆဲဖြစ်သည်။
တရားဥပဒေ၏ သင်္ကေတရုပ်တုတစ်ခုဖြစ်သော ဂရိနတ်ဘုရားမ အေသီနာသည် တရားဥပဒေမှလွဲ၍ မည်သူ့ကိုမျှ ထောက်ထားညှာတာစရာမရှိ၊ တရားမျှတစွာဖြင့် အပြစ်ရှိသူကို အပြစ်ပေးမည်ဟူသော အဓိပ္ပာယ်ကို ညွှန်းဆိုထားသည်။ မျက်စိကိုအ၀တ်စည်း၍ လက်တစ်ဖက်တွင်ဓားကိုင်ကာ အခြားလက်တစ်ဖက်တွင် ချိန်ခွင်ကိုကိုင်ဆောင်ထားသော တရားဥပဒေသင်္ကေတရုပ်တု၏ ညွှန်းဆိုအဓိပ္ပာယ်အတိုင်း တရားစီရင်ရေးနှင့် တရားဥပဒေစိုးမိုးရေးသည် မှန်ကန်မျှတမှု ရှိ၊ မရှိ ဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်နေသည်။ ထို့ကြောင့် အစိုးရအနေဖြင့် ဥပဒေတွင် မျက်နှာနှစ်ဖက်မရှိကြောင်း အများပြည်သူယုံကြည်လက်ခံလာစေရန် လုပ်ဆောင်သင့်ပြီဖြစ်ပါကြောင်း The Daily Eleven သတင်းစာက တိုက်တွန်းအပ်ပါသည်။
Editorial
Show commentsOpen link

posted from Bloggeroid
No comments:
Post a Comment