လှည်းကူးပဋိပက္ခ ထိန်းသိမ်းရန် ပုဒ်မ ၁၈၈ ထုတ်ပြန်
by 7daynews
News | 7Day DailyYesterday, 09:47
လှည်းကူးမြို့လယ် ရန်ကုန်−မန္တလေးလမ်းမကြီး(လမ်းဟောင်း)ပေါ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေါသထွက်နေသော မြို့ခံအချို့ ထိပ်တိုက်တွေ့ဆုံနေသည်ကို ဧပြီ ၄ ရက် ညက တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
လှည်းကူးမြို့နယ်တွင် ဈေးဆိုင်နှစ်ဆိုင်ပြဿနာဖြစ်ပွား ရာမှစတင်၍ ပဋိပက္ခဖြစ်ပွားခဲ့ရာ ဧပြီ ၄ ရက် ည ၁၀ နာရီခွဲတွင် လှည်းကူးမြို့နယ်အုပ်ချုပ်ရေးမှူး က ဒေသန္တရအမိန့်ဖြင့် ပုဒ်မ ၁၈၈ ထုတ်ပြန်ခဲ့သည်။
ညနေ ၃ နာရီခန့်မှစတင်ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် လူအုပ်ကြီးက ည ၉နာရီ ၅၀ ခန့်တွင် လမ်းဘေးဝဲယာ တစ် လျှောက်ရှိ အိမ်များ၊ ရဲကားများကို အုတ်ခဲဖြင့် စတင်ပစ်ပေါက်မှုများပြုလုပ်ခဲ့ရာ ရဲတပ်ဖွဲ့အင်အား ၅၀၀ ခန့်ဖြင့် အခြေအနေကို ထိန်းသိမ်းရန် ကြိုးစားခဲ့ရပြီး ည၁၀ နာရီခွဲတွင် ပုဒ်မ ၁၈၈ ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ထိုအမိန့်ကို ဧပြီ ၄ ရက် ညနေ ၆ နာရီမှ ဧပြီ ၅ ရက် နံနက် ၆ နာရီအထိ ထုတ်ပြန်ခြင်းဖြစ်ပြီး၊ သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရန်၊ တုတ်၊ ဓါးလက်နက်များ မကိုင်ဆောင်ရန်၊ မဖျက်ဆီးရန် စသည်တို့ကို အာဏာပိုင်တို့က လိုက်လံကြေညာသည်။
အဆိုပါ ပဋိပက္ခကြောင့် အနည်းဆုံး ဒဏ်ရာရရှိသူရှစ်ဦးခန့်ရှိကြောင်း သတင်းရရှိသည်။
အခင်းစတင်ဖြစ်ပွားပုံမှာ
ဧပြီလ ၄ ရက် ညနေ ၃နာရီခန့်က လှည်းကူးမြို့လယ် ရန်ကုန်-မန္တလေးလမ်းမကြီးပေါ်ရှိ လှည်းကူးမြို့နယ်ခန်းမအောက်ရှိ တာပေါ်လင် အရောင်းဆိုင်နှစ်ဆိုင်သည် ဈေးအပြိုင်အဆိုင်ရောင်းချရာမှ စကားများပြီး ဘာသာခြားဆိုင်မှ ဈေးရောင်းသူတစ်ဦးက အခြားဆိုင်ရှိ လူငယ်တစ်ဦးအားကတ်ကြေးဖြင့်ထိုးခဲ့သောကြောင့် အဆိုပါလူငယ်မှာ မျက်လုံးအနည်းငယ်ထိခိုက်သွားပြီး ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ရသည်။
အဆိုပါ ဖြစ်စဉ်ကို မ ကျေနပ်သော မြို့ခံလူထုက အ ရေးယူပေးရန် တောင်းဆိုရာမှ အ ကြမ်းဖက်မှုအသွင်ဆောင်လာခဲ့ ရာ ဘာသာခြားများက ၎င်းတို့ဆိုင် နှင့် မျက်စောင်းထိုး ဗန်ဒါပင်လမ်း ရှိ ကတ်ကြေးဖြင့်ထိုးသောလူငယ်က ၎င်း၏ ဦးလေးပိုင် ဟူစင်အအေးနှင့်မုန့်တိုက်သို့ တိမ်းရှောင်ခဲ့သည်။
လူငယ်အား ကတ်ကြေးဖြင့် ထိုးသူ တရားခံဟုယူဆရသူသုံးဦး ကို မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီး ခေါ်ဆောင်ရာတွင် မကျေမနပ် ဖြစ်နေသော လူအုပ်ကြီးက ညနေ ၆နာရီခွဲဝန်းကျင်တွင် ခဲဖြင့်ဝိုင်း၍ ပစ်ပေါက်ခဲ့ခြင်းဖြစ်သည်။
‘‘အဲဒီဆိုင်နှစ်ဆိုင်က အရင် ကလည်း ပြဿနာဖြစ်ဖူးတယ်။ အစ္စလာမ်တွေနဲ့ ဗုဒ္ဓဘာသာဝင် တွေဖြစ်တာဆိုတော့ ဘယ်လိုမှ ထိန်းလို့မရဘဲ ပိုဆိုးကုန်တာ။အဲ ဒီမှာ ရဲတပ်ဖွဲ့ကို ၀ိုင်းကူနေတဲ့လူ တစ်ယောက် အုတ်ခဲကျိုးထိပြီး ခေါင်းကွဲသွားတယ်’’ ဟု အခင်းဖြစ်ပွားရာနေရာတွင် ရှိနေသော လှည်းကူးမြို့ခံတစ်ဦးဖြစ်သူ ကို လွင်ကပြောသည်။
‘‘ညနေသုံးနာရီမှာ စဖြစ် တယ်။ အခင်းဖြစ်တဲ့တရားခံ သုံး ဦးကို ချက်ချင်းဖမ်းထားတယ်’’ဟု လှည်းကူးမြို့နယ် ရဲတပ်ဖွဲ့ရဲမှူး ခင်မြင့်ကပြောသည်။
ထို့အပြင် ဆူပူအကြမ်းဖက် မှုပြုလုပ်သော လူအုပ်ကြီးအား ထိန်းသိမ်းရန် ခရိုင်နှင့် ရန်ကုန် တိုင်းဒေသကြီးမှ ရဲတပ်ဖွဲ့ဝင်အင်အားငါးရာခန့်ဖြင့် လုံခြုံရေးယူဆောင်ရွက်လျက်ရှိသည်။ ထောင် ဂဏန်းခန့်ရှိသော လူအုပ်ကြီးအနက် နှစ်ရာခန့်က ကြမ်းတမ်းရိုင်းပျစွာပြုမူခဲ့ကြသည်။ည ၈ နာရီခွဲခန့်တွင် လူစုခွဲရန် ရဲတပ်ဖွဲ့က လော်စပီကာဖြင့် သတိပေးမှုများပြုလုပ်ခဲ့သော်လည်း ဒေါသထွက်နေသောလူများက မီးရှို့မည်၊ ရိုက်မည်ဟုပြောဆိုပြီး လူစုမခွဲဘဲရှိနေသည်။
‘‘စပြီးဖြစ်တဲ့အချိန်မှာ အယောက် ၂၀ လောက်ပဲရှိသေးတာကို ရဲတွေက သေချာမထိန်းသိမ်းနိုင်တာကြောင့် အခုလိုမျိုး တစ်မြို့လုံး စိုးရိမ်စရာတွေဖြစ်ကုန်တယ်’’ ဟု မြို့ခံတစ်ဦးက ပြောသည်။
လူအုပ်ကြီး၏ အုတ်ခဲ၊ ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့မှု ကြောင့် ဟူစင်အအေးနှင့် မုန့်တိုက်မှာ ပျက်စီးမှုအချို့ရှိခဲ့ပြီး အအေးဘူးနှင့် ပစ္စည်းများလည်းလမ်းပေါ်၌ ပြန့်ကျဲလျက်ရှိသည်။
ည ၉ နာရီခန့်တွင် ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ်ကိုယ် တိုင် အကြမ်းဖက်မှုများတားဆီး ရန် လာရောက်ကြီးကြပ်ခဲ့သော် လည်း လူအုပ်ကြီးက ရဲတပ်ဖွဲ့ဝင် များကိုခဲဖြင့် ထုခြင်း၊ အရာဝတ္ထု ပစ္စည်းများဖြင့် ပစ်ပေါက်ခြင်းများ ပြုလုပ်ခဲ့ပြီး ရန်ကုန်-မန္တလေး လမ်းမကြီးအား ခေတ္တပိတ်ထားခဲ့ ရသည်။ ည ၉နာရီ ၅၀ မိနစ်ခန့်တွင် လူအုပ်ကြီးက ရဲကားများနှင့် လမ်းဘေးဝဲယာရှိ နေအိမ်များကိုအုတ်ခဲများ၊ အရာဝတ္ထုများဖြင့် ပစ်ပေါက်ခဲ့သောကြောင့် ရဲတပ် က အင်အားသုံးဖြေရှင်းမှုများပြု လုပ်ရာတွင် စတင်ဖြစ်ပွားချိန်၌ ပင် လူငါးဦးခန့်နှင့် ရဲတပ်ဖွဲ့ဝင် တစ်ဦးဒဏ်ရာရရှိခဲ့သည်။
ထို့နောက် ည ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် ရဲတပ်ဖွဲ့က ဒုတိယအကြိမ်ထပ်မံ၍ အကြမ်း ဖက်မှုများကိုဖြိုခွင်းပြီး ည ၁၀နာရီခွဲတွင် ပုဒ်မ ၁၈၈ ထုတ်ပြန် သည်။ သို့သော် ဆူပူသူအချို့မှာည ၁၁ နာရီကျော်မှ စတင်ငြိမ်သက်သွားကြောင်း 7Day သတင်းထောက်က သတင်းပေးပို့သည်။
Show commentsOpen link

posted from Bloggeroid
No comments:
Post a Comment