ဆော်လမွန်းကျွန်းနိုင်ငံ ရေလွှမ်းမိုးမှုကြောင့် လူ ၁၅ ဦး သေဆုံး
by ဒီဗွီဘီ
DVBToday, 13:14
ဆော်လမွန်းကျွန်းနိုင်ငံမှာ ရုတ်တရက် ရေလွှမ်းမိုးမှုကြောင့် ဧပြီ ၆ ရက်မှာတော့ အနည်းဆုံး လူ ၁၅ ယောက် သေဆုံးပြီး ထောင်သောင်းချီတဲ့လူတွေ အိုးအိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ဒေသခံ မီဒီယာတွေနဲ့ အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။
မြို့တော် ဟိုနီယာရာက အကူအညီပေးရေးအဖွဲ့ Save the Children အိုင်အန်ဂျီအိုလ် အဖွဲ့ကြီးရဲ့ ၀န်ထမ်းကတော့ ရေလွှမ်းမိုးမှုဟာ မှတ်တမ်းတင်ခဲ့သမျှအတွင်း အဆိုးဆုံး ဖြစ်ပြီး အိမ်ခြေ ထောင်နဲ့ချီ ပျက်စီးတယ်လို့ ပြောပါတယ်။
မြို့တော်နဲ့ ဂွာဒယ်ကန်နယ်ဒေသတွေမှာ စုစုပေါင်းလူ ၅ သောင်း ၂ ထောင်လောက် ကပ်ဘေး သက်ရောက်ခံရတယ်လို့ ဆော်လမွန်ကျွန်း အမျိုးသားကပ်ဘေးကောင်စီက ကြေညာချက် ထုတ်ပြန်ကြောင်း သြစတြေးလျမီဒီယာ အေဘီစီက ဧပြီ ၆ ရက်နေ့ အစီရင်ခံပါတယ်။
ရေဆိုးထုတ်စနစ်နဲ့ ရေသန့် ဖြန့်ဖြူးရေးစနစ်တွေအပါအ၀င် လျှပ်စစ်နဲ့ ဆက်သွယ်ရေး စနစ်တွေစတဲ့ အဓိက အခြေခံအဆောက်အဦ အများအပြား ဆိုးဆိုးရွားရွား ပျက်စီးခဲ့တယ်လို့ အေဘီစီရုပ်သံက ကြေညာပါတယ်။
အိုးအိမ်မဲ့တွေကို ကူညီဖို့ မြို့တော်တွင်း အရေးပေါ် ကယ်ဆယ်ရေးစခန်း ၁၆ခု ဖွင့်ပေး ထားပါတယ်။
စခန်းထဲက လုပ်အားပေးတယောက်ကတော့ ရောက်လာတဲ့ မိသားစုအများစုက အ၀တ်အစားနဲ့ ဆေးဝါးတောင် မပါဘူးလို့ ပြောပါတယ်။ ရက်အတော်ကြာ မိုးသည်းထန်စွာ ရွာခဲ့ပြီး ဧပြီ ၄ ရက်နေ့က မာတာနိကိုမြစ်ရေ လျှံခဲ့လို့ ခုလို ဖြစ်ရတာ ဖြစ်ပါတယ်။
သြစတြေးလျအစိုးရက အရေးပေါ် ကပ်ဘေးသက်သာရေးအကူအညီ လေယာဉ် ၂ စီး ပေးပို့နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့ပ်က အေဘီစီရုပ်သံကို ဧပြီ ၆ ရက်နေ့က ပြောပါတယ်။
အရေးပေါ် အကူအညီတွေအတွက် သြစတြေးလျအစိုးရက အမေရိကန်ဒေါ်လာ ၂ သိန်း ၇ သောင်း ၈ ထောင်ဖိုး ပေးပို့ လှူဒါန်းထားတယ်လို့ သြစတြေးလျသတင်းဌာနတွေက အစီရင်ခံ ထားပါတယ်။
Show commentsOpen link

posted from Bloggeroid
No comments:
Post a Comment