Thursday, December 25, 2014

မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံတကာအဆင့်မှီ ဆီတင်ဆီချဆိပ်ကမ်းကြီးတစ်ခု
ဧရာဝတီမြစ်တစ်နေရာတွင် တည်ဆောက်ရန် စီစဉ်လျက်ရှိ

မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း ယာဉ်တင်သွင်းမှု ပိုမိုများပြားလာရာ တိုင်းဒေသကြီး နှင့် ပြည်နယ် များတွင် စက်ယန္တရာများ၊ ယာဉ်များ များပြားလာ၍ အဆိုပါ ယာဉ်များ လည်ပတ်အသုံးပြုနိုင်ရန်အတွက် စက်သုံးဆီသုံးစွဲမှု ပမာဏမြင့်တက်လာရာ လိုအပ်ချက်ကို ဖြည့်တင်းရန် ဆီဘောင်ဆာကားများဖြင့်သာမက ရေယာဉ်များဖြင့် သယ်ယူမှုများရှိနေခြင်းကြောင့် သဘာဝဘေးအန္တရာယ်များ မဖြစ်ပေါ်စေရေးအတွက် မန္တလေးတိုင်းဒေသကြီးရှိ ဧရာဝတီမြစ်တစ်နေရာတွင် နိုင်ငံတကာအဆင့်မှီ ဆီတင်ဆီချဆိပ်ကမ်းကြီးတစ်ခု တည်ဆောက်ရန် စီစဉ်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ် နှင့် စက်မှုလက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း နိုင်ငံတကာအဆင့်မှီ ဆီတင်ဆီချဆိပ်ကမ်းကြီးကို ဧရာဝတီမြစ် နှင့် ဒုဋ္ဌ၀တီမြစ်ဆုံရာ မန္တလေးဘက်ကမ်းတွင် တည်ဆောက်ရန် လျာထားပြီး အဆိုပါ စီမံကိန်းအတွက် မြေဧက(၅၀)ကျော် လိုအပ်မည်ဖြစ်သည်။
(၂၀၁၄)ခုနှစ်အတွင်း ကုန်းလမ်းမှ စက်သုံးဆီ သယ်ယူများရှိနေသော်လည်း ရေလမ်းမှ သယ်ယူမှု ပိုမိုများပြားလာသဖြင့် သဘာဝဘေးအန္တရာယ်များ မဖြစ်ပေါ်စေရန် နှင့် မလိုလားအပ်သော အန္တရာယ်များမဖြစ်ပေါ်စေရေးအတွက် အဆိုပါ စီမံကိန်းကို အကောင်အထည်ဖော်နိုင်ရန် စီစဉ်လျက်ရှိပြီး ယခုအခါ ဧရာဝတီမြစ်တစ်လျှောက် ရေကျချိန်ဖြစ်၍ ဆီသယ်ယာဉ်များသည် ကြုံရာ လွယ်ကူစွာ ကျနိုင်သည့် နေရာများတွင် ကမ်းကပ်၍ ဆီချနေခြင်းများရှိနေခြင်းကြောင့် ဘေးအန္တရာယ်များမဖြစ်ပေါ်စေရေး စိစစ်မှုများ ဆောင်ရွက်ရန် နှင့် အဆိုပါ စီမံကိန်းကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန် လိုအပ်သည်။
မန္တလေးတိုင်းဒေသကြီးအတွင်း စက်သုံးဆီသုံးစွဲမှု ပမာဏသည် နှစ်စဉ် မြင့်တက်လျက်ရှိပြီး ပြည်တွင်းထွက် စက်သုံးဆီများမှ အရည်အသွေးပြည့်မှီခြင်းမရှိသဖြင့် နိုင်ငံခြားမှ တင်သွင်း၍ အသုံးပြုနေရမှုများပြားလာခြင်းဖြစ်ပြီး မန္တလေးအခြေစိုက် ပြည်ပနိုင်ငံများမှ စက်သုံးဆီတင်သွင်းသည့် ကုမ္မဏီ(၃၅)ခုခန့်ရှိပြီး အဆိုပါ ကုမ္မဏီအများစုမှ ဆီသယ်ဆောင်မှုကို ရေလမ်းကို အသုံးပြု၍ စက်သုံးဆီ တင်သွင်းမှုများ ပြုလုပ်လျက်ရှိသည်။
‘‘ တိုင်းဒေသကြီးအတွင်း စက်သုံးဆီလိုအပ်ချက်ကို ဖြည့်တင်းနိုင်ရန် ပုဂ္ဂလိကကုမ္မဏီတွေကို ရောင်းချခွင့်ပေးလိုက်တာ လိုအပ်ချက်အရ မန္တလေးတိုင်းအတွင်း စက်သုံးဆီအရောင်းဆိုင်တွေလဲ ပိုများလာတယ်၊ စက်သုံးဆီ သယ်မှုများကို ရေလမ်းမှ ဧရာဝတီမြစ်တစ်လျှောက် သယ်တာများတယ်၊ မန္တလေးတိုင်းဒေသကြီးအတွင်း ဆီတင်ဆီချ ဆိပ်ကမ်း သီးသန့်မရှိတော့ ကြုံသလို သယ်ယူသိုလှောင်နေတာများတယ်၊ အဲလို လုပ်တော့ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်တယ်၊ ဒါကြောင့် နိုင်ငံတကာအဆင့်မှီ ဆီတင်ဆီချဆိပ်ကမ်းတစ်ခု အမြန်ဆုံး အကောင်အထည်ဖော်နိုင်ဖို့ လိုအပ်ပါတယ် ’’ ဟု မန္တလေးတိုင်းဒေသကြီး စက်သုံးဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သီလ၀ါဆီတင်ဆီကျဆိပ်ကမ်း တစ်ခုသာ အဓိက အားထား၍ ပြည်တွင်း လိုအပ်လျက်ရှိသည် စက်သုံးဆီများကို ပြည်ပမှ လိုအပ်သလို မှာယူနိုင်ခြင်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအတွင်း နိုင်ငံတကာအဆင့်မှီ ဆီတင်ဆီချဆိပ်ကမ်းတစ်ခု တည်ဆောက်ရန် စီစဉ်ထားရာ အဆိုပါ ဆိပ်ကမ်းကို အများပိုင်ကုမ္မဏီအဖြစ် တည်ဆောက်ရန် လျာထားသည်။
‘‘ ဆီတင်သွင်းမှု စရိတ် နှင့် ပြည်တွင်း သယ်ယူမှု စရိတ်များကြောင့် လက်ရှိ စက်သုံးဆီ ဈေးနှုန်းများ ကျဆင်းခြင်းမရှိတာပါ ’’ ဟု မန္တလေးမြို့ရှိ စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဧရာဝတီမြစ် နှင့် ဒုဋ္ဌ၀တီမြစ်ဆုံရာ မန္တလေးဘက်ကမ်းနေရာတစ်ခုတွင် အဆိုပါ ဆီတင်ဆီချဆိပ်ကမ်းပြီးစီးပါက အထက်မြန်မာပြည်အတွက် စက်သုံးဆီ အတင်အချပြုလုပ်ရာတွင် မကြာခဏဖြစ်ပေါ်လေ့ရှိသည် မလိုလားအပ်သည့် အန္တရာယ်များမှ ကင်းဝေမည်ဖြစ်ပြီး စက်သုံးဆီများ သုံးစွဲမှု အဆင်ပြေလွယ်ကူစေမည်ဖြစ်ကြောင်း သိရသည်)

posted from Bloggeroid

No comments:

Post a Comment