Monday, December 29, 2014

ဒါမျိုး ပြသာနာတွေ

အီရတ် နှင့် ဆီးရီးယားတွင် အိုင်ဆစ်စစ်သွေးကြွများ၏ မတရားတင်းကျပ်ခြင်းကိုခံရ၍ အမျိုးသမီးများ၏ လူမှုနေထိုင်မှုဘဝများ ဆုံးရှုံးနေရ

OppositeyesToday, 7:30 AMတစ်ခုသော နေ့ခင်းတနလည်တစ်ခု၌ အီရတ်နိုင်ငံ၏ မြို့ကြီးတစ်ခုဖြစ်သော ဖလူဂျာရှိ မိန်းကလေးများချည်းသာ တက်ရောက်ရသော စာသင်ကျောင်းတစ်ခုသို့ သေနတ်သမားတစ်စု ရောက်ရှိလာသည်။ ၎င်းတို့နှင့်အတူ အထုပ်ကြီးတစ်ခုလည်း ပါရှိလာသည်။ အထုပ်ထဲပါရှိသည်က အနက်ရောင် ဝတ်စုံရှည်ကြီးများ၊ လက်အိပ်များနှင့် မျက်နှာဖုံး ပဝါများ ဖြစ်ကြသည်။ ယင်းစာသင်ကျောင်းကဲ့သို့ အစ္စလမ္မစ်နိုင်ငံတော်အဖွဲ့၏ အုပ်ချုပ်ခံနယ်မြေတွင်း ကျရောက်နေသူများမှာ ထိုသို့သော ဝတ်စုံများကို မဝတ်မနေရ ဝတ်ဆင်ကြရမည် ဖြစ်ပေသည်။ "ခုက ဆောင်းရာသီ။ ဆိုတော့ ကျောင်းသူတိုင်း ဒီဝတ်စုံကို မဝတ်မနေရ ဝတ်ရမယ်" ဟု ယခုလအစောပိုင်းက သေနတ်သမားတစ်ဦးက ကျောင်းကြီးကြပ်ရေးမှုးတစ်ဦးကို ပြောခဲ့သည်။ အရှေ့ဘက်တွင် အီရတ်မြို့တော် ဘဂ္ဂဒက်အထိ၊ အနောက်သို့လားသော် ဆီးရီးယားမြို့ကြီး အလက်ပို၏ အစွန်အဖျားရပ်ကွက်များတိုင်အောင် မိုင်ပေါင်းများစွာသော ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများတလွှား၌ အိုင်ဆစ်အစွန်းရောက်များက အမျိုးသမီးများ၏ သာမန်နေ့စဉ်လူနေထိုင်မှုဘဝကို ကန့်သတ်ထိန်းချုပ်နေကြသည်။ အိုင်ဆစ်အဖွဲ့ဆိုသည် ၎င်း၏ ရက်စက်ဆိုးယုတ်မှုများကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားလှသော အကြမ်းဖက်အုပ်စုတစ်ခုဖြစ်သည်။ ၎င်းရက်စက်လူမဆန်မှုများအတွင်းမှ ယခုနှစ်အတွင်း ယာဇီဒီလူနည်းစုများနေထိုင်ရာမြို့ စင်ဂျာအား သိမ်းပိုက်ခဲ့စဉ်က အိုင်ဆစ်အစ္စလမ္မစ်များက ယာဇီဒီအမျိုးသမီးများနှင့် ကလေးငယ်များအား ပြုမူခဲ့ပုံများမှာ တစ်ကမ္ဘာလုံး ထိတ်လန့်အံ့သြခဲ့ရသည်။ အိုင်ဆစ်အစ္စလမ္မစ်များက ယာဇီဒီအမျိုးသမီးနှင့် မိန်းကလေးငယ်ရာပေါင်းများစွာကို ပြန်ပေးဆွဲပြီး ကျွန်ပြုခဲ့ကြသည်။ နိုင်ငံတကာ ရင်းနှီးချစ်ကြည်ရေးအဖွဲ့ကြီးမှ အင်္ဂါနေ့က ထုတ်ပြန်သော အစီရင်ခံစာ၌ အသက် ၁၀ နှစ်၊ ၁၂ နှစ်ထိအောင် ပါဝင်သော မိန်းကလေးများသည် နှိပ်စက်ညှင်းပန်းမှုများ၊ မုဒိမ်းကျင့်မှုများ၊ လိင်ပိုင်းဆိုင်ရာကျွန်ပြုမှုများကို ခါးစည်းခံစားခဲ့ရပြီး ပြန်ပေးဆွဲခဲ့ရသူ မိန်းကလေးအများအပြားမှာ သူမတို့ကိုယ်ကို အဆုံးစီရင်သွားကြသည်ဟု ဖော်ပြထားသည်။ ဆွန်နီမူဆလင်များ တည်ထောင်လိုက်သည့် အစ္စလမ္မစ်နိုင်ငံတော်ဟု အမည်ပေးထားသည့် ၎င်းနယ်မြေအတွင်း အိုင်ဆစ်အဖွဲ့သားများက အမျိုးသမီးများ၏ ဘဝများကို နေ့စဉ်ရက်ဆက် ကန့်သတ်ချိုးနှိမ်နေကြသည်ဟု တက်ကြွလှုပ်ရှားသူများနှင့် ဒေသခံများက ပြောကြားသည်။ နယ်မြေများကို သိမ်းယူပြီး အစ္စလမ္မစ်နိုင်ငံတော်ဟု ၎င်းတို့ကိုယ်ကို ကြေငြာထားသော၎င်းတို့ပိုင်နယ်ပယ်အတွင်းတွင် အကြီးဆုံးမြို့ဖြစ်သည့် အီရတ်မြို့ မိုဆူးလ်၌ "အမျိုးသမီးများ၏ ဘဝမှာ ၁၈၀ ဒီဂရီချိုး ပြောင်းလဲသွားသည်" ဟု ထင်ရှားသော အီရတ်အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ ဟာနာ အဒ်ဝါက ပြောကြားသည်။ "အမျိုးသမီးတွေ စာသင်ကြားခွင့် မရှိဘူး။ အပြင်ကို လွတ်လွတ်လပ်လပ် သွားလာခွင့် မရှိဘူး။ အမျိုးသမီးတွေရဲ့ အဝတ်အစားအသွင်အပြင်ကို အဓမ္မ ပြောင်းလဲဝတ်ဆင်စေတယ်" ဆီးရီးယားမြောက်ပိုင်းရှိ အိုင်ဆစ်ထိန်းသိမ်းခံနယ်မြေအတွင်း၌ အနည်းဆုံး အမျိုးသမီး ၈ ဦးတို့ အိမ်ထောင်ရေးဖောက်ပြန်မှုဖြင့် ကျောက်တုံးနှင့်ထုသတ်ခံခဲ့ရပြီး ဖြစ်သည်ဟု တက်ကြွလှုပ်ရှားသူများက ပြောကြားသည်။ အိုင်ဆစ်ကို ဆန့်ကျင်သောစကားဆိုမိ၍ မိုဆူးလ်ရှိ အမျိုးသမီး အနည်းဆုံး ၁၀ ဦး အသတ်ခံခဲ့ရသည်ဟု အဒ်ဝါမှ ပြောကြားသည်။ သြဂုတ်လအတွင်းက ဒိုင်ယာအိပ်ဇောပြည်နယ်တွင် ကျား၊မ မခွဲခြားပဲ ကုသပေးနေသော အမျိုးသမီးသွားဆရာဝန်တစ်ဦးသည်လည်း ပထမဖမ်းဆီးထိန်းသိမ်းခံရပြီး ထို့နောက် အိုင်ဆစ်မှ သူမကို ခေါင်းဖြတ်သတ်လိုက်သည်ဟု ကုလသမဂ္ဂမှ ပြောကြားသည်။ အမျိုးသမီးများသည် ဆွေမျိုးမဟုတ်သော ယောက်ျားသားများအဖော်အဖြစ် လိုက်ပါသည့်အချိန်၌ မသင့်လျော်စွာ ဝတ်စားထားသည်ဟု ယူဆရပါက ထိုအမျိုးသမီးကို ကြိမ်ဒဏ် သို့မဟုတ် ထောင်ဒဏ်အပြစ်ပေးခံရသည်။ ဆီးရီးယားမြောက်ပိုင်း အလက်ပိုပြည်နယ် အိုင်ဆစ်ထိန်းချုပ်ခံ အယ်လ်ဘတ်မြို့တွင် စစ်သွေးကြွများက တုတ်တစ်ချောင်းလက်ထဲကိုင်ကာ လမ်းလျှောက်နေကြပြီး အမျိုးသမီးတစ်ဦး မသင့်လျော်စွာ ဝတ်စားထားသည်ဟု ယူဆလျှင် ထိုအမျိုးသမီးကို တုတ်ဖြင့်ရိုက်ခြင်း၊ ထိုးခြင်းများ ပြုလေ့ရှိသည်။ "တစ်ခါတစ်ရံမှာ စစ်သွေးကြွတွေက အမျိုးသမီးရဲ့ အိမ်ကိုလိုက်သွားပြီး သူမရဲ့ အဖေကိုဖမ်းတယ် ဒါမှမဟုတ် သူမရဲ့ မှတ်ပုံတင်ကိုသိမ်းလိုက်ပြီး သူမရဲ့အဖေနှင့်အတူလာပြီး မှတ်ပုံတင်ကို ပြန်ရွေးရတယ်" ဟု တူရကီအခြေစိုက် ဘာရီ အဗ္ဗဒယ်လ်တစ်က ပြောကြားသည်။ ဥပဒေသတ်မှတ်မှုများမှာ တစ်နေရာနှင့် တစ်နေရာ ကွဲပြားကြပြီး ဟစ်စဗာ ခေါ် လူမှုရေးရဲများ၏ စိတ်အပြောင်းအလဲအပေါ် မူတည်သည်။ အိုင်ဆစ်သိမ်းယူထားသော နယ်မြေအများစုမှာ အစကတည်းက အလွန်တရာ ရှေးရိုးစွဲကြီးပြီး အမျိုးသမီးများ၏ကဏ္ဍကို နှိမ့်ချထားသော ဒေသများဖြစ်သည်။ သို့ရာတွင် အစွန်းရောက်များက ထိုရှေးရိုးစွဲများကို ထပ်ဆင့်၍ ပိုမိုတင်းကျပ်သောဥပဒေစည်းကမ်းများ ထုတ်ပြန်ပြီး ပို၍ပင် ဆိုးရွားသွားစေခဲ့သည်။ အယ်လ်ဘတ်ရှိ အမျိုးသမီးများမှာ အမျိုးသားအဖော် "မာဟ်ရမ်" မပါရှိပဲ အပြင်ထွက်ခွင့်မရှိဟု အဒယ်လ်လာတစ်မှ ပြောကြားသည်။ စစ်သွေးကြွများ၏ အဓိကအခြေစိုက်မြို့ ရက်ကာတွင် အမျိုးသမီးတစ်ဦးသည် သူမ၏အိမ်မှ သူမသဘောဆန္ဒအတိုင်း အပြင်ထွက်ခွင့်ရှိသည်။ သို့ရာတွင် ထိုသို့ထွက်ချိန်၌ အမျိုးသားတစ်ဦး အဖော်အဖြစ်ပါရမည် (သို့မဟုတ်) ထိုသို့ထွက်ရန် အမျိုးသားဆွေမျိုးတစ်ဦး၏ ခွင့်ပြုချက်ယူရမည်ဖြစ်သည်။ ရက်ကာလမ်းများထက်၌ ခန်ဆာခေါ်သော အိုင်ဆစ် အမျိုးသမီးတပ်ဖွဲ့က ပတ်တရောင်လှည့်နေကြပြီး ဝတ်စားပုံများကို ထိန်းသိမ်းအပြစ်ပေးနေကြသည်။ ၎င်းသိမ်းပိုက်ထားသော နယ်မြေတလွှား၌ အမျိုးသမီးများ "ခီမား" ကို မဝတ်မနေရ ဝတ်ဆင်ကြရသည်။ ခီမာဆိုသည်မှာ ရွက်ဖျင်တဲကဲ့သို့သော ခေါင်းစွပ်ဖြစ်ပြီး ခေါင်း၊ ပခုံးနှင့် ရင်ဘတ်တို့ကို ဖုံးအုပ်ထားပြီး မျက်နှာပြင်ကိုသာ မြင်ရသည်။ သို့သော် စစ်သွေးကြွများက အမျိုးသမီးများကို မျက်နှာတစ်ခုလုံးဖုံးပြီး မျက်လုံးနှစ်ပေါက်ကိုသာ မြင်နိုင်သော နိကဗ် မျက်နှာဖုံးပဝါများကိုလည်း အဓမ္မ တတ်ခိုင်းလေ့ရှိသည်။ အီရတ်မြို့ ဖလူဂျာရှိ မူလတန်းကျောင်းတစ်ခုဘေး၌ ကျောင်းသူများဝတ်ရန်ဟူ၍ နိကဗ်များ၊ ဝတ်စုံရှည်များ နှင့် လပက်အိပ်များကို ချသွားခဲ့ကြောင်း ကျောင်းဆရာမတစ်ဦးက ပြောကြားသည်။ "အခါပွဲလမ်းရှိရင် ကျွန်မ မိတ်ကပ်လိမ်းလေ့ရှိပါတယ်။ ဒါပေမယ် ခုတော့ မလိမ်းဝံ့တော့ဘူးပေါ့ရှင်" ဟု သူမက ဖုန်းထဲမှ ပြောကြားသည်။ သူမ၏ အမည်ကိုမူ ပြန်လည်လက်တုန့်ပြန်မှုကို ကြောက်သဖြင့် ပြောကြားခြင်း မရှိပါ။ စစ်သွေးကြွများက ကျောင်းများကို ကျား၊ မ ခွဲခြားထားပြီး သင်ရိုးညွှန်းတမ်းများကိုလည်း ပြောင်းလဲခဲ့သည်။ အချို့သော ကျောင်းများကို ပိတ်ပစ်ခဲ့သည်။ ကျောင်းများကို ပြန်မဖွင့်ခင် ကျောင်းဆရာများကို ဆင့်ခေါ်ပြီး အစွန်းရောက် ရှာရီယာဥပဒေကို သင်ခန်းစာထဲ ထည့်သွင်းသင်ကြားဖို့ရန် ပြောကြားသည်။ အီရတ်ရော ဆီးရီးယားတွင်ပါ မိဘများက ၎င်းတို့၏ သားသမီးများ အိုင်ဆစ်တို့၏ ဘရိန်းဝတ်ရှ်လုပ်ခြင်းကို ရှောင်ကျဉ်နိုင်ရန် သားသမီးများကို ကျောင်းမထားကြသော သာဓကများ ရှိခဲ့သည်။ ဆေးရုံများတွင်လည်း ကျားမခွဲခြားခြင်းများကို မြင်တွေ့နေရသည်။ အမျိုးသမီးတစ်ဦးကို အမျိုးသမီးဆရာဝန်ကသာ ကြည့်ရှုရသည်။ သို့ရာတွင် အမျိုးသမီးဆရာဝန်များမှာ မရှိသလောက် ဖြစ်နေပေပြီ။ ကုလသမဂ္ဂမှ ဖော်ပြချက်အရ အရွယ်မတိုင်မီ အိမ်ထောင်ပြုခြင်းများမှာ မြင့်တက်လာလျက်ရှိသည်။ အကြောင်းမှာ ၎င်းတို့၏ သမီးများကို အိုင်ဆစ်များမှ အဓမ္မလက်ထပ်ကြမည်ကို ကြောက်ရွံကြသဖြင့် မိဘများက ၎င်းတို့၏ သမီးများကို မြန်နိုင်သမျှမြန်မြန် ယောက်ျားယူစေချင်ကြခြင်းကြောင့်ဖြစ်သည်။ "အမျိုးသမီးများအပေါ် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်စေမှုများ၊ အဝတ်အစားနှင့်ပတ်သက်၍ လိုက်နာရန်ခက်ခဲသော တင်းကျပ်ခြင်းများ၊ လိင်ခွဲခြား၍ အမျိုးသမီးများ၏ လွတ်လပ်မှုကို ကန့်သတ်ထိန်းချုပ်ခြင်းများကို အိုင်ဆစ်တို့မှ ပြုမူလျက်ရှိသည်" ဟု ဆီးရီးယား ပဋိပက္ခစစ်ရာဇဝတ်မှု ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ပြီးခဲ့သည့်လက ပြောကြားသည်။ အိုင်ဆစ်တို့ကျူးလွန်သည့် သတ်ဖြတ်မှုများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများသည် လူသားမျိုးနွယ်တစ်စုလုံးကိုကျူးလွန်သည့် ရာဇဝတ်မှုဖြစ်သည်ဟု ၎င်းအဖွဲ့က ပြောကြားသည်။ အိုင်ဆစ်တို့မှ ပြင်းထန်လှသော အစ္စလမ္မစ် ရှာရီယာဥပဒေကို ၎င်းသိမ်းပိုက်ထားသော နယ်မြေအတွင်းရှိ ဆွန်နီမူဆလင်အမျိုးသမီးများကို ကျင့်သုံးခဲ့သည်သာမက သြဂုတ်လအစောပိုင်းက ယာဇီဒီလူနည်းစုကျေးရွာများကို ၎င်းတို့က သိမ်းပိုက်ခဲ့သော အခါကလည်း ကျင့်သုံးခဲ့သည်။ ယာဇီဒီဘာသာဝင်များသည် မူဆလင်မဟုတ်သူ ဝါ ကာဖိရ်များ ဖြစ်ကြသဖြင့် ၎င်းတို့ကို ကျွန်ပြုခွင့်ရှိသည်ဟု အိုင်ဆစ်တို့က ယုံကြည်ကြသည်။ နိုင်ငံတကာချစ်ကြည်ရင်းနှီးမှုအဖွဲ့ကြီးမှ စစ်သွေးကြွများလက်မှ ထွက်ပြေးလွတ်မြောက်ခဲ့သော အမျိုးသမီးသုံ့ပန်း ၄၀ ကျော်ကို တွေ့ဆုံမေးမြန်းခဲ့ပြီး သူမတို့သည် ပြန်ပေးဆွဲခံရ၊ မုဒိမ်းကျင့်ခံရပြီးနောက် အိုင်ဆစ်အဖွဲ့သားများထံ သို့မဟုတ် အိုင်ဆစ်အားထောက်ခံသူများထံ ရောင်းချခံရ သို့မဟုတ် လက်ဆောင်အဖြစ်အပေးခံခဲ့ရသည် ဟု ဖော်ပြခဲ့သည်။ ၎င်းတို့အထဲမှ မိန်းကလေးတစ်ဦးက အိုင်ဆစ်တို့မှ မုဒိမ်းကျင့်မည်ကို ကြောက်ရွံ့၍ ဂျီလန် ဟု အမည်ရသော မိန်းကလေးတစ်ဦး သူမကိုယ်ကို အဆုံးစီရင်ခဲ့ပုံကို ပြန်ပြောင်းပြောပြခဲ့သည်။ ရေချိုးခန်းထဲမှာ ဂျီလန်က သူ့လက်ကောက်ဝတ်တွေကို သူဖြတ်ပစ်ပြီး ကြိုးဆွဲချသေသွားတယ်။ ဂျီလန်က အရမ်းလှပါတယ်။ သူ့ကို အိုင်ဆစ်တစ်ယောက်က တစ်နေရာခေါ်သွားပြီး မုဒိမ်းကျင့်တော့မှာ သိနေတော့ ရုန်းထွက်လိုက်တော့တာပေါ့လေ" ဟု မိန်းကလေး၏ ပြောကြားချက်ကို အစီရင်ခံစာ၌ ဖော်ပြထားသည်။ မျိုးမင်းသန့်http://www.stripes.com/news/middle-east/women-excised-from-public-life-abused-by-islamic-state-1.320919CommentsVisit website

posted from Bloggeroid

No comments:

Post a Comment