ပုလိပ်မြို့ရှိ ပန်ဒါစက်ရုံမှ လုပ်သား(၇၀၀)ကျော်အလုပ်ပြန်လည်ဆင်းခွင့်ရရှိရေး နှင့်စစ်မှန်သော အလုပ်သမား နှင့် အလုပ်ရှင် နှစ်ဖက် သဘောတူစာချုပ်ဖြစ်ပေါ်ရေးထိုင်သပိတ်ပြုလုပ်ခဲ့ မန္တလေးတိုင်းဒေသကြီး ပုလိပ်မြို့ရှိ ပန်ဒါစက်ရုံမှ လုပ်သား(၇၀၀)ကျော်သည်အလုပ်ခွင် ပြန်လည် အလုပ်ဆင်းခွင့်ရရှိရေး၊ အလုပ်ရှင် နှင့် အလုပ်သမားနှစ်ဖက် ညှိနှိုင်းဆွေးနွေးပြီး စစ်မှန်သော EC စာချုပ် ဖြစ်ပေါ်လာရေးအတွက်ဒီဇင်ဘာ(၂၂)ရက် နံနက်(၇)နာရီမှစတင်၍ အဆိုပါ ပန်ဒါစက်ရုံ ၀င်ပေါက်ရှေ့တွင်စုဝေး၍ ထိုင်သပိတ်ပြုလုပ်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ပန်ဒါစက်ရုံဖက်မှ ဒီဇင်ဘာ(၁၂)ရက်က ရုံးတွင်းမီးစက်ပြန်ပြင်ရန်အတွက်စက်ရုံရှိ လုပ်သားအားလုံးကို (၁၀)ရက် နားရက်ပေးခဲ့ကြောင်း၊ နားရက်ပြည့်၍ပြန်လည် အလုပ်ဆင်းချိန် EC စာချုပ်ချုပ်ဆိုရမည်၊ မချုပ်က၀န်ထမ်းကဒ်ရရှိမည်မဟုတ်ဟု သိရှိခဲ့ရကြောင်း၊ ကြိုတင်အသိပေးထားခြင်းမရှိဘဲဒီဇင်ဘာ(၂၂)ရက်နေ့တွင် စက်ရုံအ၀င်းဝရှေ့၌ စာချုပ်မချုပ်သူ (သို့)၀န်ထမ်းကဒ်မပါသူများအား စက်ရုံထဲ မ၀င်ရ ဟုဆိုင်းဘုတ်ချိတ်ဆွဲထားခြင်းကြောင့် ငြိမ်းချမ်းစွာ ဆွေးနွေးသည့် သဘောထိုင်သပိတ်ပြုလုပ်ခြင်းဖြစ်ကြောင်း ပန်ဒါစက်ရုံမှ လုပ်သားဆန္ဒပြခေါင်းဆောင်တစ်ဦးက ပြောသည်။ ‘‘ EC စာချုပ် ချုပ်ဆိုရင် လုပ်သား၊ အလုပ်ရှင် နှစ်ဖက် ညှိနှိုင်းပြီးချုပ်ဆိုရတာပါ၊ လက်ရှိ ကျွန်မတို့ လုပ်ကိုင်နေတဲ့ စက်ရုံက ယခင်က အစိုးရချည်မျှင်စက်ရုံတစ်ခုဖြစ်ပါတယ်၊ အစိုးရက ပန်ဒါကုမ္မဏီသို့ လက်လွှဲပေးခဲ့၍အစိုးရ၀န်ထမ်းများမှ ပုဂ္ဂလိက ၀န်ထမ်း ဘ၀ရောက်ခဲ့တယ်၊ လက်လွှဲစဉ်ကလက်ရှိလုပ်ကိုင်နေတဲ့ လုပ်သားတွေကို အလုပ်ဆက်ပေးမယ်ဆိုတဲ့သဘောတူညီချက်နဲ့ ဆက်လက်လုပ်ကိုင်လာခြင်းဖြစ်ပါတယ်၊ ဒီက ၀န်ထမ်းတွေကိုအစမ်းကာလ၀န်ထမ်းအနေနဲ့ ပြန်လျှောက်ခိုင်းတဲ့သဘောဖြစ်နေတယ်၊ ဒီနေ့ထိုင်သပိတ်လုပ်တာ ငြိမ်းငြိမ်းချမ်းချမ်းပါပဲ ညှိနှိုင်းဆောင်ရွက်မှုတွေပြုလုပ်ခြင်းပါတယ်၊ လကုန်အထိ ဒီမှာ ငြိမ်းငြိမ်းချမ်းချမ်းဆက်လုပ်သွားမည်၊ လကုန်မှ ညှိနှိုင်းဖြေရှင်းမပေးရင် အရှိန်မြှင့်ပြီးဆက်လက်လုပ်ဆောင်မှာပါ ’’ ဟု ပန်ဒါစက်ရုံမှ လုပ်သားဆန္ဒပြ ခေါင်းဆောင်မဇာခြည်က ပြောသည်။ အမှတ်(၂) ချည်မျှင် နှင့် အထည်စက်ရုံ (သို့) ပန်ဒါစက်ရုံသည်ယခင်အစိုးရလက်ထက်က တရားဝင် ၀န်ထမ်းများအား ပုဂ္ဂလိက လက်ထက် ပြောင်းစဉ်ပြန်လည်ခန့်အပ်ပါမည်ဟုသော သဘောတူညီချက်ဖြင့်လုပ်ငန်းဆက်လက်လည်ပတ်လျက်ရှိကြောင်း လွှဲပြောင်းပြီးချိန်မှစ၍ ယနေ့အထိပုံစံမျိုးစံဖြင့် အခက်အခဲများစွာ ရင်ဆိုင်လျက်အလုပ်လုပ်ကိုင်ခဲ့ရကြောင်း၊ EC စာချုပ်ပါ စည်းကမ်း(၇၀)ကျော်သည်တစ်ဖက်သတ်ရေးဆွဲထားသည့် စည်းမျဉ်းများဖြစ်သဖြင့် လက်ရှိလုပ်ကိုင်နေသည့်လုပ်သားများ သဘောတူ လိုက်နာနိုင်ခြင်းမရှိသဖြင့် သက်ဆိုင်ရာမှတာဝန်ယူဖြေရှင်းပေးရန် လိုအပ်ကြောင်း ၎င်းက ထပ်မံပြောသည်။ ပန်ဒါ စက်ရုံတွင် လုပ်သား(၉၀၀)ကျော်ဖြင့် လုပ်ငန်းလည်ပတ်လျက်ရှိရာအဆိုပါ လုပ်သားများထဲမှ (၂၀၀)ကျော်သည် လက်လွှဲပြောင်းစဉ်ကခန့်ထားခြင်းဖြစ်၍ ယင်း ဆန္ဒပြတောင်းဆိုခြင်း၌ ပါဝင်ခြင်းမရှိခဲ့ပေ။ပန်ဒါစက်ရုံတွင် ဆန္ဒပြခြင်းသည် ဒုတိယအကြိမ် ဆန္ဒပြခြင်းဖြစ်ပြီးခွင့်ပြုမိန့်တင်ထားသဖြင့် သက်ဆိုင်ရာမှ လာရောက် ကြည့်ရှုမှုတွေရှိခဲ့ပြီး ကုမ္မဏီသို့ ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ရန် လုပ်သားများဖက်မှ စာတင်မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်းပြန်လည်ဖြေကြားခြင်းမရှိသည်အတွက် နှစ်ဖက်ဆွေးနွေး ဖြေရှင်းနိုင်ရန်သက်ဆိုင်ရာမှ ညှိနှိုင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း သိရသည်။
သိဟာကိုကို

သိဟာကိုကို

posted from Bloggeroid
No comments:
Post a Comment