
မြန်မာယူ-၂၀ အသင်း တူရကီနိုင်ငံသို့ သွားရောက်လေ့ကျင့်မည်
OppositeyesToday, 12:30 PM၂၀၁၅ ကမ္ဘာ့ယူ-၂၀ ပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် မြန်မာ့လက်ရွေးစင် ယူ-၂၀ အသင်းသည် တူရကီနိုင်ငံ၌ နှစ်ပတ်ခန့် သွားရောက်လေ့ကျင့်မည်ဖြစ်ပြီး ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ‘‘မြန်မာယူ-၂၀ အသင်းအနေနဲ့ ၂၀၁၅ ဇန်နဝါရီလလယ်လောက်မှာ တူရကီနိုင်ငံကို သွားရောက်လေ့ကျင့်မှာဖြစ်ပြီး ထိပ်တန်းကလပ်အသင်းတွေနဲ့လည်း ခြေစမ်းပွဲငါးပွဲလောက် ယှဉ်ပြိုင်ကစားဖို့ စီစဉ်ထားပါတယ်’’ ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူကပြောသည်။၂၀၁၄ အောက်တိုဘာအတွင်း မြန်မာနိုင်ငံက အိမ်ရှင်ပြုလုပ်ခဲ့သည့် အာရှယူ-၁၉ ပြိုင်ပွဲတွင် မြန်မာအသင်းသည် အကြိုဗိုလ်လုပွဲအဆင့် တက်ရောက်နိုင်ခဲ့ပြီး ၂၀၁၅ မေလအတွင်း နယူးဇီလန်နိုင်ငံက လက်ခံကျင်းပမည့် ကမ္ဘာ့ယူ-၂၀ ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားသည်။ ကမ္ဘာ့ယူ-၂၀ ပြိုင်ပွဲအတွက် ရည်ရွယ်၍ မြန်မာယူ-၂၀ အသင်းကို ပြီးခဲ့သည့် နိုဝင်ဘာလမှစတင်ကာ ပဏာမကစားသမား ၂၄ ဦးဖြင့် ပြန်လည်စခန်းသွင်းခဲ့ပြီး ပြည်တွင်းမြန်မာလိဂ် ကလပ်အသင်းများနှင့် ခြေစမ်းပွဲများ ဆက်တိုက် ယှဉ်ပြိုင်ကစားလျက်ရှိသည်။မြန်မာယူ-၂၀ အသင်းသည် ကမ္ဘာ့ယူ-၂၀ ပြိုင်ပွဲအကြိုအဖြစ် ဇန်န၀ါရီအတွင်း ကျင်းပမည့် အင်ဒိုနီးရှားဖိတ်ခေါ် မာရာဟာလင်ဖလားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားသော်လည်း ယင်းပြိုင်ပွဲမှာ ပျက်ပြယ်သွားသည်။ ထို့ကြောင့် တူရကီ လေ့ကျင့်ရေးခရီးစဉ်သည် ကမ္ဘာ့ယူ-၂၀ ပြိုင်ပွဲအတွက် ပြင်ဆင်နေသည့် မြန်မာအသင်း၏ ပထမဆုံး ပြည်ပလေ့ကျင့်ရေးခရီးစဉ်ဖြစ်လာမည်ဖြစ်သည်။ ကမ္ဘာ့ယူ-၂၀ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိပြီးနောက် မြန်မာယူ-၂၀ဘောလုံးအသင်းသည် နိုင်ငံတကာဖိတ်ခေါ်ပြိုင်ပွဲများ ဖိတ်ခေါ်ကမ်းလှမ်းမှုအချို့ ရရှိထားပြီး ၀င်ရောက်ယှဉ်ပြိုင်ရန် သေချာပါက သတင်းထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူကဆိုသည်။ရေးသားသူ - ဗိုလ်ဗိုလ်ဝင်းဓာတ်ပုံ - SoccerMyanmarSource - 7DayDailyCommentsVisit website
No comments:
Post a Comment