Sunday, January 18, 2015

ငရဲဘုန်လားဆေးရုံလား

ငရဲလားဆေးလား

“ အေးမှုံရေ …ဆေးရုံလား…..ငရဲဘုံလားဖြေစမ်းပါ့ကွယ် ” ဆောင်းပါးရှင်-မင်းကောင်းချစ်

Dawnmanhon( ဒေါင်းမာန်ဟုန်)Yesterday, 9:26 PM“ အေးမှုံရေ …ဆေးရုံလား…..ငရဲဘုံလားဖြေစမ်းပါ့ကွယ် ”ပြီးခဲ့တဲ့နိုဝင်ဘာလနောက်ဆုံးပါတ်ထဲမှာ နာမကျန်းဖြစ်နေတဲ့ဖခင်ကိုပြုစုဖို့  မြန်မာနိုင်ငံကို ခဏပြန် ဖြစ်ခဲ့တယ်။ တက္ကသိုလ်ကျောင်းသားအဆောင်နေဘ၀မှာ အခန်းဖေါ်ဖြစ်ခဲ့တဲ့သူငယ်ချင်း ကချင်ကြီးက လေဆိပ် မှာသူ့ ကားနဲ့ ကိုယ်တိုင်လာကြိုတော့ သွားရေးလာရေးဒုက္ခမရောက်ခဲ့ရဘူး။ သူ့ အိမ်မှာရေချိုး ထမင်း စားခဏနားပြီး သူငယ်ချင်းဝယ်ပေးထားတဲ့ အဝေးပြေးကားလက်မှတ်နဲ့  ညတွင်းချင်းမန္တလေး ကိုဆင်းခဲ့ရတယ်။ အအေးပေါ့တဲ့ဆောင်းဝင်ကာစ မန္တလေးကို မနက် (၆) နာရီဝေလီဝေလင်းမှာ ရောက်တယ်။ ညီငယ်လာကြိုတဲ့ကားနဲ့ ဘဲ အဖေတက်နေရတဲ့ မန္တလေးဆေးရုံကြီး ကိုတိုက်ရိုက်သွား လိုက်တယ်။ အဖေ့အခြေအနေကသိပ်မကောင်းဘူး။ အောက်ဆီဂျင်ပိုက်တန်းလန်းနဲ့  ညာဖက်ကိုယ် တခြမ်းသေ သွားတဲ့အပြင် နမိုးနီးယားဖြစ်နေတော့ အဆုပ်အားနည်း ချွဲတွေဟပ်မထုတ်နိုင် အသက်ရှူ ကြပ် လျှာမလှုပ်နိုင် မမျိုချနိုင်တော့ အစာနဲ့ ဆေးကို နှာခေါင်းပိုက်နဲ့ သွင်းနေရပြီ။ အရင်ကထဲက သွေး တိုးနဲ့ဆီးချိုရှိနေရာက လေစိမ်းရိုက်ပြီး သွေးပျစ်သွားတော့ မစီးနိုင်တော့ဘဲ ဦးနှောက်သွေးကြောလေး တွေမှာ ဆို့ ပြီး လေဖြတ်သွားခဲ့တာတဲ့။ စိတ်ရောကိုယ်ရောနှစ်ပြီးပြုစုစောင့်ရှောက်နေတဲ့ မိခင်ကြီးနဲ့ တကွ ညီအကိုမောင်နှမတွေ ပြောပြ ချက်အရကတော့ ဖြစ်ဖြစ်ချင်းဆေးရုံပို့ ဖို့ စီစဉ်ကျတော့ ပြည်သူ့ ဆေးရုံမှာဆို အကြောင်းကြောင်းနဲ့  နှောင့်နှေးနေမှာစိုးတာကြောင့်ပြင်ပ ပုဂ္ဂလိကဆေးရုံပို့ ဖို့ ဆုံးဖြတ်ပြီး အရေးပေါ် လူနာတင်ယာဉ်ခေါ် ခဲ့သတဲ့။ ရောက်လာတော့ လူငယ်နှစ်ယောက်က လူနာသယ်တဲ့ လက်တွန်းလှည်းလေးနဲ့ ကားပေါ် တင်ပြီးဆေးရုံပို့တာပါတဲ့ ။ အရေးပေါ်အသက်ကယ် သူနာပြု ( MEDIC : EMERGENCY MEDICAL RESPONDER ) လည်းမပါဘူးတဲ့ ။ အရေးပေါ် အသက်ကိုဆွဲဆန့် ပေးရမဲ့ အသက် ကယ်သူနာပြုနဲ့  အသက်ကယ်ဆေးဝါးကရိယာတွေပါမလာမှတော့ တကယ်အသက်လုရမဲ့လူနာဆို လမ်းမှာတင် အသက်ပျောက် မှာအသေအခြာပေါ့။ လူနာတင်ယာဉ်ပေါ်မှာ အောက်ဆီဂျင်ပေးတဲ့ကရိယာ တော့ပါသတဲ့။ ပြီးတော့ (၇၈) လမ်းပေါ်ကအဲ့ဒီပုဂ္ဂလိကဆေးရုံရဲ့ အရေးပေါ်ဌာနရောက်တော့ကုတင်ပေါ်တင်ထားပြီး တနာရီနီးပါးကြာတဲ့အထိ ဘယ်သူမှလာပြီး ကြည့်ရှူ့ စမ်းသတ်ကုသမှု့မလုပ်ဘူးတဲ့။ ဒါကို အရေးပေါ် ကယ်ဆယ်ကုသရေးလို့ ခေါ်နိုင်ပါသလား။ စာဖတ်သူတို့ ဘဲစဉ်းစားဆုံးဖြတ်ကြည့်ပါတော့။ ဒီလိုဝန်ဆောင်မှု့တွေကြောင့် မသေသင့်ဘဲသေသွားရသူတွေ၊ ရောဂါမဆိုးသင့်ဘဲ ဆိုးပြီးဒုက္ခိတဖြစ် ဘ၀ပျက်သွားရသူတွေ ဘယ်လောက်များရှိမလဲဆိုတာ မတွေးရဲဘူး။ ပြည်သူလူထုကြီးရဲ့ကျန်းမာ ရေးအသိနိမ့်ကျနေရတဲ့အထဲမှာ အခုလိုကျန်းမာရေးဝန်ဆောင်မှု့လုပ်ငန်းတွေရဲ့ အရည်အသွေး မပြည့်မှီမှု ဆေးဝါးနဲ့ ကရိယာမစုံလင်မှု့တွေကြောင့် တိုင်းပြည်ဟာအလွန်နစ်နာဆုံးရှူံးနေရတယ်။ မြန်မာနိုင်ငံရဲ့ဆရာဝန်လောကမှာ ဆရာဝန်ကျင့်ဝတ်ကို ဂရုတစိုက်စောင့်ထိန်းပြီး လေးစားအားကိုး ထိုက်တဲ့ ဆရာဝန်တွေအများကြီးရှိနေသေးသလို စည်းမစောင့်တဲ့ ငွေနောက်လိုက်နေတဲ့ အသပြာ ဆရာဝန်တွေလည်း အရင်ကနဲ့ စာရင်ပို များလာတယ်။ ဒါကလည်းဆရာဝန် လောကမှာ့တင်မဟုတ် ပါဘူး။ အင်ဂျင်နီယာလောက၊ရှေ့နေလောက ၊ကျောင်းဆရာလောက၊ တရားသူကြီးလောက၊ ၀န်ထမ်း လောက …ရှိရှိသမျှကဏ္ဍလောကအသီးသီးမှာ ကျင့်ဝတ်လိုက်နာမှု့မရှိဘဲ ထင်တိုင်းကြဲနေကြတာ မဟုတ်လား။ မန္တလေးရောက်ရောက်ခြင်း အဖေတက်နေရတဲ့ ပြည်သူ့ ဆေးရုံကြီးက ဖျားနာဆောင်(တစ်)ကိုဝင်လိုက် ရင်ဘဲ မြင်ရတဲ့မြင်ကွင်းကစိတ်မသက်သာစရာအလွန်ကောင်းတယ်။ ၀င်ဝင်ချင်းဆောက်နဲ့ ထွင်းသလို ပါဘဲ။ ရောဂါကျွမ်းလို့ လား ဆေးဝါးမပြည့်စုံ၊ အချိန်မမှီလို့ လား မသိနိုင်တဲ့ လူနာတယောက် အသက် ကုန်လို့ အအေးတိုက်ထဲပို့ ဖို့ ထွက်လာတာနဲ့ ကြုံရတယ်။ ဘေးမှာလည်းငိုကြွေးလိုက်လာတဲ့လူတချို့နဲ့  အို…လူနာတွေ လူမမာတွေဆိုတာ လူသွား စင်္ကြန်တလျှောက် ကုတင်အပိုတွေမှာ ကြမ်းပြင်ပေါ်မှာ ပြည့်နှက်နေတာဘဲ။ လူမမာတွေ များလွန်း တော့ သန့် ရှင်းရေးလည်း ဘယ်ကောင်းကောင်း လုပ်နိုင် တော့မလဲ။ အော်ဂလီဆန်စရာ အလွန်ဆိုးဝါး ပြင်းထန်တဲ့ အနံ့ ဆိုးကြီး ထောင်းခနဲ နှာခေါင်းထဲဝင်လာ တာမို့  အော့အန်ခြင်စိတ်ကို မနဲထိန်းလိုက် ရတယ်။ ချီးမနိုင် သေးမနိုင်ဖြစ်နေတဲ့လူနာတွေ၊ ပြုစုမဲ့ လူနာစောင့်မရှိလို ၊့ ပိုက်ဆံမတတ်နိုင်လို့ ၊ သန့် ရှင်းရေးမလုပ်နိုင်တဲ့လူနာတွေ ၊ အခန်းနဲ့ လူနဲ့ မမျှ တော့ လေ၀င်လေထွက်က မကောင်းတော့ ပိုဆိုးတာပေါ့။ ဒါတောင် စာရေးသူရောက်သွားတဲ့အချိန်က ဆောင်းဝင်ကာစမို ၊ နွေရာသီဆိုဘယ်လို နေကြမယ်မသိဘူး ။ ဒီတော့ ဆေးရုံလား …ငရဲဘုံလားဆိုတာ စာဖတ်သူတွေဘဲဆုံးဖြတ်ကြပါတော့။အဖေ့အခြေအနေကိုကြည့်ပြီးတာနဲ့  ဒီလို ကျန်းမာရေးနဲ့ လုံးလုံးမညီညွတ်တဲ့ အဆောင်မှာဆက်ထား ရင်ရောဂါမပျောက်တဲ့အပြင် တခြားရောဂါတွေဝင်လာနိုင်တာမို့ အဲ့ဒီအဆောင်ကဆင်းဖို့ ဆုံးဖြတ် လိုက်ရတယ်။ ပိုက်ဆံမတတ်နိုင် ကျန်းမာရေးအသိနည်းပါးရှာလို့ သွေး၊ဆီး၊ သလိပ်မစစ်နိုင်တော့ ကိုယ်ဘာရောဂါဖြစ်မှန်း တောင်မသိ ဘဲ ခြောင်းတဟွတ်ဟွတ်ဆိုးနေတဲ့ လူနာတွေကအများကြီး။ ဆေးမတိုးတော့တဲ့ ကူးစက်တတ်တဲ့ရောဂါပိုးတွေအများကြီးရှိနေမှာ ဗေဒင်မေးစရာမလိုဘူး။စာရေးသူနဲ့ အလွန်ရင်းနှီးတဲ့မြို့ခံသူငယ်ချင်းတယောက်နဲ့  ဆက်စပ်စုံစမ်းကြည့်လိုက်တော့ PAY WARD လို့ ခေါ်တဲ့ ပိုက်ဆံပေးတက်ရတဲ့အဆောင်တွေရှိတာသိရတယ်။အခန်းခက တရက်ကို မြန်မာကျပ်ငွေ တစ်သောင်း တချို့ ဆေးတွေက ဆေးရုံကအခမဲ့ပေးပေမဲ့ C S 1 ( CEFOPERAZONE SULBACTAM FOR INJECTION ) လို့  ခေါ်တဲ့ ပိုးသတ်ဆေးလိုမျိုး ဈေးကြီးတဲ့ဆေးတွေကတော့ ပြတ်နေတာများတော့ လူနာရှင်က၀ယ်ပေးရတယ်။ အပြင်ပုဂ္ဂလိက ဆေးရုံတွေက အခန်းခ( တစ်သောင်းနှစ်ထောင်) နဲ့  ဆရာဝန်စမ်းသတ်ခ ( တစ်သောင်း) အပါအ၀င် သူနာပြုဝန်ဆောင်ခ၊ဆေးဖိုးဝါးခနဲ့ ဆို တနေ့  တသိန်း ကျော်ကျတာဆိုတော့ အများကြီး သက်သာ တာပေါ့ ။ ဒါပေမဲ့ အဲ့ဒီပြည်သူ့ ဆေးရုံက PAY WARD လို့ ခေါ်တဲ့ ပိုက်ဆံပေးတက်ရတဲ့အဆောင်တွေက တက်ခြင်တိုင်းတက်လို့ မရဘူး။ အခန်းလွတ်ရှိအောင်စောင့်ရတာ။ အဖေ့အခြေအနေက အိမ်မှာထား လို့ မရသေးတော့ PAY WARD အခန်းမရသေးခင် တော်ဝင်နှင်းဆီလို့ ခေါ်တဲ့ ပုဂ္ဂလိကဆေးရုံတရုံမှာ လေးရက်လောက်တင်ထား ရပြန်ရော။ ဆေးရုံကြီးမှာ အခန်းအားပြီဆိုတော့မှ ပြန်ပြောင်းရတာ။ အဆောင်ကအသစ်၊ ငါးထပ်ဆောင်၊ ပထမထပ် ထပ်ကအခန်း ရေချိုးခန်းအိမ်သာ ရေခဲသေတ္တာ နဲ့ ခေါင်းရင်းကိုမြှင့်လို့ ရတဲ့လူနာကုတင်ပါတယ်။ဒီတခါတော့ အရေးပေါ်သူနာပြုယာဉ်နဲ့ ပြည်သူ့ ဆေးရုံဝင်းထဲဝင်လာတော့မှသတိပြုကြည့်လာမိတယ်။ လမ်းဘေးပလက်ဖေါင်းတွေပေါ်၊ ပန်းခြံတွေထဲမှာ၊ ကားရပ်နားစရာနေရာတွေမှာ၊ အဆောက်အဦးဘေး တွေမှာ.. တချို့ကအခင်းလေးတွေနဲ့ တချို့များဆိုအခင်းတောင်မပါဘူး၊ ရပ်ဝေးကလာတဲ့သူတွေ၊ တောသူတောင်သားတွေ၊ ငွေကြေးချို့တဲ့နွမ်းပါးသူတွေပါ။ တည်းခိုခန်းခလည်းမတတ်နိုင်ကြတော့ ဖြစ်သလို ရရာနေရာခိုနေကြရရှာတာ။ မိုးတွင်းနဲ့ နွေရာသီဆို လောကငရဲပေါ့။ဆေးရုံဝင်းထဲတခြားအဆောင်တော့ဘယ်လိုနေမယ်မပြောတတ်ပေမဲ့ ငါးထပ်ဆောင်( အသည်းအထူး ကုဆောင်) ပထမထပ်က ဆရာဝန်ကြီးများနဲ့ တကွဆရာဝန်ငယ်တွေ၊ သူနာပြုတွေကတော့ အကုန်လုံး နီးပါးတာဝန်ကျေကြ စေတနာလည်းပါကြ၊ စိတ်လည်းရှည်ကြပါတယ်။ ဒေါသကြီးတဲ့ သူနာပြုဆရာမ တယောက်စ နှစ်ယောက်စလောက်ဘဲတွေ့ ရတယ်။ ဆေးရုံကအခမဲ့ပေးတဲ့ ဆေးစာရင်း စာရွက်တွေ လည်း လူမြင်ကွင်းမှာကပ်ပြီးပြထားပေးတယ်။ဆေးပြတ်နေရင်တော့ ဆေးရုံအပြင်က ဆေးဆိုင်တွေ က၀ယ်ပေးရတာပေါ့။ ဆေးရုံကြီးရှေ့တဲ့တဲ့မှာရှိတဲ့ဆေးဆိုင်တွေထဲမှာလည်း တချို့ ဆိုင်တွေက တော် တော်အမြတ်ကြီးစားတယ်။ ကိုယ်သတိထားမိတဲ့အထဲတော့ ချယ်ရီဆေးဆိုင်က အမြတ်သိပ်မတင်ဘူး။ မှန်မှန်ကန်ကန်ရောင်းတဲ့ တခြားဆိုင်တွေလည်းရှိနိုင်ပါတယ်။ ဆေးတွေကလည်းဈေးကြီးသလားမမေးနဲ့ အထူးသဖြင့် ဆီးချိုသွေးတိုးဆေးတွေကခေါင်ခိုက်နေတာ။ ကျောပူနာ ( BED SORES) လိမ်းဆေးဆို သိပ်ဈေးကြီးတာ၊ ပိုထိရောက်တယ်လို့ ပြောကြတဲ့ REGREL GEL လို့ ခေါ်တဲ့ လက်ညိုးလောက်ရှိတဲ့လိမ်းဆေးဘူးလေးကို ဆေးဆိုင်တဆိုင်မှာမေးကြည့်တော့ တစ်သိန်း ရှစ်သောင်းတဲ့ ၊ ချယ်ရီမှာမေးတော့ တစ်သိန်းခြောက်သောင်းပြောတယ်။ NADOXIN လို့ ခေါ်တဲ့ တခြား ဆီးချိုအနာလိမ်းဆေး ကိုမေးကြည့်တော့ ငွေနှစ်ထောင်ဘဲကျတယ်။ ဒါနဲ့  NADOXIN လေးဘဲဝယ်ပြီး ဆေးရုံက အခမဲ့ပေးတဲ့ ရိုးရိုးအနာကျက်ဆေး (ZINCOXIDE ) နဲ့ တွဲလိမ်းပြီး အနာကိုမဖိမိအောင်ဂရုစိုက် တော့ ပျောက်သွားတာပါဘဲ။ဆေးရုံရောက်ပြီးနောက်တရက်မှာ သွေး၊ဆီး၊သလိပ်စစ်ရတယ်။ ဆီးနဲ့ သလိပ်ကို အခမဲ့စစ်ပေးတယ်။ သွေးစစ်ရင် တစ်သောင်း၊ ဓါတ်မှန်ရိုက်ရင်ခြောက်ထောင်ပေးရမယ်တဲ့။ ပြီးတော့ အောက်ဆီဂျင်ဆိုတာလူကောင်းတွေအတွက်တော့ လေထဲကအခမဲ့ရှူနိုင်ပေမဲ့ အသက်လုနေရတဲ့လူနာတွေအတွက်တော့ အောက်ဆီဂျင်ဘူးနဲ့မှရှူနိုင်တာပါ ။ ပြည်သူ့ဆေးရုံကြီးမှာ တဗူးကို သုံးထောင်ကျပ် ပြီးနေတော့ တဗူး သုံးနာရီဘဲခံတယ်လေ ။ ဒီတော့ မရှိဆင်းရဲသားတွေ ဘယ်တတ်နိုင်မှာလဲ ။ ဒါကို မန္တလေး (၁၁) မှတ် ဂါတ်တဲအလွန်နားက ပုလဲဆရာတော်ဦးစီးတည် ထောင်ထားတဲ့ ပုလဲပရဟိတဖေါင်ဒေးရှင်းကနေ အောက်ဆီဂျင်ဗူးတွေ လိုသလောက်အခမဲ့လှူဒါန်း နေပါတယ် ။ အလွန်မွန်မြတ်တဲ့အလှူပါ ။ သာဓု အကြိမ်ကြိမ်ခေါ်မိပါတယ်။ တကယ်တော့ ဒီလိုဆေးဝါး ကုသမှု ဆိုင်ရာလိုအပ်ချက်တွေကို အုပ်ချုပ်သူအစိုးရမင်းများက စီမံဆောင်ရွက်ရမှာပါ ။ လိုအပ်တဲ့ ဘတ်ဂျက်နဲ့ ဘဏ္ဍာငွေကြေးတွေချပေးလို့ အခမဲ့ဆေးဝါး ကုသခွင့်ရှိအောင်ပြည့်ပြည့်စုံစုံဆောင်ရွက် သင့်ပါတယ်။ အခုတော့ တို့ မြန်မာပြည်သူတွေမလဲ အစိုးရကို အားမကိုးနိုင်တော့ ကိုယ်ထူကိုယ်ထ လုပ်ကြရ၊ ပရဟိတအသင်းတွေကိုအားထားနေရတာမဟုတ်လါး။အလွန်ဝမ်းနည်းစရာကောင်းပါတယ်။အဲ့ဒီလို ပရဟိတအသင်းတွေ၊ ဘုန်းတော်ကြီးတွေဦးစီးပြီး မန္တလေးဆေးရုံကြီးလါတက်နေတဲ့ မရှိဆင်း ရဲသားတွေ အတွက်သောက်ရေသန့်တွေ၊ ဆန်ပြုတ်တွေလါလါလှူတာတွေ့ ခဲ့ရတယ်။ သိပ်မွန်မြတ် တာဘဲ။ ပြည့်သူ့ဆေးရုံ ကြီးတခုမှာ သောက်ရေမရနိုင်တာကတော့ မဖြစ်သင့်ဘူးထင်တယ်။ တကယ် လို့များပရဟိတ အသင်း တွေ ဘုန်းတော်ကြီးတွေ အဆင်မပြေလို့ သောက်ရေသန့်လာမပို့နိုင်ရင် ၀ယ် မသောက်နိုင်တဲ့မရှိဆင်းရဲ သားတွေခမျာ အနီးနားဝန်းကျင်မှာလိုက်တောင်းသောက်ကြပေါ့။ လူနာ စောင့်မရှိတဲ့လူနာ ဆိုရင်တော့ ငတ်သေရမဲ့သဘောဘဲ။ဆေးရုံတက်တာ ငါးရက်မြောက်တဲ့နေ့ မနက် ရှစ်နာရီခွဲလောက်ကစပြီး မန္တလေးဆေးရုံကြီး ရှေ့တည့် တည့် လမ်း၃၀ ပေါ်မှာ ၇၄ နဲ့ ၇၅ လမ်းကြားက ABC စတိုးဆိုင်ဖွင့်ပွဲလုပ်တော့ ဆောင်းဘောက်ကြီးတွေ သီချင်းတွေအကျယ်ပြီးဖွင့်ကြတာ ။ ၁၁ နာရီမှာ အဆိုတော် ဟန်လေးလည်း လာမယ်ပြောကြတယ်။ ဟိုးတုံးကတော့ ဆေးရုံနားဆိုတာ ကားဟွန်းတောင်မတီးဖို့တားမြစ်ထားတာလေ။ အသက်လုနေရတဲ့ လူမမာတွေ၊ အသည်းအသန်အဖျားနာနေတဲ့လူနာတွေ၊ သက်ကြီးရွယ်အိုတွေမပြောနဲ့ ကိုယ်လိုလူ ကောင်းတယောက်တောင်နားမခံသာဘူး။ ဘေ့စ်သံတဒုန်းဒုန်းက ဆေးရုံမှန်ချပ်တွေတောင်ခါနေ အောင်ကျယ်တာ။ လူလည်းနှလုံးတွေတုန်ပြီး ခေါင်းကိုက်လာတယ် ။ စီးပွားရေးလုပ်တာဆိုပေမဲ့ အများပြည်သူအနှောင့်အရှက်မဖြစ်အောင် သတိထားလုပ်ကြဖို့လိုတယ် ။ နာရီဝက်လောက်တော့သီးခံလိုက်ပါသေးတယ် ။အမြင်မတော်ကိုပြောဆိုပြုပြင် ထိန်းကြောင်းပေးမဲ့ လူလည်းရှိပုံမရဘူး။ ကိုယ်နဲ့မဆိုင်ပါဘူး ဝင်ပြောနေရင် ကိုယ်ဘဲပြသနာတက်မှာ မမြင်ခြင်ယောင် မကြားခြင်ယောင်ဆောင်နေတာဘဲကောင်းတယ်လို့ လူတိုင်းတွေးနေကြပုံရတယ်။ ကိုယ်နဲ့မဆိုင်သလိုနေလိုက်ရင်း တို့ လူ့အဖွဲ့စည်းလည်း အသိတရားခေါင်းပါးသထက်ခေါင်းပါးပြီး ဖြစ်ခြင်တိုင်းဖြစ်နေတော့တာပေါ့ ။ ဒါနဲ့ကိုယ်လည်း လူနာစောင့်လဲတဲ့သူရောက်လာမှာ့ အဖေ့ကိုအပ်ပြီး မလုပ်သင့်တာကို တားမြစ်ဖို့ ဆင်းလာမိတယ် ။ သူတို့ကို မတားခင် ဘယ်လိုပြောရင်ကောင်းမလဲလို့ လမ်းမှာကြိုစဉ်းစားလာမိတယ် ။လူတွေဝိုင်းအုံကြည့်နေတဲ့ရှေ့မှာ သတင်းသမားတွေရှေ့ စိတ်လိုက် မာန်ပါပြောရင် ကိုယ့်ဖက်က မှန်တယ်ထားအုံး ဟိုတဖက်သားကလက်ခံခြင်မှလက်ခံမှာ၊ ပြီးရင်လူတွေ အုံနေတော့ မလိုလားအပ်တဲ့ ပြဿနာတွေပေါ်သွားနိုင်တယ်လေ။ ဒါနဲ့ဆိုင်ထဲဝင်ပြီး စီစဉ်နေသူလိုထင် ရတဲ့ မိန်းကလေးတယောက်ထံ အသာတကြည်ကပ်ပြီး အန်ကယ်မေးစရာရှိလို့ပါလိုပြောပြီး လူရှင်းတဲ့ ရုံးခန်းနားခေါ်ပြီး ချိုချိုသာသာ အသံတိုးပေးဖို့ မေတ္တာရပ်ခံရတယ် ။ လူနာတွေသိပ်သနားစရာကောင်းတဲ့အကြောင်း အသံအကျယ်ကြီးမခံနိုင်ကြောင်းရှင်းပြတော့ အဲ့ဒီ မိန်းကလေးကလည်း သိတတ်နားလည်မှု့ရှိရှာပါတယ် ။အသံလေးတွေတိုးပေးပါ့မယ်ဆိုပြီး ရည်ရည် မွန်မွန်ပြန်ပြောရှာပါတယ် ။ မိဘကဆိုဆုံးမလို့သိတတ်နားလည်တဲ့ကလေးမို့ဒီဆောင်းပါးကနေကျေးဇူး တင်ကြောင်းပြောခြင်ပါတယ်။ ဒါဟာနိုင်ငံရေးကိစ္စပါဘဲ။ ရပ်မိရပ်ဖ မိဘပြည်သူဆိုတာ ကိုယ့်ပတ်ဝန်း ကျင်မှာ မှားနေတာဖြစ်ဖြစ်၊ မသိလို့မဟုတ်တာတွေလုပ်နေတာဖြစ်ဖြစ် ကိုယ်နဲ့မဆိုင်ဘူးလို့သဘော မထားဘဲ၊ အခြေအနေအချိန်အခါကိုယ်သုံးသပ်ပြီး ဝင်ရောက် ထိန်းသိမ်းပြုပြင်တည့်မှတ်ပေးဖို့ လို တယ်။ ဒါကို အင်္ဂလိပ်လိုတော့ (OBSERVATION AND INTERVENTION WITH POSITIVE TECHNIQUE ) လို့ခေါ်မယ်ထင်တယ်။ မလုပ်မရှုပ်မပြုတ် ဒုက္ခမရောက်ဆိုတဲ့ ယဉ်ကျေးမှု့ဆိုး ကြီးကိုတိုက်ဖျက်ကြရမယ် ။ ဒီလိုလုပ်နိုင်ဖို့က (၁) မြန်မာပြည်သူတွေမှာ အကြောက်တရားတွေလျှော့ပါးအောင်လုပ်ရမယ်။ မိုက်ရူးရဲလုပ်တာကိုပြော တာမဟုတ်ဘူး။ မှန်မှန်ကန်ကန်ပြောရဲဆိုရဲလုပ်ရဲကိုင်ရဲရှိဖို့ပါဘဲ။ (၂) စာနာစိတ်တွေ ရှိလာအောင်၊ အများကိုထိခိုက်မဲ့ကိစ္စတွေမလုပ်သင့်ဘူးဆိုတာလူထုကိုပညာပေးဖို့ လိုတယ်။ (၃)ရပ်ရွာ မြို့နယ် အဆင့်ကနေ နိုင်ငံတော်အဆင့်အုပ်ချုပ်ရေး အာဏာပိုင်ရာထူးအဆင့်တွေမှာ မှန်မှန်ကန်ကန် အဂတိ ကင်းကင်းအုပ်ချုပ်မဲ့သူတွေ၊ သီလကောင်းသူတွေနေရာရပြီးစီမံခန့်ခွဲသွားဖို့လိုတယ်။ (၄)အပေါ်မှာ ရေးပြခဲ့သလိုအသံအကျယ်ကြီးဆေးရုံနားလါဖွင့်ဆူညံတာမျိုးကို တားမြစ်အပ်တယ်လို့လည်း အသိ ရှိပြီး တားမြစ်ရဲတဲ့သတ္တိရှိတဲ့ ရပ်မိရပ်ဖတွေ၊ မြို့မိမြို့ဖတွေများများရှိဖို့လိုတယ် ။ ဒါမှာ့သာ မြန်မာနိုင်ငံ ဟာတဖြေးဖြေးပြုပြင်ပြောင်းလဲတိုးတက်လါနိုင်လိမ့်မယ် ။နောက်အမြင်မတော်တာတခုက မန္တလေးပြည်သူ့ဆေးရုံကြီးဝင်းထဲမှာ ကားတွေ ဆိုင်ကယ်တွေကြား အောက်ပိုင်းသေနေတဲ့ အဖွားအိုတယောက် ဒရွတ်ဆွဲသွားနေတာလေ။ ဘေးကကြည့်နေတဲ့လူတွေ ကလည်း မြင်နေကျမို့လား၊ တမင်လုပ်ပြီးတောင်းစားနေတာသိလို့လား ဘာဘဲဖြစ်ဖြစ် အခုမှမြင်ဘူးတဲ့ ကိုယ့်အတွက်တော့လစ်လျှုရှူ့မသွားနိုင်ဘူးလေ။ မမြင်တဲ့ကားတွေ၊ဆိုင်ကယ်တွေကတိုက်ရင်ချက် ချင်းသေသွားနိုင်တယ် ။ ဒါနဲ့အဖွားကိုမပြီးဘေးလွတ်ရာရွေ့ပေးလိုက်ရတယ်။ ချီးတွေသေးတွေ မနိုင် ဘဲပါထားတော့ ကိုယ်လည်းချီးစော်သေးစော်နံတော့တာပေါ့။ နာမည်မေးတော့ လူနာမည်လား မယ်သီ လရင်လားတ၊ဲ့ လူနာမည်မေးတော့ ဒေါ်ခင်မိမိ မုံရွာဖက်ကလာတာတဲ့ ဆရာဝန်လာတွေ့တာလို့ ပြော တာဘဲ။ သားသမီးမရှိ အဖေါ်မရှိလို့ ဆေးရုံပန်းခြံထဲမှာအိပ်သတဲ့ ။ ဟုတ်မဟုတ်တော့သူဘဲသိမှာပါ။ဒီဆောင်းပါးကိုနိဂုံးချုပ်ရရင် … မြန်မာနိုင်ငံရဲ့ကျန်းမာရေးကဏ္ဍမှာပြုပြင်ပြောင်းလဲမှုလေးတွေ ဟိုနား ဒီနားရှိနေပေမဲ့ ဆင်းရဲနွမ်းပါးတဲ့အများပြည်သူတွေအတွက် (၁) ကျန်းမာရေးစောင့်ရှောက်ခံ ပိုင်ခွင့်ဟာ ဆိုးဆိုးရွားရွားနိမ့်ကျနေဆဲဘဲ။ နေရာမလုံလောက်မှု၊ ရှိတဲ့နေရာကလည်း ကျန်းမာရေး နဲ့ မညီညွတ်မှု၊ ဆေးဝါးကရိယာမလုံလောက်မှု၊ အချိန်မှီကုသမခံရမှု၊ စရိတ်ကြီးမြင့်မှု၊ ၀န်ဆောင်မှု အရည်အသွေး ညံ့ဖျင်းမှု စတာတွေဟာထင်ထင်ရှားရှားတွေ့ နေရဆဲပါ။ (၂) လက်ရှိမြန်မာနိုင်ငံရဲ့ အရေးပေါ် အသက်ကယ်ဆယ်ရေး ( EMERGENCY MEDICAL SERVICES) ၀န်ဆောင်မှုဟာ အလွန်အားနည်းနေသေး တယ်။ သွက်လက်မြန်ဆန်မှုမရှိဘူး။ လူနာရဲ့အသက်ကို ထိရောက်စွာ ဆွဲဆန့် နိုင်ဘို့ လုံလောက်တဲ့ ကရိယာတွေ ကျွမ်းကျင်လုပ်သားတွေမရှိသေးဘူး။ ရောင်စုံမီးလုံးတွေနဲ့  အရေးပေါ်သူနာပြုယာဉ်လို့  စာတန်းထိုးထားတဲ့ လူနာပို့ ဆောင်ရေးအဆင့်မှာဘဲရှိနေသေးတယ်။ (၃) လူထုရဲ့ကျန်းမာရေးအသိ အမြင်ဟာဆိုးဆိုးဝါးဝါးနိမ့်ကျနေဆဲဘဲ။ဒီလိုနိမ့်ကျနေမှုတွေကြောင့် အများပြည်သူတွေဟာ..မဖျားနာသင့်ဘဲဖျားနာနေရတယ်။ ရောဂါမဆိုး သင့်ဘဲ ဆိုးသွားရတယ်။ မသေသင့်ဘဲသေဆုံးနေကြရတယ်။ နိုင်ငံ့အုပ်ချုပ်ရေးတာဝန်ယူထားသူတွေ၊ အစိုးရ လွှတ်တော်နဲ့ တကွ ကျန်းမာရေးဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်ကနေ အောက်ခြေကျန်းမာရေး ၀န်ထမ်းတွေအထိ ရှင်းရှင်းလင်းလင်းနားလည်သဘောပေါက်ရမှာက…မြန်မာနိုင်ငံသားတယောက် ဖျားနာခြင်းဟာသူ့ မိသားစုအတွက် လုပ်အားနဲ့ ဝင်ငွေဆုံးရှူံးခြင်းဖြစ်သလို၊ တိုင်းပြည်အတွက်လုပ်အား နဲ့ ဝင်ငွေဆုံးရှူံးနေတယ်ဆိုတာဘဲ၊ မြန်မာနိုင်ငံသားတယောက် မသေသင့်ဘဲသေသွားရင် သူ့ မိသားစု အတွက်သာမက တိုင်းပြည်အတွက်ကြီးစွာသောဆုံးရှူံးမှု့ဘဲဆိုတာမြင်နိုင်ဖို့ လိုတယ်။ ဒါကြောင့် ကိုယ် ယူထားတဲ့တာဝန်ကို ကျေပွန်အောင်လုပ်ဖို့ ၊ မရှိမဲ့ရှိမဲ့ ကျန်းမာရေးဘတ်ဂျက်လေးကိုလည်း မခိုးမ၀ှက် ကြဖို့  ၊ အုပ်ချုပ်သူကျင့်ဝတ်၊ ပြည်သူ့ ဝန်ထမ်းကျင့်ဝတ်၊ ဆရာဝန်ကျင့်ဝတ်၊ သူနာပြုကျင့်ဝတ်တွေ အမှန်တကယ်လေးစားလိုက်နာကြဖို့ မေတ္တာရပ်ခံတိုက်တွန်းလိုက်ပါတယ်။ လေးစားစွာဖြင့်မင်းကောင်းချစ်ဒီဇင်ဘာလ ( ၂၈) ရက် ၂၀၁၄ ခုနှစ် နံနက် (၁၀) နာရီ ခွဲCommentsVisit website

No comments:

Post a Comment