Friday, October 31, 2014

မန္တလေးတိုင်းဒေသကြီးတွင် မိုးစပါးစိုက်ပျိုးပြီးချိန် နွားအလဲအထပ်လုပ်ကိုင်ခြင်းထက်
နွားများကိုခိုင်းရုံ ၀ယ်ယူသူများပြား တရားမ၀င် သားသတ်မှု နှင့် အကောင်လိုက် တင်ပို့မှုများ ရှိနေ

မိုးစပါးစိုက်ပျိုးပြီးချိန် မန္တလေးတိုင်းဒေသကြီးရှိ မြို့နယ်အချို့ နှင့် မန္တလေးမြို့အနီးဝန်းကျင် ပုသိမ်ကြီးမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမရပူရမြို့နယ် နှင့် အခြားမြို့နယ်များတွင် ထွန်ယက်စိုက်ပျိုးမှုများ ပြုလုပ်ရာတွင် နွားများကို စိုက်ပျိုးရာသီအတွင်း ခိုင်းရုံသက်သက် ၀ယ်ယူနေကြပြီး နွားအလဲအထပ်လုပ်ကိုင်ခြင်း နည်းပါးလာကြောင်း ပုသိမ်ကြီးမြို့နယ်မှ တောင်သူတစ်ဦးက ပြောခဲ့သည်။
ယခုနှစ် မန္တလေးတိုင်းဒေသကြီးတွင် မိုးရရှိမှု နည်းပါးခြင်းကြောင့် သီးနှံစိုက်ခင်းများမှာ အထွက်နှုန်းနည်းသဖြင့် တောင်သူလယ်သမားများ စီးပွားရေးအခက်အခဲများ ကြုံတွေ့နေကြရပြီး နွားအလဲအထပ်လုပ်ကိုင်သူထက် နွားများကို ခိုင်းရုံ သက်သက်ဝယ်ယူပြီး စိုက်ပျိုးရာသီကုန်ချိန်တွင် တောင်သူလယ်သမားများ စီးပွားရေးအဆင်မပြေကြခြင်းကြောင့် ငွေပြန်နုတ်လိုသူများက ပြန်လည်ရောင်းချနေကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် တောင်ယာလုပ်ကိုင်သူ တောင်သူများသည့် ခိုင်းနွားများကို အသုံးပြုလုပ်ကိုင်ကြပြီး လယ်ယာလုပ်ငန်းများ ထွန်ယက်စိုက်ပျိုးပြီးချိန်တွင် မိမိတို့ အသုံးပြုနေသည့်ခိုင်းနွားများကို အလဲအထပ်လုပ်ကိုင်သူသာ များပြားခဲ့ခြင်းဖြစ်သည်။
မန္တလေးတိုင်းဒေသကြီးအတွင်း မိုးရွာသွန်းမှုနည်းပါးသည့် ဒေသများတွင် မိုးဦးသီးနှံမစိုက်လိုက်ရသည့် တောင်သူအများအပြားရှိနေခြင်းကြောင့် အဆိုပါ တောင်သူများသည် ခိုင်းနွားကြီးများကို တစ်မိုးကပ်အရွယ် နွားများဖြင့် လဲလှယ်ခြင်း၊ ခိုင်းဖြစ်ရုံ နွားများ ပြန်လည်ဝယ်ယူနေခြင်း စသည့်ဖြင့် ငွေနုတ်သူများပြားနေခြင်းဖြစ်သည်။
လယ်ထွန်စက်ဖြင့် လယ်ယာစိုက်ပျိုးခြင်းများရှိနေ၍ ခိုင်းနွားအသုံးပြုမှု နည်းပါးလာမှုနှင့်ပတ်သက်၍ ‘‘ ကျွန်တော်တို့ ဒေသက မိုးခေါင်တယ်၊ ရေရချိန်မှာ အမြန်စိုက်ပျိုးရတာဆိုတာ နွားနဲ့ လယ်ထွန်းရင် ကိုယ်လိုချင်တဲ့ အချိန်မှီ မပြီးနိုင်ဘူး၊ နွားကျတော့ တစ်မနက်လောက်ပဲ လုပ်နိုင်တယ်၊ ထွန်စက်က ဆီထည့်ပြီး ကိုယ်လုပ်နိုင်သလောက်လုပ်လို့ရတယ်၊ တနေကုန် သုံးလို့ရတယ်၊ ထွန်စက်တစ်စီး တန်ဖိုးက နွားနှစ်ရှဉ်း တန်းဖိုးလောက်ပဲရှိတော့၊ နွားအစား လယ်ထွန်စက် အသုံးများလာကြတာပါ၊ ရွာထဲမှာ ထွန်စက် ငှားရမ်းပြီး တစ်ဧကကို တစ်သောင်းခွဲ၊ နှစ်သောင်းနဲ့ လုပ်နေတဲ့ သူတွေလည်းရှိတယ်၊ အချိန်ကုန် သက်သာပြီး မြေသားကောင်းကောင်းလည်းရလို့ သုံးဖြစ်တာပါ ’’ ဟု ဒေသခံတောင်သူ ဦးစိမ်းမောင်က ပြောခဲ့သည်။
‘‘ ရပ်ကွက်ထဲမှာ တစ်နိုင်တစ်ပိုင် နွား၊ ဆိတ်၊ ကြက်တွေ မွေးမြူနေမှုတွေရှိတယ်၊ ပြီးတော့ ခြံဝန်းတွေထဲမှာပဲ သားသတ်လုပ်ငန်းလုပ်နေတာတွေရှိပါတယ်၊ သားသတ်ဖို့ သတ်မှတ်ထားတာ ရှိပေမယ်၊ တရားမ၀င် သတ်နေတာတွေ နေ့တိုင်း မြင်တွေ့နေရတယ်၊ သားသတ်ပြီး စွန့်ပစ်ပစ္စည်းတွေက ရွာထဲက ကန်ထဲ စွန့်ပစ်တာတွေရှိပါတယ်၊ အသားဈေးတွေလည်း တက်နေတော့ တရားမ၀င်သားသတ်မှုတွေ ပိုများလာတယ်၊ နိုင်ငံခြားသို့ နွားအကောင်လိုက် တင်ပို့ရောင်းချနေတာတွေလည်း ရှိနေတော့ တရားမ၀င်လုပ်ငန်းတွေ များလာတာပါ ’’ ဟု မန္တလေးမြို့ အမရပူရမြို့နယ်ရှိ ရွာတစ်ရွာမှ ဒေသခံတစ်ဦးက ပြောခဲ့သည်။

posted from Bloggeroid

No comments:

Post a Comment