Friday, October 31, 2014

မြန်မာနိုင်ငံတွင်ပထမဦးဆုံးရွေ့လျားကရ၀ိတ်ရေပေါ်ဟိုတယ်တည်ဆောက်မှု၉၀ရာခိုင်နှုန်းကျော်ပြီးစီးမန္တလေး          အောက်တိုဘာ              ၂၆      မြန်မာနိုင်ငံတွင် ပထမဦးဆုံးအဖြစ် ကမ္ဘာ့အဆင့်မီ ရွေ့လျားသွားလာနိုင်သောကရ၀ိတ်ရေပေါ်ဟိုတယ်ကြီးတစ်ခုအား မြန်မာနိုင်ငံသားစွန့်ဦးတည်ထွင်လုပ်ငန်းရှင်တစ်ဦးမှ မန္တလေး မြို့ ဧရာဝတီမြစ်အတွင်း၌မြန်မာ့ရိုးရာလက်မှုအနုပညာဖြစ်သော ပန်းဆယ်မျိုးအတတ်ပညာများဖြင့်တည်ဆောက်လျက်ရှိရာ (၉၀)ရာခိုင်နှုန်းကျော်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ယင်း ကရ၀ိတ်ရေပေါ်ဟိုတယ်ကြီးကို  ၂၀၁၃ခုနှစ် မတ်လ ၃ ရက်နေ့က စတင်တည်ဆောက်၍သုံးထပ်ဆောင်အမျိုးအစား အလျား ပေ ၂၅၀ အနံပေ ၇၀ ရှိကာ ဧရာဝတီမြစ်ရေအထက်သုံးထပ်ဆောင်ထိပ်ထိ အမြင့် ၃၄ ပေ ၈ လက်မရှိပြီးရွေ့လျားသွားလာနိုင်ရေးအတွက် မြင်းကောင်ရေ ၃၆၀ရှိ ၈ လုံးထိုးအင်ဂျင် ၂လုံးတပ်ဆင်ထားကာ ကရ၀ိတ်ညီနောင်အပေါ်တွင် တည်ရှိနေသည့်အဆောက်အဦးတစ်ခုသဖွယ် ရေပြင်ထက်တွင် ၀င့်ဝင့်ကြွားကြွား တည်ရှိနေပေသည်။ကရ၀ိတ်၏ နံရံများပေါ်တွင် ချိတ်ဆွဲထားသော ခြူးပန်းခြူးနွယ်ကနုတ်ပန်းများတွင်လည်း သူ့အဓိပ္ပါယ်သူ ဆောင်သော သဘောတရားများပါရှိပြီးဘယ်တောင်ပံတွင် အေးမြသော၊လင်းလက်သော သဘော ဆောင်သည့် ‘လ’ပုံသဏ္ဍာန်ယူထားပြီးညာတောင်ပံတွင် ထွန်းလင်းသော၊ တောက်ပရဲရင့်သော သဘောဆောင်သည့်” နေမင်း”၏ပုံသဏ္ဍာန် နက္ခတ်တာရာတို့၏ သဘောဆောင်သော ရုပ်လုံးရုပ်ကြွကနုတ်ပန်းများကိုဦးထိပ်တွင်လည်းကောင်း ထားရှိပြီး သင်္ဘောအတွင်း အခန်း (၁၂)ခန်းမှာလည်း ၁၂လရာသီ၏ သဘောသဘာဝကိုဆောင်သည့် ၁၂ရာသီပွင့်သောပန်းများလည်းထားရှိသွားမည်ဖြစ်သည်။ အဓိကထူးခြားချက်အနေဖြင့် ထိုကရ၀ိတ်ဟိုတယ်အား သစ်သားများဖြင့်သာတည်ဆောက်ထားပြီး ကွမ်းသီးပင်၏ အသားများကိုအသုံးပြုထား ကာ ပိုမိုခိုင်မာစေရေးအတွက် Steel Structure၊သံဖရိန်များဖြင့်လည်း ထိန်းညှိပေးထားသည်။ ဖောင်တော်၏ အမြီးပိုင်းတွင်လည်း၇ နေ့ ခုနှစ်ရက် နေ့နံအလိုက် အဓိပ္ပါယ်ရှိသော ကနုတ်များနှင့် ၂၄ပစ္စည်းစက်ဝိုင်းပုံသဏ္ဍာန်ပါသော ကနုတ်ပန်းများဖြင့် ခြယ်သ ထားပြီးရှေးမြန်မာဘုရင်မင်းမြတ်များမင်းခမ်းမင်းနားဖြင့်တိုင်းခန်းလှည့်လည်ရာတွင် အသုံးပြုသောစီးတော်ယာဉ်ဖြစ်သည့် မြင့်မြတ်သော သဘောကိုဆောင်သည့်ကရ၀ိတ်ဖောင်တော်ကြီးတစ်ခုလုံးကို ခြုံငုံကြည့်ပါက နေ၊ လ၊ နက္ခတ်တာရာလောကဓါတ်တစ်ခုလုံး ပါဝင်သော စကြ၀ဠာကြီးတစ်ခုသဖွယ်ဖန်တီးထားခြင်းလည်းဖြစ်သည်။        “ဟိုတယ်ဆိုတာလူကိုလူခြင်းဝန်ဆောင်မှုပေးတာဖြစ်တဲ့အတွက် ၀န်ထမ်းတွေကိုမြန်မာ့ယဉ် ကျေးမှုကို ဖော်ဆောင်နိုင်တဲ့ ဧည့်ဝတ်ကျေပွန်မှုတွေကိုကမ္ဘာကသိအောင် ဆောင်ရွက်နေခြင်းဖြစ်ပါ တယ်။ ၀န်ဆောင်မှုအနေနဲ့ ဟိုတယ်အတွင်းအတွေ့အကြုံကောင်းရှိသည့် မြန်မာနိုင်ငံ သား သင်္ဘောသား ၀န်ထမ်း ၂၀ဦး၊ဟိုတယ်ဝန်ထမ်းကိုးဆယ်ကျော်နဲ့ ဖွဲ့စည်းထားတယ်။ မြန်မာနိုင်ငံသားဝန်ထမ်းများနှင့် အရည်အချင်းရှိသော ၀န်ဆောင်မှုအပြည့်အ၀ပေးနိုင်သောဝန်ထမ်းများဖြစ်စေရေး ဟိုတယ် မဖွင့်လှစ်မီ သုံးလအကြိုမှာပင် လစာပြည့်နဲ့သင်တန်းများ ပို့ချပေးလျက်ရှိပါတယ်။ သစ်သားနဲ့တည်ဆောက်ထားတဲ့အဆောက်အအုံဖြစ်သည့်အလျောက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးကို လည်း ဆောင်ရွက်ထားတယ်။ဟိုတည်အတွင်းတည်းခိုနေထိုင်သူများတွက် ကျန်းမာရေးဆေးမှူးများကိုလည်းထားရှိဆောင်ရွက်သွားမှာပါ။”ဟုကရ၀ိတ်ရေပေါ်ဟိုတယ်အုပ်ချုပ်မှုဒါရိုက်တာ ဦးထွန်းထွန်း က ပြောသည်။        ဟိုတယ်ပေါ်သို့ ရောက်ရှိလာသော ဧည့်သည်များအနေဖြင့်လည်း ထိုနေလနက္ခတ်တာရာများအစွမ်းအားဖြင့် မင်္ဂလာရှိခြင်း၊စိတ်အေးချမ်းသာခြင်းများရရှိရေးကိုလည်း ရည်ရွယ်တည်ဆောက် ထားခြင်းဖြစ်သည်။ဖောင်တော်ဦးထိပ်တွေင် ထားရှိသော ဆင်ဖြူတော် ၂ ကောင်မှာလည်းပန်းဆယ်မျိုးအတတ်ပညာများအနက်မှ ပန်း ၆ မျိုးတို့ဖြင့်ထုလုပ်ထားခြင်းဖြစ်သည်။ မြန်မာ ဘုရင်များ၏မင်းခမ်းမင်းနားအဆောင်အယောင်ရုပ်တုများ၊ မေခလာနတ်သမီးရုပ်တု၊ နတ်မင်းကြီး၎ ပါးရုပ်တု၊ ရုပ်သေးပညာ၊ တစ်ပင်တိုင်ခြင်းလုံးပညာ၊တိုင်းရင်းသားရိုးရာအကများကိုလည်း မင်္ဂလာခန်းမအတွင်း ခင်းကျင်းပြသမည်ဖြစ်သည်။ ကရ၀ိတ် ရေပေါ်ဟိုတယ်တွင် အထပ်သုံး ထပ်ပါရှိပြီးအပေါ်ဆုံးထပ်အတွင်း လူ ၂၅၀ဆံ့ မင်္ဂလာခန်းမ တစ်ခု၊နှစ်ယောက်အိပ်အခန်း(၂၆)ခန်း၊ နှစ်ယောက်အိပ်အထူးခန်း(၄)ခန်းနှင့်မိသားစုခန်း(၃)ခန်း စုစုပေါင်း (၃၉)ခန်းပါဝင်မည်ဖြစ်သည်။ ထိုနောက် အလျား၁၈ပေ အနံ ၁၂ ပေရှိသည့် ရေစိမ်ကန်တစ်ခုလည်း ပါဝင်မည်ဖြစ်သည်။တည်းခိုခနှုန်းထားများကိုလည်း နိုင်ငံတကာအဆင့်ထက် မပိုသော အဖိုးအခများနှင့်လည်းကောင်း၊ ပြည်တွင်း ကုန်းပေါ်ရှိ ဟိုတယ်များထက် မပိုသောဈေးနှုန်းများဖြင့်သာ ၀န်ဆောင်မှုပေး သွားမည်ဖြစ်သည်။ ဟိုတယ်အပေါ်မှ ရေ၊မြေ၊တော၊တောင်၊တိမ်၊ဝေဟင်၊အာကာသ၊ ဘေး ပတ်ဝန်းကျင်ရှိကျေးလက်တောရွာများ၏အလှအပ ရှုခင်းများကိုလည်း တစ်ပြိုင်တည်းကြည့်ရှုနိုင်မည်ဖြစ်သည်။ ကရ၀ိတ်ဖောင်တော်ကြီးကိုလည်းနေ့စဉ် ညနေ ၄ နာရီမှ  ၆နာရီအထိ မင်းကွန်း ပုထိုးတော်ကြီးကိုအနီးကပ်ဖူးမျှော်နိုင်ရန်လည်းကောင်း၊မန္တလေးတောင်ပေါ်ရှိဘုရားများအား မြစ် အတွင်းမှဖူးမြော်နိုင်ရန်လည်းကောင်း၊ စစ်ကိုင်းတံတားကြီးနှင့်မင်းဝံတောင်ရိုးရှိစေတီပုထိုးများအား လည်းကောင်း၊နေ၀င်ဆည်းဆာအလှများနှင့် မန္တလေးရှိ သိသင့်သိထိုက်သည့် နေရာများအားကြည့်ရှုနိုင်စေရန် ဆောင်ရွက်သွားမည်ဖြစ်သည်။ အစားအသောက်များအနေဖြင့်လည်းဥရောပ၊အာရှအစား အစာ၊ တရုတ်အစားအစာနှင့် မြန်မာ့ရိုးရာမုန့်ဟင်းခါး၊ကြာဇံဟင်းခါးအကြော်စုံအစရှိသည့် အစားအစာများလည်းရရှိနိုင်မည်ဖြစ်သည်။        ကရ၀ိတ်ဟိုတယ်တည်ဆောက်မှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်းရန်ကုန်ကန်တော်ကြီး၌ လည်းကောင်း၊ ကျောက်ဆည်မြို့တွင်လည်းကောင်း၊ ယခင်မန္တလေးတွင်လည်းကောင်း ကရ၀ိတ်ပုံ အဆောက်အအုံများရှိခဲ့သော်လည်းမြစ်ကြောင်းအတွင်း သဘာဝငှက်ကရ၀ိတ်များကဲ့သို့ ရှင်သန်သွား လာနေသောရေပေါ်ကရ၀ိတ်ဖောင်တော်ကြီးအား တည်ဆောက်လိုခြင်းဖြစ်ပြီး မန္တလေးသားတစ်ယောက်အနေဖြင့် မြန်မာ့လက်မှုအနုပညာများဖြစ်သော ဘုရားမတင် နတ်မ၀င်လူတွင်ပန်းဆယ်မျိုးဟုခေါ်သော `ပဲ၊တိမ်၊တဉ်း၊တော့၊ရန်၊ပု၊မော့၊ပွတ်၊ချီ၊ယွန်း´ဟုခေါ်ဝေါ်သည့် ပန်းဆယ်မျိုး အတတ်ပညာများအားကမ္တာကသိရှိစေလိုခြင်း၊ မြန်မာနိုင်ငံ အတွင်းပွင့်လင်းလာသောနိုင်ငံတကာခရီးသွားလုပ်ငန်းများတိုးတက်လာမှုနှင့်အတူ တစ်မူထူးခြားသောရေပေါ်ဟိုတယ်တစ်ခု တည်ဆောက်ပြီး မြန်မာ့ခရီးသွားလုပ်ငန်းအားတစ်ဘက်တစ်လမ်းမှ ပိုမိုတိုးတက်စေရေးအတွက်လည်းကောင်းရည်ရွယ်လျက်တည်ဆောက်ခြင်းဖြစ်ကြောင်း ယင်းကဆက်လက်ပြောကြားသည်။        အဆိုပါကရ၀ိတ်ရေပေါ်ဟိုတယ်အား American Certificate2011-2012 နှင့်ရုရှားနိုင်ငံမှ ပေးအပ်သော ရေကြောင်းသိပ္ပံပညာရှင်လက်မှတ်ရမြန်မာနိုင်ငံသားပညာရှင်တစ်ဦးမှ ဒီဇိုင်းရေးဆွဲပြီးပြည်တွင်းလက်မှုအနုပညာရှင်များဖြင့်သာတည်ဆောက်ခြင်းဖြစ်ပြီး အောက်တိုဘာ ၁၈ရက်နေ့က လူဦးရေ ၁၀၀၀ ထောင်ကျော်တင်ဆောင်ပြီးစမ်းသပ်မောင်းနှင်မှုများလည်းဆောင်ရွက်ခဲ့ပြီး နိုဝင် ဘာလအတွင်းအပြီးသတ်ဆောင်ရွက်ပြီး မကြာမီတွင် ဖွင့်လှစ်နိုင်တော့မည်ဖြစ်ကြောင်းသိရသည်။

posted from Bloggeroid

No comments:

Post a Comment