Friday, October 31, 2014

မြရည်နန္ဒာရပ်ကွက် တန်ဖိုးနည်းအိမ်ယာစီမံကိန်း တိုက်ခန်းများ ရောင်းနေမှုတွင်
ကြိုတင်ငွေ(၃၀)ရာခိုင်နှုန်း မသွင်းနိုင်သူများ အခက်အခဲကြုံတွေ့၊ စာရင်းကောက်ယူမှုတွင် ပွင့်လင်းမြင်သာမှုရှိဖို့ လို

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက် တန်ဖိုးနည်းအိမ်ယာစီမံကိန်း တိုက်ခန်းများ ရောင်းချရာတွင် ရောင်းမှားဝယ်မှားဖြစ်သည့်သူများကို နိုဝင်ဘာ(၂၀)ရက်နေ့မှစတင်၍ ဦးစားပေးရောင်းချပေးလျက်ရှိရာ အချို့ ရောင်းမှားဝယ်မှား ဖြစ်သူများက (၃၀)ရာခိုင်နှုန်းစတင်သွင်းရမည်ကိစ္စအတွက် အခက်အခဲ ကြုံတွေ့နေရကြောင်း ရောင်းမှားဝယ်မှားဖြစ်သူ တစ်ဦးက ပြောခဲ့သည်။
ပြည်ကြီးတံခွန်မြို့နယ်ရှိ ကံကြီးကုန်းကျေးရွာမှ (၇)နှစ်ကြာနေထိုင်ခဲ့သည့် ဒေသခံတစ်ဦးက ‘‘ ကံကြီးကုန်းရပ်ကွက်တွင် မြေ၀ယ်တုန်းက တောင်သူတွေဆီက ၀ယ်ခဲ့တာပါ၊ အဲဒီနေရာတွေကို ၀ယ်တုန်းက ဘယ်အဖွဲ့ကမှ မ၀ယ်ဖို့ လာတားတာမရှိခဲ့ဘူး၊ ၂၀၁၂ခုနှစ်ကျမှ ဒီနေရာတွေက ဖယ်ပေးဖို့ မြို့တော်စည်ပင်က တားခဲ့တယ်၊ သူတို့ကတော့ ရောင်းမှားဝယ်မှားတွေလို့ ပြောကြတာပါပဲ၊ အခုဒီလူတွေကို တိုက်ခန်းတွေ ပေးမယ်လို့ သိရတယ်၊ တိုက်ခန်းလျှောက်ဖို့က တိုက်ခန်းဈေးနှုန်းရဲ့ (၃၀)ရာခိုင်နှုန်းအရင်သွင်းခိုင်းတယ်၊ ကျွန်တော်တို့က အဲဒီလို သိန်းဆယ်ချီပြီး မကိုင်နိုင်ပါဘူး၊ လက်ထဲမှာက တစ်သိန်းတောင်ပြည့်အောင်မရှိဘူး၊ ဘဏ်နဲ့ချိတ်ဆက်ပြီး အရစ်ကျဝယ်ရမယ်ဆိုရင်လည်း ဘဏ်တိုးတွေနဲ့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး ’’ ဟု ပြောခဲ့သည်။
‘‘ ပထမအရစ်အနေနဲ့ (၃၀)ရာခိုင်နှုန်း စပေးရတယ်၊ အဲဒီလိုတွေဝယ်ပြီး နောက်ပိုင်း မသွင်းနိုင်ရန် ဒီတိုက်ခန်းပေါ်က ဆင်းပေးရမယ့်ဘ၀ကို ရောက်သွားမှာပါ၊ အခုစာရင်းကောက်တဲ့အခါမှာလည်း အိမ်ထောင်စု(၈၈၂)ဦးဆိုပြီး ကောက်ထားတယ်၊ ကျွန်တော်တို့ ရပ်ကွက်မှာက တကယ်ဆို အိမ်ထောင်စု(၅၀၀၀)ကျော်ရှိတယ်၊ သူတို့က ဟိုကွက်ဒီကွက်ကောက်တဲ့ စာရင်းတွေပါ၊ နိုင်ငံတော်အကြီးအကဲတွေအနေနဲ့ အောက်ခြေထိ ကွင်းဆင်းကြည့်စေချင်ပါတယ် ’’ ဟု ၎င်းက ဆက်လက်ပြောခဲ့သည်။
မြရည်နန္ဒာတန်ဖိုးနည်း အိမ်ယာစီမံကိန်းတွင် တိုက်ခန်းများကို ဘဏ်နှင့်ချိတ်ဆက်၍ ရောင်းချပေးလျက်ရှိပြီး လျှောက်လွှာတင်ချိန် ပထမအရစ်အနေဖြင့် တိုက်ခန်းတန်ဖိုး၏ (၃၀)ရာခိုင်နှုန်းကို ပထမအရစ်အဖြစ် ပေးသွင်းရမည်ဖြစ်ရာ ရောင်းမှားဝယ်မှား ဖြစ်သူများအတွက် အဓိက ဦးစားပေးရောင်းချပေးလျက်ရှိသည်။ လျှောက်လွှာများကို တစ်စောင်လျှင် (၅၀၀)ကျပ်ဖြင့် နေ့စဉ်ဝယ်ယူရရှိနိုင်ပြီး လျှောက်လွှာများတွင် ၀ယ်ယူလိုသည့် အခန်းအမျိုးအစား အကျယ်အ၀န်း၊ အထပ်တွေကို တိကျစွာ ဖော်ပြ၍ ၀ယ်ယူရမည့်သူများ ကိုယ်တိုင်မဲစနစ်ဖြင့် နှိုက်၍ နိုဝင်ဘာ(၇)ရက်နေ့ကို နောက်ဆုံးထားသတ်မှတ်ပြီး ဒီဇင်ဘာလအတွင်း ရောင်းချသွားမည်ဖြစ်သည်။
‘‘ ကျွန်မတို့က အိမ်လခ မတတ်နိုင်လို့ ကိုယ်စုထားတဲ့ ပိုက်ဆံလေး နဲ့ လိုတာကို ချေးငှားပြီး ဒီနေရာကို ၀ယ်ခဲ့တာပါ၊ ဒီမှာ စာရင်းလာကောက်တော့ ဟိုတစ်စု ဒီတစ်စု ကောက်ခဲ့ကြတာပါ၊ သူတို့ကိုယ်လည်း အမြဲတမ်းစောင့်ကြည့်နေရတယ်၊ ဘယ်နေ့များ လာပြီး ဖျက်မလည်းဆိုတာ ကြည့်နေရတယ်၊ ညဆိုရင်လည်း ကောင်းကောင်းမအိမ်ရဘူး၊ ဒီလိုတွေဖြစ်နေတဲ့အတွက် ပြည်သူတွေရဲ့ အခက်အခဲကို နိုင်ငံတော်က အကြီးအကဲတွေ သိစေချင်ပါတယ်၊ စာရင်းကောက်တာက ပွင့်လင်းမြင်သာမှုမရှိဘး၊ ကံကြီးကုန်းနေရာမှာ ၀ယ်ရင် အရပ်ကတိစာချုပ်ပဲရတယ်၊ ဒီစာချုပ်က အချိန်မရွေးလုပ်လို့ရတယ်၊ ဒါကြောင့် အခု ပြည်သူတွေအနေနဲ့ ဆင်းရဲတဲ့သူက ပိုဆင်းရဲပြီး ချမ်းသာတဲ့လူက ပိုပြီး ချမ်းသာလာတာပါ ’’ ဟု ဇီးအုပ်ရွာနေထိုင်သူ တစ်ဦးက ပြောခဲ့သည်။
မြရည်နန္ဒာတန်ဖိုးနည်းအိမ်ယာဝယ်ယူခွင့်ရရှိသူများအား ကြော်ငြာသင်ပုန်းတွင် (က)၊ (ခ)၊ (ဂ)၊ (ဃ)၊ (င)၊ (စ) ဟု ခွဲခြားကြေညာထား၍ ၀ယ်ယူခွင့်ရရှိသူများကလည်း လက်ငင်းငွေချေစနစ်ဖြင့် ၀ယ်ယူနိုင်ပြီး ဘဏ်နှင့်ချိတ်ဆက်၍လည်း ၀ယ်ယူနိုင်မည်ဖြစ်သည်။ တိုက်ခန်းများကို (၈)ခန်းတွဲ၊ (၄)ထပ်အဆောက်အဦး(၂၇)လုံး၊ စုစုပေါင်း(၈၆၄)ခန်း နှင့် (၄)ခန်းတွဲ၊ (၄)ထပ်အဆောက်အဦး(၃၀)လုံး စုစုပေါင်းအခန်း(၄၈၀)ကို မဲစနစ်ဖြင့် နှိုက်၍ ရောင်းချပေးမည်ဖြစ်သည်။
‘‘ မြရည်နန္ဒာတန်ဖိုးနည်းအိမ်ယာတွေကို ရောင်းမှားဝယ်မှားရှိသူတွေကို ဦးစားပေးရောင်းချပေးသွားမှာပါ၊ ၀ယ်တဲ့အခါမှာလည်း တိုက်ခန်းပုံစံ(၂)မျိုးရှိပါတယ်၊ (၈)ခန်းတွဲ၊ (၄)ထပ်အဆောက်အဦး နှင့် (၄)ခန်းတွဲ (၄)ထပ်အဆောက်အဦးတွေ ရှိပါတယ်၊ အကျယ်အ၀န်း(၅၅၄.၅)စ/ပေရှိတဲ့ (၄)ခန်းတွဲ (၄)ထပ်မှာ မြေညီထပ်ကို သိန်း(၁၃၀)၊ ပထမထပ်ကို သိန်း(၁၁၀)၊ ဒုတိယထပ်ကို သိန်း(၉၀)၊ တတိယထပ်ကို သိန်း(၇၀)နဲ့ ရောင်းချပေးမှာပါ၊ (၈)ခန်းတွဲ (၄)ထပ်မှာ မြေညီထပ ’’က သိန်း(၁၂၀)၊ ပထမထပ်က သိန်း(၁၀၀)၀န်းကျင်၊ ဒုတိယထပ်က သိန်း(၈၀)၀န်းကျင် နဲ့ တတိယထပ်က သိန်း(၆၀)ကနေ သိန်း(၇၀)ထိ ရောင်းပေးမှာပါ ’’ ဟု မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူး ဦးခင်မောင်တင်က ပြောခဲ့သည်။
‘‘ မြရည်နန္ဒာတန်ဖိုးနည်းအိမ်ရာမှာ A နဲ့ B နှစ်မျိုးရှိတယ်၊ A ရဲ့ အကျယ်အ၀န်းက ၄၈၄ စ/ပေ၊ B က ၅၇၂စ/ပေ ရှိပါတယ်၊ အခုအားလုံးတိုက်ခန်းက (၁၃၄၄)ခန်းရှိပါတယ်၊ နောက်ထပ် အခန်းပေါင်း(၅၀၀၀)ကျော်ထိ ဆောက်လုပ်ပြီး ရောင်းချပေးသွားမှာပါ ’’ ဟု ၎င်းက ဆက်လက်ပြောခဲ့သည်။
လက်ရှိ မြရည်နန္ဒာတန်ဖိုးနည်းအိမ်ယာများကို ရောင်းမှားဝယ်မှား ဖြစ်သူများကို ဦးစားပေးရောင်းချပေးသွားမည်ဖြစ်ပြီး လာမည်နှစ် (၂၀၁၅)ခုနှစ်တွင် တန်ဖိုးနည်း အိမ်ယာစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

posted from Bloggeroid

No comments:

Post a Comment