နိုင်ငံခြားခရီးသွားဧည့်သည်များတည်းခိုနေထိုင်ရာတွင် အခက်အခဲများမဖြစ်ပေါ်စေရန် ဟိုတယ်လုပ်ငန်းလိုင်စင်များချထားပေးလျက်ရှိ စစ်ဆေးမှုများ ဆောင်ရွက်ရန်လို
ယခုအခါ မြန်မာနိုင်ငံတွင် မုတ်သုံမိုးနှောင်းချိန် ပွင့်လင်းရာသီဖြစ်သည့်အလျှောက် နိုင်ငံခြားခရီးသွားဧည့်သည်ဝင်ရောက်သည့်အချိန်အခါဖြစ်သည့်အတွက် မန္တလေး တိုင်းဒေသကြီးအတွင်း ၀င်ရောက်လာသည့် နိုင်ငံခြားခရီးသွားဧည့်သည်များ တည်းခိုနေထိုင်ရာတွင် အခက်အခဲများမဖြစ်ပေါ်စေရန် ဟိုတယ်လုပ်ငန်းရှင်များအား ဟိုတယ်လုပ်ငန်းလိုင်စင်များ ချထားပေးလျက်ရှိကြောင်း ဟိုတယ် နှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (မန္တလေးတိုင်းဒေသကြီး)မှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။
‘‘ နိုင်ငံခြားခရီးသွားဧည့်သည်တွေ မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့အချိန်မှာ သူတို့နေထိုင်စားသောက်ရာမှာ အခက်အခဲမဖြစ်စေဖို့ ဟိုတယ်လုပ်ငန်းလိုင်စင်တွေကိုချထားပေးနေပါ တယ်။ အခုချိန်က ခရီးသွားရာသီဖြစ်နေတဲ့အတွက် တိုင်းဒေသကြီးအတွင်းဝင်ရောက်လာမယ့် နိုင်ငံခြား ခရီးသွားဧည့်သည်အရေအအတွက်နဲ့ ဒီမှာရှိတဲ့ ဟိုတယ်၊ မိုတယ်တွေနဲ့ အခန်းအရေအတွက်က နည်းပါးနေ သေးတယ်။ဒါကြောင့်မို့လို့ ၀င်ရောက်လာမယ့် နိုင်ငံခြားခရီးသွားဧည့်သည်အရေအတွက်နဲ့ ကာမိအောင် ဆောင်ရွက်နေခြင်းဖြစ်ပါတယ် ’’ ဟု ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(မန္တလေးတိုင်းဒေသကြီး) ညွှန်ကြားရေးမှူး ဦးညီညီဆွေက ပြောသည်။
‘‘ အခုချိန်မှာ တည်ဆောက်ဆဲဟိုတယ်အရေအတွက်က (၃၁)လုံးရှိတယ်။ အခန်းပေါင်းက (၂၄၆၆)ခန်းဖြစ်တဲ့အတွက် တည်ဆောက်ပြီးစီးခဲ့ရင် တိုင်းဒေသကြီးအတွင်းလည်ပတ်နေတဲ့ နိုင်ငံခြားခရီးသွားဧည့်သည်တွေရဲ့ တည်းခိုနေထိုင်ရေးက ပူစရာမလိုတော့ဘူး။ အခု တည်ဆောက်နေတဲ့ ဟိုတယ်(၃၁)လုံးကိုလည်း လုပ်ငန်းလိုင်စင်ရရှိအောင်ဆောင်ရွက်ပေးသွားမှာပါ ” ဟု ဆက်လက်ပြောခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၄ခုနှစ် အောက်တိုဘာလအထိ ဟိုတယ် အလုံးပေါင်း (၁၃၀)နှင့် အခန်းပေါင်း (၅၅၃၀)ရှိရာ ယခုတည်ဆောက်ဆဲဟိုတယ်အသစ်များ ပြီးစီးသွားပါက တိုင်းဒေသကြီးအတွင်း ဟိုတယ်လုံးရေ(၁၆၇)လုံး နှင့် အခန်းပေါင်း (၇၉၉၆)ခန်းအထိရှိလာမည်ဖြစ်သည့်အတွက် မန္တလေးမြို့သို့ ၀င်ရောက်လာမည့် နိုင်ငံခြားခရီးသွားဧည့်သည်များ တည်းခိုနေထိုင်ရာတွင် အခက်အခဲမဖြစ်ပေါ်ဘဲ ၀င်ရောက်လာမည့် ဦးရေပမာဏ နှင့် ဟိုတယ်၊ အခန်းများမှာ လုံလောက်မှုရှိလာမည်ဖြစ်မည်ဖြစ်သည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများ တည်ဆောက်ထားသော်လည်း ကြယ်လေးပွင့်အဆင့်ဟိုတယ် (၂)နှစ်လုံး၊ ကြယ်သုံးပွင့်အဆင့်ဟိုတယ်(၈)လုံး၊ ကြယ်နှစ်ပွင့်အဆင့်ဟိုတယ် (၂၅)လုံး၊ ကြယ်တစ်ပွင့်အဆင့်ဟိုတယ်(၁၉)လုံးနှင့် ကြယ်အဖြစ်အသိအမှတ်ပြုထားသော ဟိုတယ်(၁)လုံး တို့သာရှိရာ ကြယ်အဆင့်သတ်မှတ်ထားသောဟိုတယ်များမှာ နည်းပါးနေသေးသော်လည်း ယခုနှစ်အတွင်း ပြည်တွင်း လှည့်ပတ်မှု ခရီးသွားလာမှုလုပ်ငန်းများ တိုးချဲ့ဖွင့်လှစ်လာခြင်းကြောင့် ယခင်နှစ်ထက် ခရီးသွားဝင်ရောက်မှု ပိုမိုများပြားနိုင်ဖွယ်ရှိသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း တရားမ၀င် ဟိုတယ်လုပ်ငန်းလုပ်ကိုင်နေသူများရှိနေခြင်းများကြောင့် ၂၀၁၄ခုနှစ် မြန်မာနိုင်ငံ၏ ခရီးသွားနှစ်ကို ထိခိုက်လာနိုင်ပြီး အဆိုပါ တရားမ၀င် ဟိုတယ်လုပ်ငန်းများ ရှိနေခြင်းကြောင့် လာမည်နှစ် မြန်မာနိုင်ငံ၏ ခရီးသွားနှစ်ကို နိုင်ငံခြားခရီးသွားဧည့်သည်ဝင်ရောက်မှု ထိခိုက်လာနိုင်ဖွယ်ရှိနေသဖြင့် သက်ဆိုင်ရာဌာနများမှ အရှိန်အဟုန်မြှင့် စစ်ဆေးမှုများ ဆောင်ရွက်ရန် လိုအပ်လျက်ရှိသည်။
မြန်မာနိုင်ငံ၏ ခရီးသွားနှစ်သည် တစ်နှစ်ထက်တစ်နှစ်တိုးတက်လာသည့်အတွက် နိုင်ငံခြားခရီးသွားဧည့်သည်များ တည်းခိုမည့်ဟိုတယ်တို့အား တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် တည်ဆောက်ထားရှိရာ ယခုအချိန်တွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဟိုတယ်ပေါင်း (၁၀၀၀)ကျော် နှင့် အခန်းပေါင်း(၄၀၀၀၀)ကျော်ရှိကြောင်း သိရသည်။

posted from Bloggeroid
No comments:
Post a Comment