မန္တလေးမြို့၌ ယခုနှစ် မိုးရာသီအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်းလျော့ကျ
မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့တွင် ယခုနှစ် မိုးရာသီကာလအတွင်း ခြင်ကြောင့် ဖြစ်ပွားသည့် သွေးလွန်တုန်ကွေးရောဂါဖြစ်ပွားမှုနှုန်း ယခင်နှစ်ကထက် လျော့ကျခဲ့ကြောင်း မန္တလေးကလေးဆေးရုံကြီး နှင့် အထွေထွေရောဂါကုဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။
ယခုနှစ် မိုးရာသီကာလအတွင်း မန္တလေးမြို့၌ မိုးရွာသီးမှုနှုန်း နည်းပါးခဲ့သဖြင့် ခြင်ပေါက်ဖွားမှု နည်းပါး၍ ခြင်ကြောင့် ဖြစ်ပွားသည့်ရောဂါများ ယခင်နှစ်ထက် ရောဂါဖြစ်ပွားမှု လျော့ကျခဲ့ခြင်းဖြစ်သည်။
‘‘ ယခင်နှစ်က မိုးရာသီတွင် သွေးလွန်တုပ်ကွေးရောဂါခံစားနေရသူ ကလေးငယ်အများအပြားလာရောက်ကုသမှုခံယူခဲ့ရသော်လည်း ယခုနှစ်တွင် ထက်ဝက်နီးပါး ကျဆင်းခဲ့ပါတယ်၊ လိုအပ်တဲ့ သွေးရည်ကြည်၊ သွေးနဲ့ဆေးဝါးပစ္စည်းက အလုံအလောက်ရှိတယ်၊ အခြေခံလိုအပ်ချက်တွေကို ကြိုတင်ပြင်ဆင်ထားခဲ့တော့ ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုများရှိခဲ့သော်လည်း သေဆုံးသူ လျော့ကျခဲ့ပါတယ် ’’ မန္တလေးကလေးဆေးရုံကြီး နှင့် အထွေထွေဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။
‘‘ ခြင်ကြောင့်ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားပြီး ကုသရန် လာရောက်သည့် လူနာများတွင် မြို့ပေါ်က လူနာများထက် မိုးများသော နေရပ်ဒေသများမှ လူနာများက ပိုများပါတယ်၊ ဆေးရုံရောက်လာတဲ့ ရောဂါခံစားနေရတဲ့သူတွေကို အတတ်နိုင်ဆုံး အစွမ်းကုန် ကုသပေးပါတယ် ’’ ဟု ၎င်းက ဆက်လက်ပြောခဲ့သည်။
မည်သည့်ရောဂါမဆို ကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံးဖြစ်သလို ခြင်ကြောင့်ဖြစ်သော ရောဂါများကို ကြိုတင်ကာကွယ်နိုင်ရန် အိမ်တိုင်း လူတိုင်း ဖုံး၊ သွန်း၊ လဲ၊ စစ် စနစ်ကို လိုက်နာကျင့်သုံးသင့်သည်။

posted from Bloggeroid
No comments:
Post a Comment