ဧရာဝတီမြစ် ကမ်းပါးပြိုမှုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်
မန္တလေးတိုင်းဒေသကြီးတွင် ငွေကျပ်(၁၇၉)သန်းကျော် အသုံးပြုမည်
ဧရာဝတီမြစ်တစ်လျှောက် ရေတိုက်စားခံရမှုများကြောင့် နှစ်စဉ် ကမ်းပါးပြိုကျမှုများ ဖြစ်ပေါ်လျက်ရှိရာ ယခုနှစ်အတွင်း ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုဖြစ်ပေါ်ခဲ့သည့် နေရာများအနက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ (၁၅)နေရာတွင် ကမ်းပါးပြိုကျမှု ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး အဆိုပါ လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေ ငွေကျပ်(၁၇၉)သန်းကျော် အသုံးပြုမည်ဖြစ်ကြောင်း ဧရာဝတီမြစ်ကမ်းပြိုမှုကာကွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။
မန္တလေးတိုင်းဒေသကြီးတွင် ယခုနှစ် မိုးရာသီကာလအတွင်း မိုးရေရရှိမှု နည်းပါးခဲ့သော်လည်း မြန်မာနိုင်ငံတစ်ဝှမ်းရှိ တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် မိုးရွာသွန်းမှု များပြားခဲ့ခြင်းကြောင့် ဧရာဝတီမြစ်ရေ တိုးလာ၍ ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းငန်းများ အဆင်ပြေသော်လည်း မြစ်ရေကျစဉ်(မြစ်ရေနည်းစဉ်)က သဲ၊ သောင်များတွင် စိုက်ပျိုးသူများ၊ မြစ်ဘေးတွင် နေထိုင်သူများ အခက်အခဲကြုံတွေ့ခဲ့ကြရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းနေခြင်းသည့် မုတ်သုံးမိုးကြောင့် ရွာသွန်းခြင်းမဟုတ်ပဲ အောက်တိုဘာလအတွင်း ဘင်္ဂလာပင်လယ်အော် အနောက်တောင်ဖက်တွင် ဖြစ်ပေါ်လျက်ရှိသည့် မုန်တိုင်းကြောင့် တိုင်းဒေသကြီးတွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းမှုများ ဖြစ်ပေါ်လျက်ရှိသည်။ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများအတွက် ပုံကြမ်းတိုင်းတာခြင်းများ နှင့် ဆောက်လုပ်ရန် လျာထားချက်ကို ဆောင်ရွက်ထားပြီး အချက်အလက်ကွာဟမှုမရှိစေရန် ဧရာဝတီမြစ်ရေကျချိန်တွင် ပြန်လည်တိုင်းတာခြင်းများ ဆောင်ရွက်မည်ဖြစ်သည်။
ဧရာဝတီမြစ်တစ်လျှောက် ကမ်းပါးပြိုကာကွယ်ရေးလုပ်ငန်းများကို မန္တလေးခရိုင်တွင် ရှမ်းကလေးကျွမ်းကျေးရွာ၊ ပြင်ဦးလွင်ခရိုင်တွင် ထုံးကြီးကျေးရွာ၊ ဆည်သည်ကျေးရွာ၊ ကြာဥယျာဉ်ကျေးရွာ၊ စားကျက်ကျေးရွာ၊ လက်ပံကုန်းကျေးရွာ၊ မိုးကြိုးကျေးရွာ၊ မွေပုသိမ်ရွာ၊ မွေကတို့ဆိပ်၊ သဖန်းကိုင်းကျေးရွာ၊ မြင်းခြံခရိုင်တွင် လင့်ကြီးနတ်ကျွန်းကျေးရွာ၊ ဒါးကျွန်းကျေးရွာ၊ လင်္ကာဒီပကျေးရွာ၊ မိတ္ထီလာခရိုင်တွင် အုတ်ကျင်းကျေးရွာ နှင့် ညောင်ဦးခရိုင်တွင် သူကောင်းတည်ကျေးရွာတို့တွင် ရေနည်းကာလ၌ အပြီးဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါ လုပ်ငန်းများကို နိဝင်ဘာလ နောက်ဆုံးအပတ်မှစတင်၍ ဆောင်ရွက်မည်ဖြစ်သည်။

posted from Bloggeroid
No comments:
Post a Comment