Tuesday, May 6, 2014

ဒီမိုကရေစီကျင့်စဉ်

၂၀၁၄ မေလ ၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်
by mgtoe
Eleven Daily NewsYesterday, 03:25
ဒီမိုကရေစီကျင့်စဉ်နှင့် တာဝန်ယူမှု

မကြာသေးကာလများအတွင်း မြန်မာနိုင်ငံပါဝင်သည့် အာရှ-ပစိဖိတ်ဒေသတွင် အလွန်ကြေကွဲဖွယ် ကောင်းသော ဖြစ်ရပ်နှစ်ခု ရှေ့ဆင့်နောက်ဆင့် ဖြစ်ပွားခဲ့သည်။ တစ်ခုမှာ  ကွာလာလမ်ပူမှ ပေကျင်းသို့ ထွက်ခွာလာသည့် လူပေါင်း ၂၃၉ ဦးလိုက်ပါသွားသော မလေးရှားလေကြောင်းလိုင်း ခရီးစဉ်အမှတ် MH 370 လေယာဉ် အစအန ရှာမတွေ့အောင် ပျောက်ဆုံးသွားခြင်းဖြစ်သည်။ အခြားဖြစ်ရပ်တစ်ခုမှာ အထက်တန်း ကျောင်းသူကျောင်းသား အများစုပါဝင်သော လူပေါင်း ၄၇၆ ဦး လိုက်ပါလာသည့် ဂျေဂျူးကျွန်းသို့ ထွက်ခွာလာသော တောင်ကိုရီးယား ကူးတို့သင်္ဘော နစ်မြုပ်မှုဖြစ်သည်။ ယင်းသင်္ဘော နစ်မြုပ်မှုတွင်လည်း လူပေါင်း ၁၀၀ ခန့်ကိုသာ ကယ်ဆယ်ရရှိခဲ့ပြီး ၃၀၀ ကျော် ပျောက်ဆုံး သို့မဟုတ် သေဆုံးခဲ့သည်။

တောင်ကိုရီးယား ကူးတို့သင်္ဘောနစ်မြုပ်မှု၏ နောက်ဆက်တွဲ ဂယက်အဖြစ် တောင်ကိုရီးယားဝန်ကြီးချုပ် ချောင်ဟောင်ဝမ်သည် ဧပြီ ၂၇ ရက်တွင် နုတ်ထွက်သွားခဲ့သည်။ တောင်ကိုရီးယား သင်္ဘောသည် တစ်ဖက်စောင်းလျက် ဖြည်းဖြည်းချင်း နစ်မြုပ်ခြင်း ဖြစ်သော်လည်း ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးခဲ့သောကြောင့် လူပေါင်းများစွာ သေဆုံးခဲ့ရသည်ဟု လူထုက ဒေါသထွက်ခဲ့သည်။ အဆိုးရွားဆုံးမှာ သင်္ဘောကပ္ပတိန်နှင့် သင်္ဘောအမှုထမ်း အများစုသည် တာဝန်ယူမှုမရှိဘဲ ခရီးသည်များကို ပစ်ထားခဲ့ကာ သင်္ဘောကို ပထမဆုံးစွန့်ခွာသူများ ဖြစ်ခဲ့ခြင်းပင်ဖြစ်သည်။

အဆိုပါ သင်္ဘောကပ္ပတိန်က တာဝန်ယူမှု မရှိသော်လည်း ယင်းကိစ္စအတွက် တောင်ကိုရီးယား ၀န်ကြီးချုပ်က တာဝန်ခံခဲ့ခြင်းဖြစ်သည်။ ၀န်ကြီးချုပ်က ကူးတို့သင်္ဘော နစ်မြုပ်ပြီးနောက် ကယ်ဆယ်ရေး လုပ်ငန်းများကို ကြီးကြပ်ပေးနိုင်ခဲ့ခြင်း မရှိကြောင်း ၀န်ခံသွားခဲ့သည်။ ချောင်သည် ၀န်ကြီးချုပ်တစ်ဦးအနေနှင့် ယင်းတို့ကို တာဝန်ယူကာ နုတ်ထွက်မည်ဟု ပြောကြားခဲ့သည်။ တောင်ကိုရီးယား သင်္ဘောသည် ၀န်ပိုတင်ထားခြင်း၊ လိုက်ပါလာသော ခရီးသည်အရေအတွက် မတိကျခြင်းတို့ ဖြစ်ပေါ်ခဲ့သည့်အပြင် သင်္ဘောနစ်မြုပ်ရသည့် အကြောင်းရင်း ဖြစ်ဖွယ်ရှိသည့် လုံခြုံရေးအဆင့်အတန်း နိမ့်ကျခြင်းနှင့် ခြစားမှုများ ပါဝင်ပတ်သက်နေခြင်းတို့ ရှိသည်ဟုဆိုသည်။

သို့သော် အကြောင်းရင်းပင် မသိရဘဲ အစအန ပျောက်သွားသော မလေးရှားလေယာဉ်အတွက် မည်သည့်သက်ဆိုင်ရာ တာဝန်ရှိသူတို့က တာဝန်ယူခဲ့ပါသနည်း။ လေယာဉ်ကို အစအနကလေးပင် ရှာမတွေ့နိုင်ခဲ့သည့်အပြင် လေယာဉ်နှင့် လိုက်ပါသွားသူတို့၏ မိသားစုများအတွက် ကျေနပ်လောက်သည့် အဖြေပင်မရခဲ့။ လေယာဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ အာဏာပိုင်များက တစ်ယောက်တစ်ပေါက် ပြောခဲ့ကြပြီး ပွင့်လင်းမြင်သာမှု မရှိခဲ့သည့်အတွက် သက်ဆိုင်ရာ မိသားစုများက ဒေါသထွက်ခဲ့ကြသည်။ သို့သော် ယင်းနှင့်ပတ်သက်၍ မည်သည့်အာဏာပိုင်က နုတ်ထွက်သွားသည်ဟူသည့် သတင်းမျိုး မဖတ်ရသေးပါ။ မြန်မာနိုင်ငံပါဝင်သော အရှေ့တောင်အာရှ ဒေသတွင်းမှပင်ဖြစ်သည့် မလေးရှားနိုင်ငံတွင် နာဂျစ်ရာဇက်၏ ပါတီကသာ သမိုင်းတစ်လျှောက်လုံး အာဏာကို ဆုပ်ကိုင်ထားပြီး အတိုက်အခံများကို ကြီးထွားခွင့် မပြုခဲ့ပေ။

ပြည်သူ့ကိုယ်စားလှယ်လောင်းများအဖြစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ရွေးချယ်မှုသည် မိမိကိုယ်တိုင်၏ ရွေးချယ်မှုဖြစ်သည်။ ယင်းရွေးချယ်မှုနှင့်အတူ တာဝန်ယူမှုက ကပ်လျက်သား ပါရှိသည်။ ထို့ကြောင့် ဒီမိုကရေစီကျင့်စဉ်တွင် ကောင်းကျိုးဆိုးကျိုး မှန်သမျှအတွက် သက်ဆိုင်ရာ အာဏာပိုင်များက တာဝန်ယူရမည်ဖြစ်ပြီး ဒီမိုကရေစီ စစ်မှန်မှု ရှိမရှိဆိုသည်ကို တစ်စိတ်တစ်ပိုင်း တာဝန်ယူမှုဖြင့် တိုင်းတာရမည် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

Editorial
Show commentsOpen link

posted from Bloggeroid

No comments:

Post a Comment