Wednesday, May 7, 2014

လွှတ်တော်မေ၂၈ရက်နေ့ ပြန်ဆမည်

ပြန်ကျင်းပမည့် လွှတ်တော်တွင် ဥပဒေကြမ်းပေါင်း ၄၀ ကျော် ဆွေးနွေးပြဋ္ဌာန်းမည်
by ရွှေအောင်
DVBYesterday, 18:00
သင်္ကြန်မတိုင်ခင်ကတည်းက ရပ်နားထားတဲ့ လွှတ်တော်အရပ်ရပ်အစည်းဝေးတွေကို မေလ ၂၈ ရက်မှာ ပြန်လည်စတင်ကျင်းပမယ်လို့ နေပြည်တော်လွှတ်တော်ရုံးက မေလ ၆ ရက် ရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်မှာ ၉ ကြိမ်မြောက်လွှတ်တော်အရပ်ရပ်ကို ရပ်နားခဲ့ပြီး ၂ လလောက်အကြာမှာ ၁၀ ကြိမ်မြောက်လွှတ်တော်တွေ ပြန်ကျင်းပမယ်လို့ သက်ဆိုင်ရာက သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အခုလာမယ့် ပြည်သူ့လွှတ်တော်အတွင်း ဥပဒေကြမ်းပေါင်း ၄၀ကျော် ဆွေးနွေး ပြဋ္ဌာန်းဖို့ ရှိနေတယ်လို့ ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောပါတယ်။

“အမျိုးအစားခွဲရင် ၅ မျိုးလောက် ရှိတာပေါ့ဗျာ။ အသစ်ရောက်တဲ့ ဥပဒေကြမ်း၊ နောက် အမျိုးသား လွှတ်တော်က ပို့ထားတဲ့ ဥပဒေကြမ်း၊ ပြည်သူ့လွှတ်တော်က စတင်ပြီး အမျိုးသားလွှတ်တော်ကို ပို့တဲ့ ဥပဒေကြမ်း၊ အမျိုးသားလွှတ်တော်ကနေပြီး စတင်ပြီးတော့ ပို့တဲ့ ဥပဒေကြမ်း၊ ပြည်ထောင်စုလွှတ်တော်ကို ပို့တဲ့ ဥပဒေကြမ်း ဆိုတော့ စုစုပေါင်းအမျိုးအစား ၅ မျိုးလောက်မှာ စုစုပေါင်း ၄၄ ခုလောက် ရှိတယ်။ နောက် အရေးကြီးတဲ့ ဥပဒေကြမ်းအနေနဲ့ ကျနော်တို့က လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ရုပ်သိမ်းတဲ့ ဥပဒေကြမ်းတို့၊ နောက် အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းတို့၊ စီးပွားရေးနဲ့ သက်ဆိုင်တဲ့ ဥပဒေကြမ်း၊ နောက် အလုပ်သမားတွေနဲ့ သက်ဆိုင်တဲ့ ဥပဒေကြမ်းတွေ တော်တော်များပါတယ်။”

အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီ အစည်းအဝေးကို မေလ ၁၄ ရက်မှာ ကျင်းပဖို့ရှိပြီး အဲ့ဒီစည်းဝေးကျမှ ဘယ်ဥပဒေကြမ်းတွေ ဆွေးနွေးကြမယ်ဆိုတာ သိရမယ်လို့ ဥပဒေကြမ်း ကော်မတီဝင် ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

ဒီတကြိမ်လွှတ်တော်မှာ မျိုးစောင့်ဥပဒေတွေတင်လာရင် သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်ပြီး အငြင်းပွားမှုတွေ အများကြီး ဖြစ်လာနိုင်တယ်လို့ ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

“ကျနော့်အမြင်က သဘောထားကွဲလွဲမှုတွေ ကြုံရနိုင်တယ်။ မြင်ရနိုင်တယ်။ အငြင်းပွားမှုတွေ အများကြီး ဖြစ်လာနိုင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တခါတခါမှာ ဒီလို မျိုးစောင့်ဥပဒေ ဆိုတဲ့ ဥစ္စာက တကယ်တမ်း ရှိတဲ့ အနေအထားမျိုးအရ၊ နိုင်ငံတကာမှာ ရှိတဲ့ ဥပဒေတွေရယ်၊ လက်ရှိ ရှိနေတဲ့ အနေအထားမျိုးတွေရယ်၊ ဒီဥပဒေတွေက လူ့အဖွဲ့အစည်း ၂ ခုအတွက် ထာဝရ ရန်သူဖြစ်သွားမယ့် အနေအထားမျိုးဆိုရင် တကယ်တမ် ၂ ဖက်စလုံး လူ့အဖွဲ့အစည်းမှာ ဘယ်တော့မှ ရင်းနှီးမှုမရနိုင်ဘဲနဲ့ စိုးရိမ်ကြောင့်ကြမှုတွနဲ့ အပြန်အလှန် အင်အားစုကြီးတွေ ဖြစ်နေမယ့် အန္တရာယ်မျိုး ရှိတယ်။ အဲဒီတော့ ဒီမျိုးစောင့်ဥပဒေဟာ ဘယ်လောက်အထိ ပါလာမလဲ။ အဲဒီလို ပုံစံမျိုးနဲ့ ခွဲခြားဆက်ဆံတာတွေ ဘယ်လောက်အထိ များမလဲ။ မျှမျှတတကော ရှိရဲ့လား။ ဒီအပေါ်မှာ မူတည်ပြီး စဉ်းစားရမှာ ဖြစ်တဲ့အတွက်ကြောင့် အမျိုးသားရေး အမြင်နဲ့ စဉ်းစားရမှာတွေကော၊ နိုင်ငံတကာအမြင်နဲ့ စဉ်းစားရမှာတွေကော၊ လူ့အခွင့်အရေးဆိုင်ရာ အမြင်တွေနဲ့ စဉ်းစားရမှာတွေကော၊ နောက် မြန်မာနိုင်ငံမှာရှိတဲ့ ရိုးရာ ဓလေ့ ထုံးတမ်းစဉ်လာတွေရဲ့ အစဉ်အလာနဲ့ ယဉ်ကျေးမှုတွေလည်း စဉ်းစားရမှာ ဖြစ်တဲ့အခါမှာ အဲဒီ့ကိစ္စရပ်တွေ စဉ်းစားရင် တိုင်းတာတဲ့ ရှုထောင့်ခြင်း မတူတာနဲ့ အမျှ သုံးသပ်ချက်တွေက မတူနိုင်တော့ ကျနော်ထင်တယ် ဝေဖန်စရာတွေ၊ ဆွေးနွေးစရာတွေ၊ အငြင်းပွားစရာတွေ များနိုင်တယ်၊ အဲဒါကြောင့်လို့ ကျနော် သုံးသပ်တာပဲ။ ”

မျိုးစောင့်ဥပဒေရေးဆွဲဖို့ သမ္မတက တာဝန်ပေးထားတဲ့ ဥပဒေရေးဆွဲရေးကော်မရှင်က မျိုးစောင့်ဥပဒေ ၂ ခု ရေးဆွဲပြီးဖြစ်လို့ ခုရက်ပိုင်းအတွင်း ပြည်သူထံ ချပြမယ်လို့ မေလ ၅ရက်က ထုတ်ဖော် ပြောကြားထားပါတယ်။

ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းကတော့ လွှတ်တော်မှာရောက်နေတဲ့ ပြင်ဆင်ဖျက်သိမ်းရမယ့် ဥပဒေပေါင်း ၂၀၀ လောက်ကို ကျန်ရှိနေသေးတဲ့ လွှတ်တော်သက်တမ်း ၁ နှစ်ခွဲအတွင်း ပြင်ဆင်ဖျက်သိမ်းဖို့ လုပ်မယ်လို့ ပြောထားပါတယ်။

ကျန်ရှိတဲ့ လွှတ်တော်သက်တမ်းအတွင်း ဥပဒေ ၂၀၀ လောက် ဖျက်သိမ်းဖို့ လုပ်ရင် ဖြစ်နိုင်ပေမယ့် ပြင်ဆင်ဖို့ဆိုရင်တော့ မဖြစ်နိုင်ဘူးလို့ ဥပဒေပညာရှင်တွေက သုံးသပ် ပါတယ်။

ဒီတကြိမ်လွှတ်တော်မှာ ဥပဒေကြမ်းတွေနဲ့ ပတ်သက်ပြီး အရင်အကြိမ် လွှတ်တော်တွေထက် သက်ဆိုင်ရာကော်မတီ၊ ကော်မရှင်နဲ့ ပညာရှင်တွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြီး ဥပဒေပြုရေးလုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ၉ ကြိမ်မြောက် လွှတ်တော်အထိ ဥပဒေပေါင်း ၉၈ ခု ရေးဆွဲပြင်ဆင်အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။

Show commentsOpen link

posted from Bloggeroid

No comments:

Post a Comment