ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အခန်း (၁၂) ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်းကို လွှတ်တော်ကော်မတီ စတင်ဆွေးနွေးမည်
by mgtoeEleven Daily NewsToday, 05:45Written by: ဝေယံဖြိုးဦးမေ ၁၀ ရက်က မအူပင်မြို့၊ မအူပင်တက္ကသိုလ်အနီး ကွင်းပြင်အတွင်းပြုလုပ်သည့် ဖွဲ့စည်းပုံဆိုင်ရာ လူထုဆန္ဒခံယူပွဲသို့ တက်ရောက်လာသည့် ဒေသခံပြည်သူများအား တွေ့ရစဉ် (ဓာတ်ပုံ- အောင်ဇော်ထွန်း)ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အခန်း(၁၂) ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်းကို လွှတ်တော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီမှ စတင်ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။မေ ၁၅ ရက်တွင် နေပြည်တော်၌ ပြုလုပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ၏ အစည်းအဝေး၌ ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ကော်မတီအစည်းအဝေး၌ နာကယက လမ်းညွှန်ချက်ဖြစ်သည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ အနည်းဆုံး ခြောက်လအလိုတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြင်ဆင်သင့်သည့် အကြောင်းအရာများကို ဥပဒေပြု၍ ပြင်ဆင်ပြီးဖြစ်အောင် ဆောင်ရွက်ရမည်ဆိုသည့် မူဝါဒအတိုင်း အဖွဲ့ဝင်များအနေဖြင့် ပြည့်ပြည့်စုံစုံလေ့လာသုံးသပ်ကာ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြနိုင်ရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအ ကောင်အထည်ဖော်မှု ကော်မတီဝင် တစ်ဦးက “ဒီနေ့အစည်းအဝေးမှာ ကော်မတီဥက္ကဋ္ဌက အဖွင့်မိန့်ခွန်းပြောတယ်။ နာယကရဲ့ လမ်းညွှန်ချက်တွေအတိုင်း အကောင်အထည်ဖော်နိုင်အောင် ဆောင်ရွက်ကြဖို့ မှာကြားတယ်။ အစည်းအဝေးက ၁၀ နာရီမှာစတယ်။ ၁ နာရီ လောက်မှာပြီးတယ်။ နောက်ထပ်အစည်းအဝေးကို မေ ၁၉ ရက်မှာ ထပ်လုပ်မယ်။ အဲဒီအစည်းအဝေးမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ အခန်း(၁၂)ကစပြီး ဆွေးနွေးမယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်” ဟု ပြောကြားသည်။ထို့ပြင် ၎င်းအစည်းအဝေးတွင် ကော်မတီ၏ တာဝန်ရှိသူများက အဖွဲ့ဝင်များအား အစည်းအဝေးအတွင်း သတင်းများအား ပြင်ပသို့ ပေါက်ကြားမှုများ မရှိစေရန် သတိပေးခဲ့ကြောင်းလည်း သိရသည်။ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ကော်မတီကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ကော်မတီသည် ဖွဲ့ စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်နှင့်စပ်လျဉ်း၍ ပိုမိုကောင်းမွန်အောင် ပြင်ဆင်သင့်သည့် အကြောင်းအရာများ၊ ပြင်ဆင်ခြင်းမပြုဘဲ ဆက်လက်ထားရှိသင့်သည့် အကြောင်းအရာများကို လေ့လာဖော်ထုတ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတစ်ရပ် ဖြစ်ပေါ်သည်အထိ တာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်သည်။နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ အခန်း(၁၂)ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်းတွင် ပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅၊ ၄၃၆ တို့ ပါဝင်သည်။ပုဒ်မ ၄၃၃ တွင် “ဤဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ပြင်ဆင်လိုပါက အောက်ဖော်ပြပါ သတ်မှတ်ထားသော နည်းလမ်းများအတိုင်း ဆောင်ရွက်ရမည်။ (က) ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် တင်သွင်းသောအဆိုကို ဥပဒေမူကြမ်းအဖြစ် ဖြင့်တင်သွင်းရမည်၊ (ခ) ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် အဆိုတင်သွင်းသော ဥပဒေမူကြမ်းတွင် အခြားအဆိုများ မပါရှိစေရ” ဟု ပါရှိသည်။ပုဒ်မ ၄၃၄ တွင် “ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းရမည်” ဟုပါရှိသည်။ပုဒ်မ ၄၃၅ တွင် “ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်ရှိ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းက တင်ပြလာလျှင် အဆိုပါပြင်ဆင်ချက် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးရမည်” ဟု ပါရှိသည်။ပုဒ်မ ၄၃၆ (က) တွင် “ဤဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အခန်း(၁)ပုဒ်မ ၁ မှ ၄၈ ထိ၊ အခန်း(၂) ပုဒ်မ ၄၉ မှ ၅၆ အထိ၊ အခန်း (၃) ပုဒ်မ ၅၉၊ ၆၀၊ အခန်း (၄) ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁၊ အခန်း (၅) ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆၊ အခန်း (၆) ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊ ၃၁၄၊ ၃၂၀၊ အခန်း (၁၁)ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ၊ အခန်း (၁၂) ပုဒ်မ ၄၃၆ တို့ရှိပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်” ဟု ပါရှိသည်။ပုဒ်မ ၄၃၆ (ခ)တွင် ]]ပုဒ်မခွဲ (က)တွင် ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များမှအပ အခြားပြဋ္ဌာန်းချက်များကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်” ဟု ပါရှိသည်။ PoliticShow commentsOpen link

posted from Bloggeroid
No comments:
Post a Comment