မောင်ဦး - စာဖတ်သူ၏အာဘော်သာဖြစ်ပါကြောင်း
by Maung Yitမိုးမခ မီဒီယာ - MoeMaKa News & MediaToday, 06:26စာဖတ်သူ၏အာဘော်သာဖြစ်ပါကြောင်း မောင်ဦး၊ မေ ၂၂၊ ၂၀၁၄(သူ့ဖေစ့်ဘွတ်ကနေ ယူပါတယ်) ယမန်နေ့ညက ရွာသွန်းခဲ့သော မုတ်သုန်မိုး၏ အရှိန်ကြောင့် အေးမြလျှက်ရှိသော နံနက်ခင်း အချိန်ကာလသမယတွင် ပက်လက်ကုလားထိုင်တစ်လုံးပေါ်တွင် ထိုင်လျှက် နံနက်ခင်းသတင်းစာတစ်စောင်ကို စည်းစိမ်ရှိစွာ ဖတ်ရှုလျှက်ရှိနေလေ၏။ ထိုသို့ဖတ်ရှုနေခိုက် စာမျက်နှာတစ်နေရာသို့ရောက်သောအခါ သရော်စာတစ်ပုဒ်ကိုတွေ့ရလေ၏။ ကျွန်ုပ် လွန်စွာမှ ဝမ်းသာဝမ်းမြောက်ဖြစ်ရလေတော့၏။ အဘယ့်ကြောင့်နည်းဟူမူ ကျွန်ုပ်၏အကြိုက်ဆုံးသော စာပေအမျိုးအစားမှာ သရော်စာ ဖြစ်ချေသည် တစ်မုံ့။ ထိုအခါ ကျွန်ုပ်သည် ယင်းသရော်စာကို တစ်လုံးချင်း၊ တစ်ကြောင်းချင်း အသေးစိတ် ဖတ်ရှုလေတော့၏။ ‘ကောင်းလှချည်လား၊ ထိမိတယ်ကွယ်ရို့၊ အံမယ်မင်း … ရေးမှရေးတတ်ပလေတယ်ကွဲ့’ စသည် စသည့် အာမေဍိတ်အသံများကို နှုတ်ဖျားမှ တဖွဖွ ထွက်စေသည်အထိ ရေရွတ်ရင်း အရသာခံဖတ်ရှုလျှက် ရှိနေလေတော့၏။ သို့နှင့် စာ၏အဆုံး နိဂုံးသို့ရောက်သောအခါ ကွင်းစကွင်းပိတ်ခတ်လျှက် ရေးသားထားသော အောက်ပါစာတစ်ကြောင်းကို တွေ့လိုက်ရလေတော့၏။“(ဖော်ပြပါ သရော်စာသည် စာရေးသူ၏ အာဘော်သာ ဖြစ်ပါသည်)” ယင်းစာကြောင်းကို မြင်လိုက်ရသော တဒင်္ဂလေးအတွင်းမှာပင် ကောင်းမွန်သော သရော်စာတစ်ပုဒ်ကို ဖတ်ရှုနေရခြင်းကြောင့် ခံစားနေရသော ပီတိအဟုန်တို့သည် နေလာ၊နှင်းပျောက် သကဲ့သို့ လွင့်စဉ်သွားလျှက် ကျွန်ုပ်၏အတွေးအိမ်ထဲတွင် ဝိရောဓိများဖြစ်လာလေ၏။ ပဋိပက္ခများဖြစ်လာလေ၏။ မေးခွန်းများ ပေါ်ထွက်လာလေ၏။ “ဘဇာကြောင့်နည်း။ စတုတ္ထမဏ္ဍိုင် ဟုခေါ်တွင်ကြကုန်သော စာနယ်ဇင်းတို့မှာ မူဝါဒဟူသည်ရှိ၍ စာတစ်ပုဒ်၊ ကဗျာတစ်ပုဒ်ကို မိမိတို့၏မူဝါဒနှင့် ကိုက်ညီမှသာ ဖော်ပြလေ့ရှိကြသည် မဟုတ်ပါလော။ ‘စာရေးသူ၏အာဘော်သာဖြစ်ပါသည်’ ဟူသော စာကြောင်းအလိုအရ ယခုသရော်စာသည် ယင်းသတင်းစာ၏အာဘော်မဟုတ်သည်မှာ ထင်ရှားလျှက်ရှိနေပေ၏။ သို့ဆိုလျှင် သူ့အာဘော်မဟုတ်သော (တနည်းပြောရလျှင်) သူ့မူဝါဒနှင့် မကိုက်ညီသော (တည့်တည့်ပြောရလျှင်) သူ မကြိုက်၊ မနှစ်သက်သော စာတစ်ပုဒ်ကို သူ့သတင်းစာ၌ အဘယ်ကြောင့် ဖော်ပြရသနည်း။”ဤသို့ဤနှယ် ဦးဏှောက်မုန်တိုင်းဆင်ပြီးသကာလအကြံတစ်ခုပေါ်လာလေ၏။ အနှီသတင်းစာတိုက်သို့ ဆောင်းပါးတစ်ပုဒ် ရေးပို့မည်။ ထိုသို့ပို့သောအခါ အောက်ပါအတိုင်း မှတ်ချက် ရေးထည့်ပေးလိုက်မည်။“ဤဆောင်းပါးသည် သတင်းစာ၏အာဘော်လည်းမဟုတ်၊ စာရေးသူ၏အာဘော်လည်းမဟုတ်၊ စာဖတ်သူ၏ အာဘော်သာဖြစ်ပါကြောင်း” ဟူလို။ ။(cartoon - beruma (ဘီရုမာ))Show commentsOpen link

posted from Bloggeroid
No comments:
Post a Comment