Tuesday, May 27, 2014

ယူနတီဂျာနယ်သတင်းထောက်လေးဦးတို့

ပေါက်မြို့နယ်အတွင်းရှိ အမှတ် (၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံ သတင်းရေးသား ဖော်ပြမှုကြောင့် နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေဖြင့် ဖမ်းဆီးတရားစွဲခံထားရသည့် ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့အမှု မေ ၂၇ ရက် (၁၁) ကြိမ်မြောက်ရုံးချိန်း (ဒုတိယနေ့) တွင် ကိုသဲရာဇာဦး၊ ကိုစည်သူစိုးနှင့် ကိုလူမော်နိုင်တို့အား စစ်ဆေးခဲ့ကြောင်း သိရသည်။အမှတ် (၂၄) ကာကွယ်ရေးစက်ရုံအတွင်း ၀င်ရောက်ခဲ့သည့် ကိုသဲရာဇာဦးနှင့် ကိုစည်သူစိုးတို့မှ ရုံးတော်နှင့် အကျိုးဆောင်ရှေ့နေသို့ မိမိတို့အား ဦးတင်ဆန်းက ပေါက်မြို့နယ်သို့ ဒေသဖွံ့ဖြိုးရေး စကားဝိုင်းနှင့် ဒေသခံများ လယ်ယာမြေများ သိမ်းဆည်းခံရသည့် သတင်းအားယူရန် ပေါက်မြို့သို့ ခေါ်ဆောင်ခဲ့ကြောင်း၊ ပေါက်မြို့တွင် ကိုလူမော်နိုင်နှင့်အတူ က.ပ.စ ၂၄ ဆောက်လုပ်ရေး ၀န်ထမ်းအိမ်ရာရှိ မအိစုဝင်းနေအိမ်သို့ သွားရောက်လည်ပတ်ခဲ့ကြောင်း၊ ဦးတင်ဆန်းနှင့် ကိုလူမော်နိုင်က မအိစုဝင်းအား စက်ရုံတွင်း လည်ပတ်လို့ရကြောင်းမေးရာ၊ ကင်မရာနှင့် ဖုန်းများထားခဲ့၍ လည်ပတ်နိုင်ကြောင်းပြောရာ ဦးတင်ဆန်းထံ ခွင့်တောင်းပြီး စက်ရုံတွင်းသို့ အုတ်သယ်ကားဖြင့် လိုက်ပါခဲ့ကြောင်း၊ အုတ်ကူချပြီးနောက် ကားဖြင့်ပြန်ထွက်ခဲ့ကြောင်း၊ မည်သည့် စစ်ဆေးမှုမှ မရှိကြောင်း၊ ထို့နောက် စကားဝိုင်းပြုလုပ်ရာ ကျေးရွာများသို့ သွားရောက်ပြီး ဒေသခံများ ပြောပြသည်များကို သတင်းအဖြစ် ရေးသားကြောင်းနှင့် မိမိတို့တွင် အပြစ်မရှိကြောင်း ငြင်းဆိုရခြင်းမှာ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေး အစီအမံများကို ချိုးဖျက်စေခြင်း မရှိသောကြောင့်ဖြစ်ကြောင်း ထွက်ဆိုသည်။ဦးတင်ဆန်း၏ ရှေ့နေက ၎င်းတို့နှစ်ဦးအား မေးမြန်းရာတွင် အချင်းဖြစ်သည့် ဂျာနယ်တွင် လယ်ယာမြေ သိမ်းဆည်းခံရသည့် ကိစ္စများကို ရေးသားသည်မှာ မှန်ကြောင်း၊ စက်ရုံတွင်းသို့ ၀င်ရောက်ရာတွင် မြန်မာဘာသာ၊ ဒေသသုံးဘာသာဖြင့် ရေးသားထားသည့် တားမြစ်ဆိုင်းဘုတ်များ မရှိဆိုလျှင် မှန်ပါကြောင်း၊ စက်ရုံတွင်းဝင်ရောက်စဉ် အလုပ်သမားများ၌ သက်သေခံကတ်ပြားများ ချိတ်ဆွဲထားခြင်း မရှိဆိုလျှင် မှန်ပါကြောင်း၊ လျှို့ဝှက်ဓာတုလက်နက်စက်ရုံ ခေါင်းစဉ်မှာလည်း ဒေသခံရွာသားများ ပြောကြားချက်အရ ရေးသားခြင်းဖြစ်ကြောင်း၊ ရောက်ရှိသွားသော စက်ရုံတွင် မည်သည့်လက်နက်မျှ မထုတ်လုပ်သေးသည်မှာ မှန်ပါကြောင်း၊ ရွာသားများမှလည်း မိမိတို့အား စက်ရုံနှင့်ပတ်သက်သည့် စည်းကမ်း၊ သဘောတူညီချက်များကို မပြောပြခဲ့သည်မှာလည်း မှန်ပါကြောင်း ထွက်ဆိုအစစ်ခံခဲ့သည်။ဥပဒေအရာရှိ၏ မေးမြန်းမှုနှင့် ပတ်သက်ပြီး စက်ရုံဂိတ်ပေါက်တွင် Power of the force ဟူသောစာအား အနီရောင်ဖြင့် ရေးသားထားသည်ကို မြင်ပါသလားဆိုလျှင် ရွာသားများလည်း မြင်ကြောင်း၊ စက်ရုံအတွင်း သွားရောက်စဉ် ကင်မရာနှင့် ဖုန်းတို့အား ဦးတင်ဆန်းတို့ထံတွင် ထားခဲ့ပါသလားဆိုလျှင် ပေါက်မြို့ ကိုလူမော်နိုင်အိမ်တွင် ထားခဲ့ကြောင်း၊ ဆောင်းပါးတွင်ပါသော အကြောင်းအရာများမှာ ကျွန်တော်တို့ကိုယ်တိုင် မြင်တွေ့ရသည်များကို ရေးခြင်းဖြစ်သကဲ့သို့ ရွာသားများ၏ ပြောကြားချက်များကို ရေးသားခြင်း ဖြစ်သည်ဆိုလျှင် မှန်ပါကြောင်း၊ ဓာတုလက်နက် ဟုတ်မဟုတ်၊ လက်နက်ထုတ်မထုတ် တိတိကျကျ မသိဆိုလျှင် မှန်ကြောင်းလည်း ကိုသဲရာဇာဦးနှင့် စည်သူစိုးတို့မှ ထွက်ဆိုအစစ်ခံခဲ့ကြသည်။ကိုလူမော်နိုင်က ရုံးတော်နှင့် အကျိုးဆောင်ရှေ့နေသို့ မိမိသည် ကွန်ပျူတာသင်ကြားခြင်း၊ စာစီစာရိုက်ပေးခြင်းနှင့် အီးမေးလ်ပို့ပေးခြင်း လုပ်ငန်းတို့အား လုပ်ဆောင်ကြောင်း၊ အခြားပေါက်မြို့ခံ ယူနတီသတင်းထောက်များ၏ သတင်းများအား သတင်းထောက် မလုပ်ခင်ကပင် ဂျာနယ်တိုက်သို့ ပေးပို့ဖူးကြောင်း၊ ပြန်ဆက်ဝန်ထမ်းများ၏ သတင်းများကိုလည်း မြန်မာ့အလင်း သတင်းစာတိုက်သို့ အီးမေးလ်ပို့ပေးကြောင်း၊ ယူနတီဂျာနယ်၏ ပေါက်မြို့နယ် သတင်းထောက်ဖြစ်ပြီးနောက် ဦးတင်ဆန်းနှင့် ဆက်သွယ်မိသောအခါ ပေါက်မြို့ရှိ ဒေသခံဖွံဖြိုးရေး စကားဝိုင်းသို့ လာရောက်ရန် ဖိတ်ကြားခဲ့ကြောင်း၊ ၎င်းတို့ ရောက်လာသောအခါ ဒေသဖွံ့ဖြိုးရေး စကားဝိုင်းအတွက် စီစဉ်ရင်း က.ပ.စ ၂၄ ဆောက်လုပ်ရေး ၀န်ထမ်းအိမ်ရာရှိ မအိစုဝင်း နေအိမ်သို့ ရောက်စဉ် က.ပ.စ ၂၄ စက်ရုံအတွင်း လည်ပတ်လို့ရကြောင်းပြော၍ သတင်းထောက်နှစ်ယောက် သွားရောက်လည်ပတ်ခဲ့ကြောင်း၊ မိမိမှာ စက်ရုံတွင်း ၀င်ရောက်ခဲ့ခြင်း မရှိသကဲ့သို့ ၀န်ထမ်းအိမ်ရာနှင့် စက်ရုံမှာ အတော်ပင် ကွာဝေးသည့်အတွက် ချဉ်းကပ်ခြင်း မရှိကြောင်း၊ ကိုသဲရာဇာဦး၏ လက်ရေးမူဖြင့် ရေးသားထားသည့် သတင်းမူကြမ်းအား စာရိုက်၍ ယူနတီရုံးသို့ ပို့ပေးခဲ့ရကြောင်း၊ သတင်းတွင် မိမိနာမည်တပ်ခြင်းမှာ ဦးတင်ဆန်းက တပ်ခိုင်းခြင်းကြောင့် တပ်လိုက်ကြခြင်းဖြစ်ကြောင်း၊ သတင်းရေးသားခြင်းအတွက် အခကြေးငွေနှင့် လခလည်း မရရှိကြောင်း ထွက်ဆိုခဲ့သည်။နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် တရားစွဲခံထားရသည့် ယူနတီဂျာနယ် အမှု (၁၂) ကြိမ်မြောက် ရုံးချိန်းအား လာမည့် ဇွန် ၂၊ ၃ ရက်များတွင် ဆက်လက်စစ်ဆေးမည် ဖြစ်ကြောင်းလည်း သိရသည်။၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေဖြင့် တရားစွဲခံခဲ့ရသည့် ယူနတီဂျာနယ် အမှုဆောင် အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့ အမှုအား ဖေဖော်ဝါရီ ၁၄ ရက်မှ စတင်စစ်ဆေးခဲ့ပြီး မေ ၁၉၊ ၂၀ ရက် (၁၀) ကြိမ်မြောက်ရုံးချိန်း နှစ်ဖက်ရှေ့နေများ လျှောက်လွဲချက်အပြီးတွင် ပခုက္ကူခရိုင်တရားသူကြီးမှ လက်ရှိတရားစွဲဆိုထားသော ပုဒ်မဖြင့် စွဲချက်တင်၍ ဆက်လက်စစ်ဆေးရန် အမိန့်ချခဲ့သည်။အမှတ် (၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံသတင်း ရေးသားခြင်းကြောင့် အဆိုပါ စက်ရုံမှ စီမံဌာနမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦးက တရားလိုပြုလုပ်၍ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၂၉ ရက်၌ ပေါက်မြို့မှ ရဲစခန်းတွင် ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃(၁)(က)/၉ ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

posted from Bloggeroid

No comments:

Post a Comment