ယခုနှစ်အတွင်း ဆေးယဉ်ပါးတီဘီကုသရေး လုပ်ငန်းများကို မြို့နယ် ၁၁ မြို့နယ်၌ ထပ်မံတိုးချဲ့မည်
by htikeaung
Eleven Daily NewsToday, 02:48
Written by:
အိသဉ္ဇာကျော်
အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်းမှ တီဘီရောဂါကုသရေး လုပ်ငန်းများတွင် အသုံးပြုသည့် ဆေးဝါးများအား တွေ့ရစဉ်
ယခုနှစ်အတွင်း ဆေးယဉ်ပါးတီဘီကုသရေး လုပ်ငန်းများကို မြို့နယ် ၁၁ မြို့နယ်၌ ထပ်မံတိုးချဲ့သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာန အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်းမှ သိရသည်။
မြန်မာနိုင်ငံသည် တီဘီရောဂါ အဖြစ်များသည့် နိုင်ငံ ၂၂ နိုင်ငံတွင် ပါဝင်ပြီး တီဘီရောဂါ ကုသရာတွင် အသုံးပြုသည့် အဓိကဆေးဝါး Rifampicin နှင့် Isoniazid ယဉ်ပါးမှု အဖြစ်များသည့် နိုင်ငံ၌လည်းကောင်း၊ ကမ္ဘာ့တီဘီ၊ အိတ်ခ်ျအိုင်ဗွီ ဒွန်တွဲဖြစ်ပွားမှု အများဆုံးနိုင်ငံ ၄၁ နိုင်ငံတွင် လည်းကောင်း၊ ကမ္ဘာ့ဆေးယဉ်ပါး တီဘီအဖြစ်အများဆုံး နိုင်ငံ ၂၇ နိုင်ငံတွင်လည်းကောင်း ပါဝင်လျက်ရှိသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ခန့်မှန်းတွက်ချက်မှုများအရ လက်ရှိမြန်မာနိုင်ငံတွင် တီဘီလူနာ နှစ်သိန်းလေးသောင်းခန့် နှစ်စဉ်ဖြစ်ပွားလျက်ရှိပြီး တီဘီလူနာ တစ်သိန်းလေးသောင်းကျော်သာ ကုသမှုခံယူနိုင်ပြီး ဝေဒနာရှင် ကိုးသောင်းခန့်မှာ ဆေးကုသရန် လိုအပ်နေသေးကြောင်းနှင့် ဆေးယဉ်ပါး တီဘီဖြစ်ပွားနှုန်းမှာ လူနာသစ်များတွင် ငါးရာခိုင်နှုန်း၊ လူနာဟောင်းများတွင် ၂၇ ရာခိုင်နှုန်း ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဆေးယဉ်ပါး တီဘီကုသရေး လုပ်ငန်းများကို ၂၀၀၉ ခုနှစ်က စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြို့နယ် ၃၈ မြို့နယ်ခန့်ရှိကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် ၁၈ မြို့နယ်တွင် လက်ရှိဆေးကုသမှု ပေးလျက်ရှိရာ ယခုနှစ်အတွင်း မြို့နယ် ၁၁ မြို့နယ် ထပ်မံတိုးချဲ့ လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံတွင် ဆေးယဉ်ပါး တီဘီဖြစ်ပွားနှုန်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခန့်မှန်းတွက်ချက်ရာတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူဦးရေ ၈၀၀၀ ခန့် ဖြစ်ပွားမည်ဟု ခန့်မှန်းထားပြီး ယင်းတို့အနက်မှ ၃၀ ရာခိုင်နှုန်းသာ ရောဂါစစ်ဆေး ရှာဖွေနိုင်သေးကြောင်းနှင့် ၄၀ ရာခိုင်နှုန်းသာ ဆေးကုသမှု ပေးနိုင်သေးကြောင်း သိရသည်။
ထို့ပြင် တီဘီ/အိတ်ခ်ျအိုင်ဗွီ ဒွန်တွဲဖြစ်ပွားမှုနှုန်းများ လျော့နည်းစေရန် ရည်ရွယ်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တိုးချဲ့လုပ်ဆောင် သွားမည်ဖြစ်ကြောင်းနှင့် တီဘီလူနာများ၏ ၉ ဒသမ ၇ ရာခိုင်နှုန်းမှာ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရကြောင်း အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်းမှ ထုတ်ပြန်ထားသည်။
ထို့ပြင် ကျန်းမာရေးဦးစီးဌာန အနေဖြင့် တီဘီ/အိတ်ခ်ျအိုင်ဗွီ ပူးပေါင်းတိုက်ဖျက်ရေး လုပ်ငန်းများကို နှစ်စဉ်တိုးချဲ့ သွားမည်ဖြစ်ရာ ၂၀၁၆ ခုနှစ်တွင် မြို့နယ် ၃၀၀ အထိ တိုးချဲ့သွားရန် လျာထားကြောင်းနှင့် ဆေးယဉ်ပါး တီဘီကုသရေး လုပ်ငန်းများကို ၂၀၁၅ ခုနှစ်တွင် မြို့နယ် ၁၀၀ အထိ တိုးချဲ့သွားရန် စီစဉ်ထားကြောင်းလည်း သိရသည်။
ဆေးယဉ်ပါး တီဘီဖြစ်ပွားမှု ရှိမရှိ မြန်မာနိုင်ငံတွင် ၂၀၀၂ ခုနှစ်မှ စတင်စမ်းသပ်ခဲ့ပြီး ယင်းနှစ်တွင်ပင် တီဘီဝေဒနာရှင် ၁၀၀ လျှင် လေးဦးခန့် ဆေးယဉ်ပါးဖြစ်ပွားမှု ရှိခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ထပ်မံစစ်ဆေးရာ တီဘီဝေဒနာရှင် ၁၀၀ လျှင် လေးဦးကျော်အထိ ဖြစ်ပွားနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း ကျန်းမာရေးဝန်ကြီးဌာနမှ တီဘီရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများအတွက် ကျပ်သန်းပေါင်း ၃၇၇၅ အထိ တိုးမြှင့်သုံးစွဲခဲ့ကြောင်း၊ ၁၉၉၅-၁၉၉၆ ဘဏ္ဍာနှစ်တွင် ကျပ်ငွေ ၁၄ သန်းသာ သုံးစွဲခဲ့ရာမှ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် ငွေကျပ်သန်းပေါင်း ၆၆၉ ဒသမ ၁၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျပ်ငွေသန်းပေါင်း ၅၈၆ ဒသမ ၆၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ်ငွေသန်းပေါင်း ၁၂၀၆ အထိ တိုးမြှင့်သုံးစွဲခဲ့ကြောင်း ထုတ်ပြန်ထားသည်။
Local
Show commentsOpen link

posted from Bloggeroid
No comments:
Post a Comment