စစ်ဖြစ်ပွားနေဆဲဖြစ်သည့် ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းအား ညနေ ၅ နာရီကျော်ပါက ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားပြီး ညအချိန်တွင် ယင်းလမ်းကြောင်းပေါ်မှ သစ်ခိုးထုတ်မှုများရှိနေဟုဆို
by htikeaung
Eleven Daily NewsToday, 02:48
Written by:
ဖြိုးဝေ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အနီးရှိ သစ်တောများအား ခုတ်ယူထားမှုကို တွေ့ရစဉ်
စစ်ဖြစ်ပွားနေဆဲဖြစ်သည့် ကချင်ပြည်နယ်တွင် မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းအား ညနေ ၅ နာရီကျော်လွန်ပါက သွားလာခွင့်ပိတ်ပင်ထားပြီး အဆိုပါလမ်းကြောင်းပေါ်မှ ညအချိန်တွင် သစ်ခိုးထုတ်မှုများ ဖြစ်ပေါ်နေကြောင်း SHINGNIP Kachin Legal Aid Network Group မှ ဥက္ကဋ္ဌ ဦးခွန်နောင်က ပြည်သူ့ခုံသမာဓိဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားသည်။
မြန်မာနိုင်ငံတွင် သစ်ထုတ်လုပ်မှုများအား အစိုးရသစ်လက်ထက်တွင် အများဆုံး ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး အစိုးရသစ်သက်တမ်း သုံးနှစ်အကြာဖြစ်သည့် ယခုနှစ်ဧပြီ ၁ ရက်မှစတင်၍ ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့ခြင်းကို ရပ်ဆိုင်းရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနက ထုတ်ပြန်ထားကြောင်း သိရသည်။
“မြန်မာနိုင်ငံ အထက်ပိုင်းမှာ စစ်ဖြစ်လာတော့ သစ်တောပြုန်းတီးမှုတွေ အများကြီး ဖြစ်လာတယ်။ ဒီလို ပြည်တွင်းစစ်ဖြစ်လာတော့ ပွဲလန့်တုန်း ဖျာခင်းတဲ့သူတွေ အများကြီးဖြစ်လာတယ်။ အထူးသဖြင့် ခရိုနီတွေပေါ့။ ဥပမာအားဖြင့် ကျွန်တော်တို့ ကချင်ပြည်နယ်မှာ စစ်ကတော့ ဖြစ်နေဆဲဖြစ်ပေမယ့် သစ်ခိုးထုတ်မှုကတော့ ဆက်လက်ဖြစ်နေတယ်။ မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းမှာဆိုရင် နေ့လယ်တော့ ဖွင့်ပေးထားတယ်။ ညနေဆိုရင် ၅ နာရီခွဲလောက် ကတည်းက ဘယ်သူမှ သွားလာလို့မရတော့ဘူး။ အဲဒီအချိန်မှာ ညအချိန်မှာ သစ်တွေခိုးထုတ်ပါတယ်” ဟု ဦးခွန်နောင်က ဆိုသည်။
မြန်မာနိုင်ငံတွင် ၂၀၀၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း တရားမ၀င် သစ်တင်ပို့မှု ပမာဏသည် ဒေါ်လာ ၅ ဒသမ ၇ ဘီလျံနှင့် ညီမျှသည့် ကုဗမီတာ ၁၆ ဒသမ ၅ သန်းခန့်ရှိကြောင်း သဘာဝပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေးအဖွဲ့ (EIA)၏ ‘အချက်အလက်ခြစားမှု’ အစီရင်ခံစာအရ သိရသည်။
မြန်မာနိုင်ငံ အထက်ပိုင်းမှာ စစ်ဖြစ်လာတော့ သစ်တောပြုန်းတီးမှုတွေ အများကြီး ဖြစ်လာတယ်။ ဒီလို ပြည်တွင်းစစ်ဖြစ်လာတော့ ပွဲလန့်တုန်း ဖျာခင်းတဲ့သူတွေ အများကြီးဖြစ်လာတယ်။ အထူးသဖြင့် ခရိုနီတွေပေါ့။ ဥပမာအားဖြင့် ကျွန်တော်တို့ ကချင်ပြည်နယ်မှာ စစ်ကတော့ ဖြစ်နေဆဲဖြစ်ပေမယ့် သစ်ခိုးထုတ်မှုကတော့ ဆက်လက်ဖြစ်နေတယ် . . . . .
အဆိုပါ အစီရင်ခံစာတွင် မြန်မာအစိုးရက ၁၅ နှစ်အတွင်း ထုတ်ပြန်ထားသည့် သစ်လုံးထုတ်လုပ်မှုနှင့် သစ်တင်ပို့မှု အချက်အလက်များနှင့် ကမ္ဘာ့ကုန်သွယ်မှု အချက်အလက်များအား ခြားနားထားခြင်းဖြစ်ပြီး ၁၃ နှစ်တာကာလအတွင်း တရားမ၀င် သစ်တင်ပို့မှု ပမာဏများသည် ဒေါ်လာဘီလျံနှင့်ချီ၍ ကွာဟနေကြောင်း ဖော်ပြထားသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနက ထုတ်ပြန်ထားသည့် သစ်ထုတ်လုပ်မှုဆိုင်ရာ မှတ်တမ်းများသည် နိုင်ငံတကာ သစ်ကုန်သွယ်မှုများ၏ ၂၈ ရာခိုင်နှုန်းသာ ရှိနေသည့်အတွက် မြန်မာနိုင်ငံ၏ တရားမ၀င်သစ်တင်ပို့မှု ရာခိုင်နှုန်းသည် ၇၂ ရာခိုင်နှုန်းအထိရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ပြည်တွင်းသစ်ထုတ်လုပ်မှုနှင့် ပတ်သက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့သစ်လုပ်ငန်း (MTE) က စီမံခန့်ခွဲ လုပ်ကိုင်လျက်ရှိပြီး ပြီးခဲ့သည့် ၁၄ နှစ်အတွင်း ယင်းဌာနမှ ခွင့်ပြုချက် ရယူထားခြင်းမရှိသော သစ်ထုတ်လုပ်မှု ပမာဏသည် သစ်ကုဗမီတာ ရှစ်သန်းနှင့် ညီမျှကြောင်း ရာခိုင်နှုန်းအားဖြင့် နိုင်ငံတကာသို့ အမှန်တကယ် တင်ပို့ခဲ့သည့် သစ်များ၏ ၆၂ ရာခိုင်နှုန်းအထိရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့ပြင် ယူနန်နှင့် သစ်ကုန်သွယ်မှု အပါအ၀င် တရားမ၀င် သစ်တင်ပို့မှု တန်ဖိုးသည် တစ်နှစ်လျှင် ပျှမ်းမျှ ဒေါ်လာ ၄၁၃ သန်းခန့် ရှိနေပြီး EIA မှ ရရှိထားသည့် အချက်အလက်များအရ မြန်မာအစိုးရ ပြောဆိုနေသော တိုင်းရင်းသားနယ်မြေများအတွင်းမှ တရားမ၀င် သစ်ထုတ်ယူမှု ဖြစ်ပေါ်နေသည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း EIA တွင် ဖော်ပြထားသည်။
Local
Show commentsOpen link

posted from Bloggeroid
No comments:
Post a Comment