မတ် ၃၁ ရက် ည ၁၂ နာရီ ကျော်လွန်ချိန်တွင် ဆိပ်ကမ်းများ၌ ကျန်ရှိနေသည့် ပြည်ပပို့မည့်သစ်များအား မူလသစ်ကွင်းသို့ ပြန်လည်ပေးပို့ရမည်
by htikeaung
Eleven Daily NewsToday, 02:48
Written by:
ရွှန်းလဲ့ဝင်း
ပြည်ပသို့တင်ပို့ရန် သစ်လုံးများ တင်ဆောင်လာသောကားများ သီလ၀ါဆိပ်ကမ်းသို့ ရောက်ရှိလာစဉ်
မတ် ၃၁ ရက် ည ၁၂ နာရီ ကျော်လွန်ချိန်တွင် ဆိပ်ကမ်းများ၌ ကျန်ရှိနေသည့် ပြည်ပပို့မည့် မြန်မာ့သစ်များအား မူလသစ်ကွင်းသို့ ပြန်လည်ပေးပို့ရမည်ဟု မြန်မာ့သစ်လုပ်ငန်းက သတင်းထုတ်ပြန်ထားကြောင်း သိရသည်။
၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှစ၍ ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှုကို ရပ်ဆိုင်းပြီး တန်ဖိုးမြင့် သစ်အချောထည်များကိုသာ တင်ပို့ရောင်းချခွင့် ပြုမည်ဖြစ်သည်။ သို့ဖြစ်၍ ရန်ကုန်ဆိပ်ကမ်းများမှ ပြည်ပသို့ မြန်မာ့သစ်များ တင်ပို့ခြင်းကို ၂၀၁၄ ခုနှစ် မတ် ၃၁ ရက် ည ၁၂ နာရီ နောက်ဆုံးထား တင်ပို့ကြရမည် ဖြစ်သည်။
“မြန်မာ့သစ်လုပ်ငန်းက ဆိပ်ကမ်းတွေကနေ သစ်တွေပြည်ပတင်ပို့ဖို့ သင်္ဘောတင်တာကို ၂၀၁၄ ခုနှစ် မတ် ၃၁ ရက် ည ၁၂ နာရီအထိပဲ ခွင့်ပြုဖို့ စာထုတ်ထားပါတယ်။ ည ၁၂ နာရီကျော်လွန်လို့ ဆိပ်ကမ်းတွေမှာ သစ်တွေကျန်နေသေးရင် မူလသစ်ကွင်းကို ပြန်ပို့ရမှာပါ။ မြန်မာ့သစ်လုပ်ငန်းက ဦးဆောင်ပြီး ဆိပ်ကမ်းအာဏာပိုင်နဲ့ အကောက်ခွန်ဌာနတွေက ကူညီလုပ်ဆောင် ပေးရမှာပါ” ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ကုန်မြို့ ဆိပ်ကမ်းများ၏ ဆိပ်ခံတံတား ၂၆ ခုအနက် ၁၆ ခု ကို ပြည်ပတင်ပို့မည့် သစ်လုံးတင်သင်္ဘောများ ဆိုက်ကပ်၍ သစ်လုံးများ တင်ဆောင်နေကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ သတင်းရရှိသည်။
သီလ၀ါဘက်ခြမ်းရှိ MITT နှင့် MIPL ရန်ကုန်ဘက်ခြမ်းတွင် ဆူးလေနှင့် ဗိုလ်အောင်ကျော်ဆိပ်ကမ်း၊ အေးရှားဝေါလ်ဆိပ်ကမ်း၊ MIP နှင့် HOB စသည့် ဆိပ်ကမ်းငါးခုတွင် ဆိပ်ခံတံတား ၂၆ ခုဖြင့် ဆိပ်ကမ်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း ကျွန်းသစ် ၁၈၆၆၅၀ တန် ထုတ်လုပ်ခဲ့ပြီး ယခင်နှစ်ထက်တန် ၈၀၀၀၀ လျှော့ချထုတ်လုပ်ခဲ့ကြောင်း သိရသည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် သစ်မာ ၁၃၅၅၂၂၇ တန် ထုတ်လုပ်ခဲ့ပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၇၈၇၆၀၀ တန်သာ ထုတ်လုပ်ခဲ့ကြောင်း သိရသည်။
အလားတူ မြန်မာနိုင်ငံအတွင်း သစ်အချောထည်ပစ္စည်းများ ထုတ်လုပ်မည့် စက်ရုံများ တည်ထောင်နိုင်ရန် အမေရိကန်နှင့် အီးယူနိုင်ငံများက ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ သိရသည်။
Local
Show commentsOpen link

posted from Bloggeroid
No comments:
Post a Comment