Thursday, March 20, 2014

ဟုတ်မဟုတ်မသိဘူး

ပျောက်ဆုံးလေယာဉ် အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းမှာ တွေ့ရှိဟု သြစတြေးလျ ပြော
by ဒီဗွီဘီ
DVBYesterday, 14:28
သြစတြေးလျဝန်ကြီးချုပ် တိုနီအက်ဘော့က ဆက်သွယ်ရေးဂြိုလ်တုဓါတ်ပုံတွေအရ ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းပိုင်လေယာဉ်နဲ့ ပက်သက်ပြီး ယုံကြည်ရနိုင်တဲ့ အရာ ၂ ခုကို အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းမှာ တွေ့ရှိထားတယ်လို့ သြစတြေးလျပါလီမန်မှာ မတ် ၂၀ ရက် ဒီနေ့မှာ ပြောဆိုခဲ့ပါတယ်။

ဝန်ကြီးချုပ်က သြစတြေးလျ ရေကြောင်းလုံခြုံရေးအာဏာပိုင်တွေဟာ လေယာဉ်ရှာဖွေရေးနဲ့ ပတ်သက်နိုင်တဲ့ ဂြိုလ်တုဓာတ်ပုံတွေ ရထားပြီး ကျွမ်းကျင်ပညာရှင်တွေရဲ့ သုံးသပ်ချက်အရ ပျောက်ဆုံးနေတဲ့လေယာဉ်နဲ့ ပတ်သက်နိုင်တယ်လို့ ဆိုပါတယ်။

သြစတြေးလျလေတပ်က ဆက်သွယ်ရေးလေယာဉ် အိုရီယမ် အပါအ၀င် လေယာဉ် ၄ စင်းကို တွေ့ရှိတဲ့နေရာကို သွားရောက်နေပြီး သဘောင်္ ၂ စီးလည်း စေလွှတ်ထားပြီး ဖြစ်ပါတယ်။ မလေးရှားဝန်ကြီးချုပ်ကိုလည်း တွေ့ရှိချက်အသစ်တွေနဲ့ ပတ်သက်ပြီး အသိပေးပြောဆိုပြီး ဖြစ်ပါတယ်။

သြစတြေးလျဝန်ကြီးချုပ်က သတိပေးပြောဆိုရမှာတော့ ဂြိုလ်တုက တွေ့ရှိထားတဲ့ အရာ ၂ ခုဟာ သွားရောက်ရှာဖွေရာမှာ အလွန်အမင်း ခက်ခဲနိုင်ပြီး ပျောက်ဆုံးနေတဲ့လေယာဉ်နဲ့ လုံးဝ မပတ်သက်တဲ့ အရာ ၂ ခုလည်း ဖြစ်နိုင်တယ်ဆိုတာကို သတိချပ်ဖို့လည်း ပြောဆိုခဲ့ပါတယ်။

မလေးရှားသယ်ယူပို့ဆောင်ရေးဝန်ကြီး ဟစ်ရှာမူဒင် ဟူစိန်ကတော့ ပျောက်ဆုံး လေယာဉ်နဲ့ ပတ်သက်တဲ့ သြစတြေးလျနိုင်ငံရဲ့ တွေ့ရှိချက်အသစ်တွေကို လေ့လာ သုံးသပ်နေတယ်လို့ ပြောဆိုပါတယ်။

လေယာဉ်စပျောက်တဲ့နေ့ကစပြီး ဘယ်လိုတွေ့ရှိချက်ကို မဆို အလေးထားခဲ့တာဖြစ်ပြီး အခု တွေ့ရှိချက်ကိုလည်း အပြုသဘောဆောင်တဲ့ တိုးတက်မှုအဖြစ် မှတ်ယူပါတယ်လို့ ၀န်ကြီးက ပြောဆိုပါတယ်။

သြစတြေးလျရေကြောင်းလုံခြုံရေးအာဏာပိုင် အထွေထွေမန်နေဂျာ ဂျွန်ရမ်းက တွေ့ရှိထားတဲ့အရာတခုဟာ အရှည် ၂၄ မီတာ ရှိတာကြောင့် အရေးထားရမယ့် အရွယ်အစားဖြစ်နေတယ်လို့ ပြောဆိုပါတယ်။

မလေးရှားနိုင်ငံက ပျောက်ဆုံးသွားတဲ့လေယာဉ်ဟာ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းကိုလည်း ပျံသန်းသွားနိုင်တယ်လို့ ပြောဆိုပြီးနောက်ပိုင်း သြစတြေးလျနိုင်ငံဟာ လေယာဉ်ပျောက် ရှာဖွေရေးကို မတ်လ ၉ ရက်နေ့ကစပြီး အထူးအာရုံစိုက်ရှာဖွေလာခဲ့တာဖြစ်ပါတယ်။

အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းဟာ သြစတြေးလျနိုင်ငံရဲ့ ရေကြောင်းလုံခြုံမှုဧရိယာထဲမှာ ပါဝင်တာလည်း ဖြစ်ပါတယ်။

မလေးရှားလေကြောင်းပိုင် လေယာဉ်ပျောက်ဆုံးနေတာဟာ မတ် ၂၀ ရက်နေ့မှာ ၁၃ ရက်ရှိလာတာဖြစ်ပြီး ခရီးသည် ၂၃၉ ဦး လေယာဉ်ပေါ် လိုက်ပါသွားကြတာ ဖြစ်ပါတယ်။

Show commentsOpen link

posted from Bloggeroid

No comments:

Post a Comment