သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့ရှိ အဝေးပြေးဂိတ်ကြီးနှစ်ခုမှ ယာဉ်လိုင်း ၂၇၀ အနက် ယာဉ်လိုင်းလေးလိုင်းသာ ပိတ်ရက်မရှိ ပြေးဆွဲမည်
by htikeaung
Eleven Daily NewsToday, 02:48
အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်းရှိ ယာဉ်လိုင်းများအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့ရှိ အဝေးပြေးဂိတ်ကြီးနှစ်ခုမှ ယာဉ်လိုင်း ၂၇၀ ခန့်တွင် ယာဉ်လိုင်းလေးလိုင်းသာ ပိတ်ရက်မရှိ ပြေးဆွဲသွားမည်ဖြစ်ကြောင်း “မဟာသင်္ကြန် ပွဲတော်ရက်အတွင်း ယာဉ်လိုင်းများ ပြေးဆွဲခြင်းဆိုင်ရာ စီမံချက်” တွင် ထုတ်ပြန်ထားချက်အရ သိရသည်။
အဆိုပါ ယာဉ်လိုင်းများမှာ မြန်မာနိုင်ငံ အထက်ပိုင်းသို့ ပြေးဆွဲသည့် ယာဉ်လိုင်းများဖြစ်ပြီး ပိတ်ရက်မရှိ ပြေးဆွဲသွားမည့် ယာဉ်လိုင်းများမှာ စည်းစိမ်ရှင် မန္တလေးယာဉ်လိုင်း၊ မိဟာရ မော်လမြိုင်ယာဉ်လိုင်း၊ မန်းရာဇာ မန္တလေးယာဉ်လိုင်းနှင့် မန္တလာမင်း နေပြည်တော်-မန္တလေး-ပြည်ဦးလွင် ယာဉ်လိုင်းတို့ဖြစ်ကြောင်း သိရသည်။
အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်းရှိ ယာဉ်လိုင်းအများစုမှာ ဧပြီ ၁၂ ရက် နောက်ဆုံးထား ပြေးဆွဲသွားမည်ဖြစ်ပြီး ဧပြီ ၁၈ ရက်တွင် ပြန်လည်ပြေးဆွဲသွားမည်ဖြစ်သည်။ ထို့ပြင် ဒဂုံဧရာ အဝေးပြေးဝင်းအတွင်းရှိ ယာဉ်လိုင်းအများစုမှာ ဧပြီ ၁၃ ရက်တွင် နောက်ဆုံးထား ပြေးဆွဲမည်ဖြစ်ပြီး ဧပြီ ၁၇ ရက်တွင် ပြန်လည်ပြေးဆွဲမည်ဖြစ်သည်။
ယင်းအပြင် “မဟာသင်္ကြန် ပွဲတော်ရက်အတွင်း ယာဉ်လိုင်းများပြေးဆွဲရေးနှင့် သက်ဆိုင်သည့် စီမံချက်” တွင် ယာဉ်လိုင်းများအား ယာဉ်တိုက်မှု မဖြစ်စေရေး၊ အရက်သေစာသောက်စား မောင်းနှင်မှု မပြုရေး၊ သတ်မှတ်သည့် ယာဉ်စီးခနှုန်းထားထက် ပိုမိုရောင်းချမှု မပြုလုပ်ရေး၊ ကြိုတင်လက်မှတ် ရောင်းချရာတွင် အမှန်တကယ်စီးနင်းမည့် ခရီးသည်အမည် နိုင်ငံသားစီစစ်ရေး အမှတ်များ တိကျစွာပါရှိရေးနှင့် ယာဉ်ထွက်ချိန်တွင် အမှန်တကယ် စီးနင်းသူနှင့် ကြိုတင်လက်မှတ် ဖြတ်ထားသူမှာ တစ်ဦးတည်းဖြစ်စေရေး၊ ခရီးသွား လုပ်သားပြည်သူများအား ကောင်းမွန်ယဉ်ကျေးစွာ ပြောဆိုဆက်ဆံရေး စသည့်အချက်များကို ယာဉ်လိုင်းများ သိရှိစေရန် ထုတ်ပြန်ထားသည်။
ယခုနှစ် သင်္ကြန်ကာလအတွင်း အဝေးပြေးယာဉ်လိုင်းများတွင် လက်မှတ်ဝယ်ယူရာ၌ လက်မှတ်မှာယူမှု အခက်အခဲများလည်း ဖြစ်ပေါ်နေလျက် ရှိသည်။
Yangon news
Show commentsOpen link

posted from Bloggeroid
No comments:
Post a Comment