Sunday, March 30, 2014

အကြမ်းဘက်ခံရသောမိချောင်းကန်

မိကျောင်းကန် သပိတ်စခန်းကို မတ် ၃၀ ရက် နံနက်အစောပိုင်းတွင် သက်ဆိုင်ရာက အင်အားသုံးဖယ်ရှား
by htikeaung
Eleven Daily NewsToday, 02:48
Written by: 
ဥာဏ်ဝင်းရှိန်

မိကျောင်းကန် သပိတ်စခန်းရှေ့တွင် မဖျက်သိမ်းမီ သက်ဆိုင်ရာမှ လုံခြုံရေးရယူထားသည်ကို မတ် ၃၀ နံနက် ၃ နာရီခွဲခန့်က တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
မတ် ၃၀ ရက် နံနက် ၃ နာရီခွဲ ၀န်းကျင်ခန့်က မဟာဗန္ဓုလ ပန်းခြံနံဘေးရှိ မိကျောင်းကန် သပိတ်စခန်းကို သက်ဆိုင်ရာက အင်အားနှစ်ထောင်ခန့်ဖြင့် ဖယ်ရှားခဲ့ပြီး ယင်းသို့ဖယ်ရှားမှုကြောင့် နှစ်ဖက်စလုံးတွင် ထိခိုက်ဒဏ်ရာရရှိခြင်း မရှိခဲ့ကြောင်း သိရသည်။

ယင်းနေ့နံနက် ၃ နာရီခန့်တွင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူး၊ စည်ပင်တို့မှ မဟာဗန္ဓုလ ပန်းခြံရှေ့တွင် ဆောက်လုပ်ထားသည့် မိကျောင်းကန် သပိတ်စခန်းရှိရာသို့ လာရောက်ခဲ့ကြပြီး သတ်မှတ်ချိန်အတွင်း ဖျက်သိမ်းဖယ်ရှားပေးရန် ပြောဆိုခဲ့ပြီး သပိတ်စခန်း ဖွင့်သူများက မဖယ်ရှားပေးနိုင်ကြောင်း ပြန်လည်ပြောဆိုခဲ့သဖြင့် စည်ပင်လုပ်သားများဖြင့် အင်အားသုံး ဖယ်ရှားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဖယ်ရှားရာတွင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများမှ အသံချဲ့စက်ဖြင့် သုံးကြိမ်တိုင်တိုင် စည်ပင်ပိုင်နယ်မြေတွင် ယာယီတဲများထိုးခြင်းကို မိမိသဘောနှင့်မိမိ ဖယ်ရှားပေးရန်နှင့် မဖယ်ရှားပေးပါက သက်ဆိုင်ရာမှ အင်အားသုံး ဖယ်ရှားမည်ဖြစ်ကြောင်း အသိပေးခဲ့ပြီး သပိတ်စခန်း ဖွင့်သူများက မဖျက်သိမ်းပေးသဖြင့် ထိုကဲ့သို့ ဖယ်ရှားခဲ့ခြင်းဖြစ်ကာ မဖယ်ရှားမီ ရက်ပိုင်းအလိုတွင် ကြိုတင်သမ္ဗာန်စာ ပေးပို့ခဲ့ခြင်း မရှိကြောင်း သပိတ်စခန်းဖွင့်သူများက ပြောကြားသည်။

သပိတ်စခန်း ဦးဆောင်သူ ဦးစိန်သန်းက “ကျွန်တော်တို့က မြေသိမ်းခံရတာတွေကို အမှန်တရား ပေါ်ပေါက်လာအောင် တောင်းဆိုဆန္ဒပြနေတာပါ။ အစိုးရကို ဆန့်ကျင်ပုတ်ခတ် ဆန္ဒပြနေကြတာ မဟုတ်ပါဘူး။  ဒီမိုကရေစီလမ်းကြောင်းကို သွားနေတဲ့နေရာမှာ ပြည်သူတွေရဲ့ ဆန္ဒတွေကို ထုတ်ဖော်ခွင့်တော့ရှိတယ်။ ဒီလိုမျိုး အကြမ်းဖက် ဖယ်ရှားတာကို လက်မခံနိုင်ပါဘူး” ဟု ပြောကြားသည်။


ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံနံဘေးရှိ မိကျောင်းကန် သပိတ်စခန်းအား မတ် ၃၀ ရက် နံနက်အစောပိုင်းတွင် သက်ဆိုင်ရာက အင်အားသုံးဖယ်ရှားနေစဉ်

ထို့ပြင် ယင်းသို့ဖယ်ရှားခဲ့သော်လည်း သပိတ်စခန်း ဖွင့်သူများဘက်မှ အမိုးအကာများကို ပြန်လည်ဆောက်လုပ်ပြီး ၎င်းတို့၏တောင်းဆိုချက်များ မရမချင်း သပိတ်မှောက် တိုက်ပွဲဝင်သွားကြမည်ဖြစ်ကြောင်းကို ဦးစိန်သန်းက “ကျွန်တော်တို့ကို ဒီလိုမျိုး ဖယ်ရှားခဲ့တဲ့အတွက် ပိုပြီးတောင် စိတ်ဓာတ်တွေ ခိုင်မာလာပါတယ်။ ကျွန်တော်တို့ တောင်းဆိုတာ မရမချင်း အသေခံတောင်းဆို တိုက်ပွဲဝင်သွားမှာပါ။ အမိုးအကာတွေကို ဖျက်သိမ်းသွားပေမယ့်လည်း ကျွန်တော်တို့က ထပ်ဆောက်ပြီး သပိတ်ဆက်မှောက် တောင်းဆိုသွားမှာပဲ” ဟု ပြောကြားသည်။

သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ ပြည်သူတို့ သိမ်းဆည်းခံမြေများ ပြန်လည်ရရှိရေး တတိယအကြိမ်မြောက် သပိတ်စခန်းအဖြစ် မတ် ၂၄ ရက်က ရန်ကုန်မြို့တော် ခန်းမအနီး၊ မဟာဗန္ဓုလပန်းခြံ နံဘေးတွင် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Yangon news
Show commentsOpen link





posted from Bloggeroid

No comments:

Post a Comment