ထုတ်ဝေမှုတစ်နှစ်ပြည့် ပုဂ္ဂလိကသတင်းစာများ၏ အနာဂတ်
by htikeaung
Eleven Daily NewsToday, 02:48
Written by:
ဇင်ဘိုလွင်၊ ကျော်ဇင်ဝင်း
နေ့စဉ်ထုတ် သတင်းစာနှင့် ဂျာနယ်များဖြန့်ချိသည့် ကိုယ်စားလှယ်များစုဝေးရာ နေရာတစ်ခုဖြစ်သည့် ရန်ကုန်မြို့ ၄၆ လမ်းရှိ သတင်းစာ၊ ဂျာနယ်ဖြန့်ချိရန် ပြင်ဆင်နေကြသည်ကို တွေ့ရစဉ်
၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်နေ့တွင် နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအနေဖြင့် ပုဂ္ဂလိကသတင်းစာ ထုတ်ဝေခွင့်ကို အစိုးရက ခွင့်ပြုလိုက်သည်။ ထိုအချိန်က ထုတ်ဝေခွင့်ရရှိခဲ့သော ပုဂ္ဂလိကသတင်းစာ ၁၆ စောင်အနက် လေးစောင်မှာ ဧပြီ ၁ ရက်တွင် ထွက်ရှိခဲ့သည်။
အစောဆုံး ထွက်ရှိလာသည့် ပုဂ္ဂလိက သတင်းစာလေးစောင်မှာ The Voice၊ ရွှေနိုင်ငံသစ်၊ ပြည်ထောင်စုနေ့စဉ်နှင့် စံတော်ချိန်သတင်းစာတို့ ဖြစ်ကြသည်။ ထိုလေးစောင်အနက် ပြည်ထောင်စုနေ့စဉ် သတင်းစာသည် အစိုးရသတင်းစာများ၏ ဈေးနှုန်းအတိုင်း ရောင်းချခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ထုတ်ဝေသည့်သတင်းစာ ဖြစ်ခဲ့သည်။
ကျန်သုံးစောင်အနက် ရွှေနိုင်ငံသစ် သတင်းစာမှာ ပြီးခဲ့သည့် မတ် ၁၂ ရက်တွင် ရပ်နားသွားခဲ့သည်။
“လှေပြိုင်ပွဲ တစ်ခုလိုပေါ့။ ကျွန်တော်တို့ တက်ကျိုးသွားပါပြီ” ဟု ရွှေနိုင်ငံသစ်သတင်းစာ ရပ်နားချိန်တွင် ထိုသတင်းစာ၏ အယ်ဒီတာချုပ် ဦးဖိုးသောကြာ (ခေတ်/မိုး) က ပြောကြားခဲ့သည်။
၂၀၁၃ ခုနှစ် ဧပြီမတိုင်ခင်အချိန်က ပုဂ္ဂလိကသတင်းစာ ထုတ်ဝေခွင့်ရရှိသော ၁၆ စောင်အနက် ခုနစ်စောင်သာ လက်ရှိဈေးကွက်အတွင်း ရှိနေပြီး ကျန်ရှိသည်များမှာ ယာယီရပ်နားခြင်း၊ ထုတ်ဝေမှု မပြုတော့ရန် ဆုံးဖြတ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ အစိုးရသစ်လက်ထက် ပုဂ္ဂလိကသတင်းစာ ၃၁ စောင်ကို ထုတ်ဝေခွင့် ပြုခဲ့သော်လည်း ၁၅ စောင်ခန့်သာ ထုတ်ဝေခဲ့ကြပြီး လက်ရှိဈေးကွက်အတွင်း ထုတ်ဝေနေသည့် ပုဂ္ဂလိကသတင်းစာမှာ ၁၀ စောင်ခန့်သာ ရှိနေပါသည်။
လက်ရှိထုတ်ဝေနေသော ပုဂ္ဂလိက သတင်းစာများမှာလည်း ဆက်လက်ထုတ်ဝေရန် ဘဏ္ဍာရေး အခက်အခဲနှင့် ရင်ဆိုင်နေရသူများ ရှိနေသည်။
ရင်းနှီးမြှုပ်နှံမှု အခက်အခဲအပြင် ဈေးကွက်ဝေစုနှင့် ကြော်ငြာရရှိမှု အခက်အခဲများကြောင့် ထုတ်ဝေမှု တစ်နှစ်ပြည့်မြောက်သွားပြီ ဖြစ်သော်လည်း ပုဂ္ဂလိက သတင်းစာများမှာ ဆက်လက်ရုန်းကန်ရမည့် အခြေအနေ ရှိနေပါသည်။
“ပုဂ္ဂလိက မီဒီယာတွေအနေနဲ့ ကိုယ့်ချွေးနှဲစာနဲ့ ဆက်ရပ်တည်ဖို့ကတော့ တော်တော်လည်း အခက်အခဲ ဖြစ်နေပြီ။ ကျွန်တော်တို့ The Voice ဆိုရင် စကတည်းက ကိုယ့်ချွေးနှဲစာနဲ့ ရပ်တည်လာခဲ့တာ။ ကိုယ့်ချွေးနှဲစာနဲ့ ရှေ့လျှောက်ရပ်တည်ဖို့က ခက်ခဲလာတယ်။ ကျွန်တော်တို့စောင်ရေရော တခြားဝင်ငွေရော ကျလာတယ်လေ။ ကျလာတဲ့အခါကျတော့ ကျွန်တော်တို့လည်း ပြန်ဆန်းစစ်တယ်။ အရည်အသွေး ကျလို့လား။ ကျွန်တော်တို့ အရည်အသွေးပိုင်းဆိုင်ရာမှာ တက်နိုင်သလောက် ကြိုးစားပြီး လုပ်နေတယ်။ သတင်းစာပညာ အနေနဲ့ရော အခြားအိုင်ဒီယာ အနေနဲ့ရော တိုင်းပြည်မှာသွားနေတဲ့ Professional မီဒီယာတစ်ခု အနေနဲ့ရော တက်နိုင်သလောက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ လုပ်နေတယ်” ဟု The Voice Daily ၏ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ပြောကြားသည်။
“အချိန်တိုအတွင်းမှာ အရှုံးနည်းအောင်လို့တော့ တစ်နှစ်မှာတော့ တွန်းလုပ်ခဲ့တာပေါ့။ တစ်နှစ်ပြည့်တဲ့ အချိန်မှာတော့ အရှုံးတော့ နည်းသွားပြီပေါ့။ သို့သော် နောက်ထပ်အနည်းဆုံး နှစ်နှစ်လောက်တော့ ရုန်းကန်ရမယ့် သဘောရှိတယ်” ဟု စံတော်ချိန်နေ့စဉ်ထုတ် သတင်းစာ၏ အယ်ဒီတာချုပ် ဦးရဲကျော်ခေါင်က ဆိုသည်။
လက်ရှိအချိန်တွင် ပုဂ္ဂလိကသတင်းစာများ ထွက်ရှိနေသော်လည်း အပတ်စဉ်ထုတ် သတင်းဂျာနယ်များကို ဖတ်ရှုနေသူများ ရှိနေသဖြင့် ဈေးကွက်အနေဖြင့် ကြည့်ပါက ဈေးကွက်ကျပ်နေသည်ဟု ဆိုနိုင်ကြောင်း စာရေးဆရာ ဒေါက်တာဖေမြင့်က သုံးသပ်သည်။
ခရိုနီတွေ ၀င်လာတဲ့ အပိုင်းမှာတော့ နှစ်မျိုးရှိတယ်။ တစ်ဖက်မှာက သူတို့မှာ ငွေပိုငွေလျှံတွေက အရမ်းကို များနေတယ်။ ဘယ်လို သုံးရမှန်းကို မသိဘူး။ နောက်တစ်ခုက အစိုးရဘက်ကို ၀င်ပူးတဲ့သဘောတွေ ပါတယ်။ ရှင်းရှင်းပြောရရင် အစိုးရဘက်တော်သားတွေ ဖြစ်ကုန်တာပေါ့ . . . . .
“အဓိကအားဖြင့် သတင်းစာစောင်တွေသည် ရပ်တည်ရတာက ကြော်ငြာပေါ်မှာ တော်တော်အားကိုးပြီး ရပ်တည်ရတာပေါ့။ ကြော်ငြာသမားက စာနယ်ဇင်းတွေ ရပ်တည်နိုင်ဖို့အတွက် ကြော်ငြာပိုင်း အားမကောင်းဘူး။ အားကိုးလောက်တဲ့ အနေအထား မရှိဘူးပေါ့ဗျာ။ သတင်းစာတွေမှာ ကျွန်တော်နားလည်တာရော၊ ကြားဖူးတာရော၊ သတင်းစာတွေ၏ ၀င်ငွေရာခိုင်နှုန်း အများစုသည် ဒီကြော်ငြာကနေ ရဖို့လိုတာပေါ့။ အဲဒီ အနေအထားက အဓိကလို့ ထင်တယ်။ ကြော်ငြာကို နေ့စဉ်ထုတ်တွေက အပတ်စဉ်ထုတ်တွေနဲ့ မျှပြီးယူနေရတယ်။ အစိုးရသတင်းစာနဲ့ ကြော်ငြာပိုင်းမှာ ပြိုင်နေရတယ်” ဟု ဒေါက်တာဖေမြင့်က ပြောကြားသည်။
ထို့အတူ အစိုးရက ၎င်းတို့၏ သတင်းစာဈေးနှုန်းကို တိုးမြှင့်ခြင်းမပြုဘဲ ဖြန့်ချိရေးဈေးကွက် အားသာချက်များ အပါအ၀င် ကြော်ငြာဈေးကွက် ထိန်းချုပ်မှုများကိုပါ ပြုလုပ်လျက် ရှိနေသည်။
“အစိုးရဘက်က ထုတ်နေတဲ့အတွက်ကြောင့် သူတို့ကို ယှဉ်ပြိုင်ရတာက တစ်ဖက်ပေါ့။ သူတို့က ၅၀၊ ၁၀၀ နဲ့ လက်ပွေ့ရောင်းနေတယ်။ ကျွန်တော်တို့က ၂၀၀၊ ၂၅၀ နဲ့ ရောင်းနေရတယ်။ အဲဒီတော့ ဈေးနှုန်းအရလည်း ကျွန်တော်တို့ ယှဉ်ပြိုင်နေရတယ်။ အရည်အသွေးအရလည်း ယှဉ်ပြိုင်နေရတယ်။ သို့သော်လည်း ၂၀၁၅ ရောက်ရင်တော့ နိုင်ငံရေးလှုပ်ရှားမှုအရ ပုဂ္ဂလိက သတင်းစာတွေရဲ့ အခန်းကဏ္ဍက ပိုပြီးတော့ မြင့်လာမယ်လို့ ယူဆတယ်” ဟု ဦးရဲကျော်ခေါင်က သုံးသပ်သည်။
“ကျွန်တော်တို့ဆီမှာ ဖြစ်နေတဲ့ ဖြစ်ရပ်တစ်ခုက စစထွက်ချင်း သတင်းစာတစ်စောင်ကို အနိမ့်ဆုံးဈေး ၂၀၀ နဲ့ ရောင်းကြရတယ်။ အစိုးရထုတ် သတင်းစာက သူတို့ထုတ်ဈေးက ၅၀၊ အပြင်မှာ ၁၀၀ ပေါ့။ ပုဂ္ဂလိကကတော့ ၁၀၀ နဲ့တော့ ဘယ်လိုမှ မရောင်းနိုင်တဲ့အတွက် ၂၀၀ ကို အနိမ့်ဆုံး ချရောင်းရတယ်။ အဲဒီလို အနိမ့်ဆုံးချပြီး ရောင်းရတဲ့အခါမှာ ပုဂ္ဂလိကသတင်းစာ ထုတ်ဝေသူတွေ အနေနဲ့က သူတို့ရဲ့ ကုန်ကျစရိတ်နဲ့ သတင်းစာတစ်စောင်က ပြန်လည်ရရှိတဲ့ ၀င်ငွေနဲ့ အချိုးမကိုက်ညီဘူး။ သူကအပြင်မှာ ၂၀၀ ရတယ်။ အဲဒီမှာ ပုဂ္ဂလိက သတင်းစာတစ်စောင်ရဲ့ အစစ်အမှန် ကုန်ကျစရိတ်က ၃၀၀၊ ၃၅၀ ဖြစ်ရင်ဖြစ်မယ်။ ၄၀၀ လည်း ဖြစ်ရင်ဖြစ်မယ်။ အဲဒီလိုဖြစ်နေတဲ့ အနေအထားမျိုးမှာ ပုဂ္ဂလိကသတင်းစာ ထုတ်ဝေနေသူ တစ်ဦးက သတင်းစာတစ်စောင် ကျလို့ရှိရင် ပုဂ္ဂလိက သတင်းစာမှာ ဆက်လက်ပြီး အရှုံးတွေနဲ့ ထုတ်ရမယ့်သဘော ရှိတယ်။ ရောင်းကောင်းတဲ့ သတင်းစာလည်းပဲ သူက ၂၀၀ ထက် ပိုမရောင်းနိုင်တဲ့အတွက်ကြောင့် ရှုံးနေတာပေါ့။ အစိုးရသတင်းစာက နိုင်ငံတော်ရဲ့ စက်ပစ္စည်း၊ နိုင်ငံတော်ရဲ့ ယန္တရားတွေ၊ နိုင်ငံတော်ရဲ့ ဘတ်ဂျက်တွေ အသုံးပြုရတဲ့ အခါကျတော့ အစိုးရသတင်းစာက ပြဿနာ မရှိဘူး” ဟု ဦးချစ်ဝင်းမောင်က ဆိုသည်။
သတင်းစာများသည် သတင်းစာရောင်းရငွေ၊ ကြော်ငြာငွေဖြင့်သာ အဓိက ရပ်တည်နေရပြီး ထိုဝင်ငွေနှစ်ရပ်လုံး အားကောင်းခြင်းမရှိသည့် အချိန်တွင် ရပ်တည်ရန် ခက်ခဲလာခြင်းဖြစ်သည်။
“သတင်းစာက အဓိက၀င်ငွေနှစ်ခုနဲ့ ရပ်တည်တာကိုး။ တစ်ခုက သတင်းစာတွေကို ရောင်းလို့ရတဲ့ငွေ၊ နောက်တစ်ခုက ကြော်ငြာပေါ့။ ကျွန်တော်တို့နိုင်ငံက သတင်းစာတွေက သတင်းစာ ရောင်းရငွေအပေါ်မှာ မှီခိုရပ်တည်လို့ မရဘူး။ ကြော်ငြာကို အားထားရတယ်။ ဒါပေမဲ့ ကြော်ငြာကလည်း အစိုးရသတင်းစာတွေကြောင့် ဖြစ်သင့်သလောက် ဖြစ်မလာတော့ ပုဂ္ဂလိက သတင်းစာတွေရဲ့ ရေရှည်ကို စိုးရိမ်မိပါတယ်” ဟု ရိုက်တာသတင်းဌာန၏ မြန်မာနိုင်ငံဆိုင်ရာ သတင်းထောက် ဦးအောင်လှထွန်းက ပြောကြားသည်။
ရန်ကုန်မြို့တွင် နံနက်အစောပိုင်း၌ သတင်းစာ၊ ဂျာနယ်များ ရောင်းချရန် ပြင်ဆင်နေသည့် ဖြန့်ချိရေးလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
“ကျွန်တော်တို့က ရေရှည်ရပ်တည်ဖို့ ခက်ခဲလာတာ တွေ့ရတယ်။ အဲဒီတော့ ကျွန်တော်တို့ ရှေ့ဆက်သွားဖို့ဆိုရင် အခုဝင်ထားတဲ့ဝင်ငွေနဲ့ ရှေ့ဆက်သွားလို့ မရနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်။ နောက်တစ်ခါ ရှယ်ယာခေါ်ဖို့ကျတော့လည်း ဒီတိုင်းပြည်မှာလည်း အကျိုးအမြတ် ချက်ချင်းရဖို့ ကံသေကံမ ပြောလို့မရတဲ့လုပ်ငန်း ဖြစ်နေတာကိုး။ အဲဒီတော့ တော်ရုံတန်ရုံသူက ရင်းနှီးမြှုပ်နှံဖို့ မလွယ်ဘူးလေ။ ရင်းနှီးမြှုပ်နှံခြေရှိတဲ့ သူတွေက လူအများကြီး မရှိဘူးလေ။ အများကြီး မရှိတဲ့အခါကျတော့ ကျွန်တော်တို့က ဘယ်သူနဲ့ ရင်းနှီးမြှုပ်နှံမလဲ။ ဒါလည်း တော်တော်စဉ်းစားရခက်တယ်။ စဉ်းစားတဲ့အခါမှာ ကျွန်တော်တို့မီဒီယာရဲ့ ဦးတည်ချက်။တစ်လျှောက်လုံး တည်ဆောက်လာတဲ့ ဂုဏ်သိက္ခာ။ အဲဒါတွေနဲ့ စဉ်းစားရတဲ့ အခါကျတော့ တော်တော်ခက်ပါတယ်။ ကိုယ့်ကိုယ်ပိုင်ဝင်တဲ့ဝင်ငွေနဲ့ ရပ်တည်ဖို့ဆိုတာလည်း တော်တော်ကို မလွယ်တဲ့ အခြေအနေ ရောက်နေတယ်” ဟု ဦးကျော်မင်းဆွေက ပြောကြားသည်။
ထို့အတူ ဘဏ္ဍာရေးအရ ရပ်တည်ရန်ခက်ခဲပြီး ရပ်ဆိုင်းခဲ့ရသော ပုဂ္ဂလိက သတင်းစာများ နေရာတွင် ၀င်ရောက်အစားထိုး နေရာယူရန် အာဏာရှင် လိုလားသူများနှင့် ဆက်နွှယ်နေသည့် ခရိုနီလုပ်ငန်းရှင်များက ပြင်ဆင်ထားကြသည်။ ယခုလအတွင်းမှာ ရပ်နားသွားခဲ့သော ရန်ကုန်တိုင်းမ် သတင်းစာကို အမည်ပြောင်းလဲပြီး ဒီမိုကရေစီတူဒေးအမည်ဖြင့် သတင်းစာတစ်စောင် ထွက်ရှိလာခဲ့သည်။ ထိုသတင်းစာ၏ နောက်ကွယ်တွင် ရွှေသံလွင်ကုမ္ပဏီက ငွေကြေးရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
ရောင်းဈေး ကျပ် ၁၀၀ ဖြင့် အစိုးရသတင်းစာများနည်းတူ ထုတ်ဝေခဲ့သည့် အဆိုပါသတင်းစာကို တစ်နေ့လျှင် ကျပ်သိန်း ၆၀ အရှုံးခဲ့ပြီး ထုတ်ဝေလျက်ရှိနေကာ ကျပ်သိန်းတစ်သောင်းကျော် အရှုံးခံနိုင်ရန်အတွက် ပြင်ဆင်ထားကြောင်း ပြင်ပတွင် သတင်းထွက်ပေါ်နေသည်။ သို့သော် သီးခြားအတည်ပြု ချက် မရရှိသေးပါ။
ပုံမှန်အားဖြင့် စာမျက်နှာ ၃၆ မျက်နှာရှိသော သတင်းစာတစ်စောင်သည် ကျပ် ၂၀၀ မှ ၂၅၀ အကြား အရင်းရှိနေပါသည်။
“ခရိုနီတွေ ၀င်လာတဲ့ အပိုင်းမှာတော့ နှစ်မျိုးရှိတယ်။ တစ်ဖက်မှာက သူတို့မှာ ငွေပိုငွေလျှံတွေက အရမ်းကို များနေတယ်။ ဘယ်လို သုံးရမှန်းကို မသိဘူး။ နောက်တစ်ခုက အစိုးရဘက်ကို ၀င်ပူးတဲ့သဘောတွေ ပါတယ်။ ရှင်းရှင်းပြောရရင် အစိုးရဘက်တော်သားတွေ ဖြစ်ကုန်တာပေါ့။ တစ်ဖက်က စီးပွားရေးအရ အလျှံပယ် ဖြစ်လာချိန်မှာ တစ်ဖက်က နာမည်လည်းရအောင် အစိုးရကို ၀င်ပူးတဲ့သဘောပဲ။ အဲဒီတော့ ပုဂ္ဂလိက သတင်းစာတွေက ညီညီညာညာနဲ့ လက်တွဲပြီး ရပ်တည်နေဖို့တော့ လိုတယ်။ သူတို့က ထိုးဖောက်ပြီးတော့ ကျွန်တော်တို့ကို ခွဲမယ့်သဘောမျိုးလေးတွေ မြင်တယ်။ အဲဒီတော့ ကျွန်တော်တို့ထဲက လူတွေက ဒါတွေကိုမြင်ပြီးတော့ မားမားမတ်မတ်နဲ့ ညီညီညွတ်ညွတ် လက်တွဲဖို့တော့ လိုတယ်” ဟု စံတော်ချိန်သတင်းစာ အယ်ဒီတာချုပ် ဦးရဲမြင့်ဖေက ဆက်လက်ပြောကြားသည်။
“အနာဂတ်ကို ကျွန်တော်စိုးရိမ်တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် တကယ်ရင်ထဲက စိုးရိမ်တာ။ ဘာလို့လဲဆိုတော့ ပုဂ္ဂလိက သတင်းစာတွေရဲ့ အခန်းကဏ္ဍကို ကျွန်တော် အရမ်းမြင်လာပါပြီ။ ပုဂ္ဂလိက သတင်းစာက သိပ်အားရှိဖို့ လိုတယ်။ အားရှိအောင် လုပ်ပေးရမယ်။ အစိုးရကလည်း ထုတ်ချင်လည်းထုတ်ပေါ့။ ပြည်သူ့ဘဏ္ဍာပဲလေ။ ပြည်သူတွေက ဘယ်လောက်အကျိုးပြုလဲ ဆိုတာတော့ သူတို့ပြောချင်တိုင်း ပြောလို့မရဘူးလေ။ ပြည်သူတွေ အသိဆုံးပေါ့။ ဖတ်တဲ့သူတွေ အသိဆုံးပဲ။ အဲဒီတော့ ပုဂ္ဂလိက သတင်းစာတွေ ရှင်သန်ဖို့အတွက် အားလုံးဝိုင်းဝန်းဖို့ လိုတယ်။ ကျွန်တော်ကတော့ သိပ်စိုးရိမ်တယ်” ဟု ဦးအောင်လှထွန်းက ဆိုသည်။
The Voice Daily ၏ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက လက်ရှိအချိန်သည် ပုဂ္ဂလိက သတင်းစာများ အကျပ်အတည်းကာလသို့ ရောက်ရှိနေပြီး အနာဂတ် အသေအချာ မပြောနိုင်သေးကြောင်း သုံးသပ်ခဲ့သည်။
Politic
Show commentsOpen link

posted from Bloggeroid
No comments:
Post a Comment