Friday, March 14, 2014

အိုးဘိုတောင်ရပ်ကွက်ဆန္ဒပြမှု

အထပ်သားစက်ရုံ လုပ်သားများဆန္ဒပြမှု အလုပ်ရှင် အလုပ်သမား ပြေလည်မှုရ
by uploader
News | 7Day DailyYesterday, 19:18
အထပ်သားစက်ရုံလုပ်သားများကို တွေ့ရစဉ် ဓာတ်ပုံ − မျိုးမင်းဦး
မုံရွာမြို့ အိုးဘိုထောင်ရပ်ကွက် တင်ဝင်းထွန်း အထပ်သားစက်ရုံအလုပ်သမားများ အလုပ်သမားအခွင့်အရေးဆုံးရှုံးသည်ဟု ဆိုကာ မတ်လ ၁၂ ရက်တွင် တင်ပြတောင်းဆိုချက်များနှင့် ပတ်သက်၍ အလုပ်ရှင်နှင့် အလုပ်သမားအကြား သဘောတူညီချက် (၆) ချက်ထုတ်ပြန်၍ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အိုးဘိုထောင်ရပ်ကွက် အဝေးပြေးမြို့ပတ်လမ်းမကြီးနှင့် အာစိဏ္ဍာရာမကျောင်းတိုက် လမ်းထောင့်ရှိ တင်ဝင်းထွန်းအထပ်သားစက်ရုံမှ နေ့စားအလုပ်သမားတစ်ရာခန့်သည် အလုပ်သမားအခွင့်အရေးဆုံးရှုံးသည်ဟု ဆိုကာ သက်ဆိုင်ရာသို့   မတ်လ ၁၂ ရက် နံနက်က တင်ပြတောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။
           
‘‘အလုပ်သမားဝန်ကြီးဌာနက အလုပ်သမားဥပဒေ တာဝန်ရှိသူတွေက ဦးဆောင်ပြီး တင်ဝင်းထွန်းအထပ်သား စက်ရုံတာဝန်ရှိသူတွေနဲ့ အလုပ်သမားကိုယ်စားလှယ်ငါးဦးတို့ မတ်လ ၁၂ ရက် က ၂ နာရီနီးပါး ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးချက်တွေအရ သဘောတူညီချက် (၆) ချက် ထုတ်ပြန်ခဲ့တယ်’’ဟု တင်ဝင်းထွန်း အထပ်သားစက်ရုံမှ အလုပ်သမားတစ်ဦးကပြောကြားသည်။
           
‘‘အလုပ်သမားဦးစီးဌာနက ထုတ်ပြန်ထားတဲ့ အလုပ်ချိန်နဲ့ ရပိုင်ခွင့်တွေကို စက်ရုံတာဝန်ရှိသူတွေအနေနဲ့ ရှင်းလင်းပြောကြားတာမရှိခဲ့ပါဘူး’’ဟု တင်ဝင်းထွန်းအထပ်သားစက်ရုံ အလုပ်သမားဦးဆောင်သူ ကိုနေလင်းစိုးက ပြောသည်။
           
အထပ်သားစက်ရုံတာဝန်ရှိသူများသည် အလုပ်ချိန်တိုးမြှင့်ရာတွင် အချိန်ပိုကြေးထပ်ဆောင်းခြင်းမရှိဘဲ လက်ရှိအလုပ်ချိန်တစ်နာရီလျှော့ပေါ့ပေးရန် တင်ပြရာတွင် အလုပ်သမားများ၏ လုပ်အားခအတွင်းမှ တစ်ရက်လျှင် ကျပ်သုံးရာဖြတ်တောက်မည်ဟု ပြောဆိုသဖြင့် အလုပ်သမားများအနေဖြင့် အခွင့်အရေးဆုံးရှုံးသည်ဟုဆိုကာ သက်ဆိုင်ရာသို့ တင်ပြတောင်းဆိုခြင်းဖြစ်သည်။
           
အဆိုပါအထပ်သားစက်ရုံ နေ့စားဝန်ထမ်းတစ်ဦးလျှင် ကျပ် ၂၁၀၀မှ ကျပ် ၂၃၀၀ အထိ ရရှိသည်။ လစဉ် စည်းကမ်းအမျိုးမျိုး သတ်မှတ်ပြီး စည်းကမ်းမလိုက်နာဟုဆိုကာ မင်နီတား၍ လုပ်အားခဖြတ်တောက်ခြင်း၊ သောက်သုံးရေလုံလောက်စွာစီစဉ်မပေးခြင်း၊ အိမ်သာပြည့်စုံစွာ စီစဉ်မပေးခြင်း၊ ၀န်ထမ်းကြို/ပို့ယာဉ်များ စီစဉ်မပေးသဖြင့် အလုပ်သမားအခွင့်အရေးဆုံးရှုံးနေသည်ဟု ဆိုသည်။
           
‘‘အထပ်သားစက်ရုံမှာ ၀န်ထမ်း ၁၂၇ ဦး ရှိပါတယ်။ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေ  မလိုက်နာနိုင်ဘူးဆိုပြီး ဒီနေ့မနက် ၉နာရီဝန်းကျင်မှာ စက်ရုံကထွက်သွားတာ ၁၀၂ ဦး ရှိပါတယ်။ ရက်မှန်ကြေးပေးဖို့ စီစဉ်နေပါတယ်။ ရက်မှန်တဲ့သူတွေကို တစ်ရက် တစ်ရာနှုန်းတိုးပေးဖို့ စီစဉ်ထားပါတယ်။ အခြားစက်ရုံတွေမှာလည်း နံနက် ၇နာရီ ည ၇နာရီစနစ်နဲ့ လည်ပတ်နေပါတယ်’’ဟု တင်ဝင်းထွန်းအထပ်သားစက်ရုံတာဝန်ရှိသူတစ်ဦးကပြောကြားသည်။
           
တင်ဝင်းထွန်းအထပ်သားစက်ရုံမှ နေ့စားဝန်ထမ်းများသည် မုံရွာမြို့၊ အိုးဘိုထောင်ရပ်ကွက် ပြည်ထောင်စုလမ်းမကြီးဘေးတွင် မတ်လ ၁၂ ရက် နံနက် ၉ နာရီမှ
စတင်၍ သက်ဆိုင်ရာအလုပ်သမားဝန်ကြီးဌာနရုံးသို့ အလုပ်သမားအခွင့်အရေးဆုံးရှုံးမှုနှင့် ပတ်သက်၍ တင်ပြတောင်းဆိုရန် လူစုဝေးခဲ့သည်။    
           
မုံရွာမြို့နယ်အလုပ်သမားဝန်ကြီးဌာန ဦးစီးမှူး၊ အလုပ်သမားဥပဒေဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် တင်ဝင်းထွန်းအထပ်သားစက်ရုံအတွင်း အစည်းအဝေးခန်းမတွင် အလုပ်သမား၊ အလုပ်ရှင်၊ တာဝန်ရှိသူများနှင့် တံခါးပိတ် ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
 

Show commentsOpen link

posted from Bloggeroid

No comments:

Post a Comment