Sunday, September 7, 2014

ဆေး

ပလပ်စတစ်ဆပ်ပြာခွက်များအတွင်းမှ မူးယစ်ဆေးဝါးဘိန်းဖြူ ကာလတန်ဖိုး ကျပ်(၁၉)သိန်းကျော် မန္တလေးဘူတာကြီးတွင် ဖမ်းဆီးရမိ

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးဘူတာကြီးအတွင်းရှိ မန္တလေး မှ မြစ်ကြီးနားသို့ ထွက်ခွာမည့် ရထားများပေါ်သို့ စက်တင်ဘာ(၆)ရက် နေ့လည်(၁၂)နာရီ (၄၀)မိနစ်က ရထားရဲတပ်ဖွဲ့၊ အမှတ်(၄)တပ်ဖွဲ့၊ ရထားရဲစခန်း(မန္တလေး)မှ ရဲတပ်ဖွဲ့ဝင်များက တက်ရောက်ရှာဖွေခဲ့ရာ ကြွပ်ကြွပ်အိတ်အကြီးတစ်လုံး(အဖြူရောင်)ကို ပိုက်လျက် ထိုင်နေသူတစ်ဦးအား မသင်္ကာ၍ စစ်ဆေးရာမှ မူးယစ်ဆေးဝါး ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်မှာ နေ့လည်(၁)နာရီ (၅)မိနစ်က ရဲတပ်သား သူရကျော်စွာ၊ ရဲတပ်သား မျိုးမင်းဦး တို့သည် အမှတ်(၁)စင်္ကြန်၌ တွဲဆိုင်းထိုးထားသော အမှတ်(၃၃)အဆန် မန္တလေး-မြစ်ကြီးနား ရထားအထက်တန်းတွဲ(၁)ခုံအမှတ်(အေ-၇)တွင် LUCKY BAG စာတန်းပါ (အဖြူရောင်)ကြွပ်ကြွပ်အိတ်အကြီးတစ်လုံးအား ပေါ်ပေါ်တင်၍ ထိုင်နေသော ဒေါ်ထွမ်းလှိုင်(၅၆)နှစ်(ဘ)ဦးကျောင်းခမ်း၊ ဖားကန့်မြို့နယ်၊ ကချင်ပြည်နယ်နေသူအား မသင်္ကာ၍ စစ်ဆေးရန် ရဲစခန်းသို့ ခေါ်ဆောင်ပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
မန္တလေးရထားရဲစခန်းမှ တာဝန်ရှိသူများ၊ ရဲမေများက သက်သေများနှင့်အတူ နေ့လည်(၁)နာရီ (၁၅)မိနစ်၌ ဒေါ်ထွမ်းလှိုင်၏ ခရီးဆောင်အိတ်နှင့်ခန္မာကိုယ်အား ရှာဖွေစစ်ဆေးခဲ့ပြီး ဒေါ်ထွမ်းလှိုင်ကိုင်ဆောင်ထားသော LUCKY BAG စာတန်းပါ (အဖြူရောင်) ကြွပ်ကြွပ်အိတ်အကြီးအား ရှာဖွေရာ အိတ်အတွင်းမှ တရုတ်နေကြာစေ့လှော်များပါသော(အစိမ်းရောင်) ပလပ်စတစ်ဆပ်ပြာခွက်(၁)ခွက်၊ (အနီရောင်)ပလပ်စတစ် ဆပ်ပြာခွက်(၁) နှင့် (အစိမ်းရောင်)ပလပ်စတစ်ဆပ်ပြာခွက်(၁)ခွက်တို့အား စစ်ဆေးတွေ့ရှိခဲ့သည်။
စစ်ဆေးတွေ့ရှိခဲ့သည့် (အစိမ်းရောင်)ပလပ်စတစ်ဆပ်ပြာခွက်(၁)ခွက်အတွင်းမှ ဘိန်းဖြူဟု ယူဆရသော ဖြူ/၀ါရောင်မှုန့်(၁၂)ဂရမ်ခန့်အားလည်းကောင်း၊ (အနီရောင်)ပလပ်စတစ်ဆပ်ပြာခွက် (၁)ခွက်အတွင်းမှ ဘိန်းဖြူဟု ယူဆရသော ဖြူ/၀ါရောင်အမှုန့်(၁၂)ဂရမ်ခန့်အားလည်းကောင်း၊ စုစုပေါင်း အလေးချိန်(၂၄)ဂရမ်ခန့်(ကာလတန်းဖိုး ၁၉၂၀၀၀၀)ကျပ်အား စစ်ဆေးတွေ့ရှိခဲ့ရာ မန္တလေးရထားရဲစခန်းမှ တာဝန်ရှိသူများက ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။
အဆိုပါ စစ်ဆေးတွေ့ရှိခဲ့သည့် မူးယစ်ဆေးဝါးဘိန်းဖြူများအား လက်ဝယ်တွေ့ရှိ သယ်ဆောင်လာသူ ဒေါ်ထွမ်းလှိုင်အား ရဲအရာခံ ရှုမောင်တင်မှ နေ့လည်(၁)နာရီခွဲက တိုင်တန်းခဲ့ရာ မန္တလေးရထားရဲစခန်းမှ မယ(ပ)၉/၂၀၁၄၊ မူး/စိတ်ပုဒ်မ-၁၅/၁၉(က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မန္တလေးရထားရဲစခန်းမှ သိရသည်။

posted from Bloggeroid

No comments:

Post a Comment