ကြီးကိုင်ကျေးရွာဒေသခံတောင်သူများမှ
ပွင့်လင်မြင်သာမှုရှိစေလိုပါသည်ဟုဆို
“ကျွန်တော်တို့ ယာမြေတွေက လွန်ခဲ့တဲ့နှစ်ပေါင်း(၇၀)နီးပါးကစပြီးရှိခဲ့တာပါ။ ကျွန်တော်ဒီရွာကိုရောက်တာသုံးနှစ်သားလောက်ကပါ။ အခုကျွန်တော်အသက်(၅၀)ရှိပါပြီ။မြေသိမ်း၊ယာသိမ်းကိစ္စတစ်ခါမှ
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် အင်းယားကျေးရွာအုပ်စုကြီးကိုင်ကျေးရွာရှိ တောင်သူများဘိုးစဉ်ဘောင်ဆက်စိုက်ပျိုးလုပ်ကိုင်ခဲ့သော လယ်ယာမြေများပေါ်တွင်အမည်မသိလူတစ်စုမှ ခြံစည်းရိုး ကျောက်တိုင်များခတ်၍နယ်နိမိတ်သတ်မှတ်ထားပြီး ဒေသခံတောင်သူအချို့အား တရားစွဲထားမှုအပေါ်ကျေနပ်မှုမရှိ၍ တောင်သူများအနေဖြင့်နှစ်ဖက်ညှိနှိုင်းမှုဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိပါက သက်ဆိုင်ရာသို့ခွင့်ပြုမိန့်တင်ပြီး တရားဝင်ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။“ကျွန်တော်တို့ ယာမြေတွေက လွန်ခဲ့တဲ့နှစ်ပေါင်း(၇၀)နီးပါးကစပြီးရှိခဲ့တာပါ။ ကျွန်တော်ဒီရွာကိုရောက်တာသုံးနှစ်သားလောက်ကပါ။ အခုကျွန်တော်အသက်(၅၀)ရှိပါပြီ။မြေသိမ်း၊ယာသိမ်းကိစ္စတစ်ခါမှ ဒီလိုမဖြစ်ဖူးဘူး။ကျွန်တော်တို့တောင်သူတွေမှာ ဒီလယ်ယာမြေပေါ်မှာ လုပ်ကိုင်စားသောက်ရင်းနဲ့နေ့စဉ်ဘ၀ကိုဖြတ်သန်းနေရပါတယ်။အခု ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ်ကျမှရေချမ်းအိုးရွာမှ ဦးမျိုးသန့်ဆိုသူက ဒီမြေကို ငါတို့ဝယ်လိုက်ပြီမင်းတို့လုပ်ကိုင်စိုက်ပျိုးလို့မရတော့ဘူး။ ဘာစီမံကိန်းဆိုတာမပြောဘဲနဲ့၂၀၁၃ခုနှစ်မှာ ခြံစည်းရိုးတွေခတ်၊ကွန်ကရစ်တိုင်တွေလာစိုက်တယ်။အစုအဖွဲ့နှစ်ရှည်စီမံကိန်းဆိုပြီးလို့သာပြောတာဘာမှလာမလုပ်ဘူး။ အဲဒီလိုမလုပ်တဲ့အတွက် ကျွန်တော်တို့အားလုံးမှာလည်းစိုက်ပျိုးစရာမြေမရှိတော့တာကြောင့် ကိုယ့်ယာမြေတွေအပေါ်မှာပြန်လည်ထွန်ယက်စိုက်ပျိုးခဲ့တယ်။ အဲဒီအတွက်အခုကျွန်တော်တို့တောင်သူ(၉)ဦးကို တရားစွဲထားတယ်။ ဒီလိုစွဲထားတဲ့အခါတရားလိုက ဘယ်သူမှန်းမသိဘူး။ကျွန်တေိာတို့မြေပေါ်ကိုလည်းလာရောက်ကျုးကျော်သေးတယ်။တောင်သူတွေကိုလည်း ပိုင်နက်ကျုးလွန်မှု၊ အကျိုးတရားပျက်စီးမှုတွေနဲ့တရားစွဲဆိုထားသေးတယ်။ဒီအတွက်ကျွန်တော်တို့အနေနဲ့ လုံးဝမကျေနပ်ဘူး။နိုင်ငံတော်သမ္မတကြီးသိအောင် တင်ပြပြီး တရားဝင်စာတင်ကာဆန္ဒထုတ်ဖော်သွားမှာပါ”ဟု ဒေသခံတောင်သူဦးစန်းယုက ပြောသည်။ဆက်လက်၍ တောင်သူမတူးတူးက “ကျွန်မတို့ဆီက သိမ်းတဲ့မြေက ဧက(၁၁၀)ကျော်တယ်။ဘာစီမံကိန်းကမလုပ်ဘဲ ဒီအတိုင်းထားထားတယ်။ ပြီးတော့ ကွက်စိပ်တွေရိုက်ပြီးခြံစည်းရိုးခတ်ထားတာလည်းတွေ့ရတယ်။ ကျွန်မတို့အနေနဲ့ ဒါမျိုးတော့လက်မခံဘူး။ကျွန်မပိုင်တဲ့ (၁၀)ဧကမှာလည်း အခုသိမ်းတဲ့အထဲမှာပါသွားတယ်။အဲဒါဆိုကျွန်မတို့ဘာလုပ်စားရမှာလည်း ကိုယ့်တောင်ယာမြေတွေကိုပြန်ပြီးလိုချင်တယ်။ မြေအစားပေးတာတို့၊ လျော်ကြေးပေးတာတို့လုံးလက်မခံဘူး။ယူလည်းမယူဘူး။ ကျွန်မတို့ရွာက ၁၉၇၃ခုနှစ်ကတည်းကရွာမြေအဖြစ်ပေါက်ပြီးသားပါ။ အဲဒီအတွက်ကိုယ့်မြေကိုယ့်ရွာပြန်ရဖို့ဆိုပြီး သက်ဆိုင်ရာတွေဆီတင်ပြထားတာလည်းရှိပါတယ်။”ဟု ပြောသည်။ဒေသခံတောင်သူ ကိုဝဏထွန်းက “ကျွန်တော်ဘာမြေ(၅)ဧကလည်း သိမ်းတဲ့အထဲမှာပါသွားတယ်။ အခုလုပ်စားစရာမြေလုံးဝမရှိတော့လို့ သူများဆီမှာအငှားလိုက်နေရတယ်။ကျွန်တော်တို့တောင်သူတွေမှာ မြေကိုလည်းကျုးကျော်ခံရတယ်၊တရားလည်းအစွဲခံရသေးတယ်။ဒါဆိုရင် ကျွန်တော်တို့ ဘယ်သူ့ကိုအားကိုး ရမှာလဲ။ တကယ်ဆိုရင် ရိုးသားစွာနဲ့ ဘ၀ကိုဖြတ်သန်းနေတာကျွန်တော်တို့တောင်သူတွေပါ။ ဒီယာမြေ တွေကလည်းကျွန်တော်တို့အဘိုးတွေလက်ထပ်ကတည်းက လုပ်ကိုင်လာတဲ့မြေတွေပါ။ကျွန်တော်တို့ဆီမှာ သီးစားခွန်၊မြေခွန်တွေ အကုန်ရှိတယ်။နိုင်ငံတော်ကိုအခွန်ဆောင်ထားတဲ့ပြေစာတွေက ကျွန်တော်တို့ဘိုးဘွား အစဉ်အဆက်ကနေအခုကျွန်တော့်လက်ထပ်အထိ အခွန်ပေးဆောင်ထားတဲ့ ပြေစာတွေလည်းရှိပါတယ်။အရင်ကဆိုရင် စိုက်ပျိုးလို့ရတဲ့စပါးတွေကို နိုင်ငံတော်ကို ပေးသွင်းရတယ်။အခုစိုက်ပျိုးစရာမြေမရှိတော့ နိုင်ငံတော်ကိုပေးသွင်းစရာ စပါးမရှိတော့ဘူး။အခုလို ဘာစီမံကိန်းမှမလုပ်ဘဲနဲ့ ၀င်ပြီးကျူးကျော်တာကို လုံးဝ လက်မခံဘူး။ဒီအတွက်ကျွန်တော်တို့အားလုံးက ဆန္ဒထုတ်ဖော်မှာပါ။”ဟု ပြောသည်။“ဒီရွာကို ၁၃၁၀ခုနှစ်ကစပြီးတည်ခဲ့တယ်။ အဘက ၁၃၁၇ခုနှစ်ကျမှရောက်လာတာအခုအဘအသက်က (၇၇)နှစ်ရှိပြီ။ ဒီရွာစတည်တာက ဦးကံကြီး၊ ဦးအောင်ဘ၊ဦးဖိုးချယ်၊ ဦးပန်းဆိုင်၊ ဦးသာထူး၊ ဦးဖိုးလူ၊ဦးလှဘော်စတဲ့လူကြီးတွေ(၁၉)ဦးက တည်ခဲ့တာပါ။ ရွာရဲ့မြေပုံကခြောက်လုံးပြူးပုံသဏ္ဍာန်ရှိပါတယ်။ ရွာတည်ခဲ့တဲ့လူကြီးတွေကတော့မရှိကြတော့ဘူး။ အခုလက်ရှိနေနေတဲ့ကလေးတွေက အဲဒီလူကြီးတွေရဲ့သားစဉ်မြေးဆက်တွေပါ။ အခုလိုမြေသိမ်းတယ်ဆိုတဲ့ကိစ္စပေါ်လာတာ အဘတစ်သက်မှာအခုမှကြားဘူးတာပါ။ဘယ်လိုပဲဖြစ်ဖြစ် ဒီရွာမှာနေတဲ့ အများစုကဓနုတိုင်းရင်းသားလေးတွေဖြစ်တဲ့အတွက် အင်မတန်မှ ရိုးသားဖြူစင်ကြပါတယ်။”ဟုသတ္တုတွင်းတူးဖောရေးဌာနမှ အငြိမ်းစားဝန်ထမ်းဟောင်း ဦးတင်ဖေကပြောသည်။အဆိုပါကိစ္စနှင့်ပတ်သတ်၍ ပြင်ဦးလွင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးကျော်သီဟက “ဒီကြီးကိုင်ကျေးရွာက အရင်ကသစ်တောကြိုးဝိုင်းဆိုပေမယ့် ၂၀၁၄ခုနှစ် (၄)လပိုင်းမှာ အဲဒီရွာကိုသစ်တောကြိုးဝိုင်းကနေ ရွာမြေအဖြစ်ပလပ်ပေးလိုက်တယ်။ အဲဒီရွာက ဧကသုံးရာကျော်ကျယ်ဝန်းတယ်။ ၂၀၁၂ခုနှစ်မှာ သစ်တောကနေအစုအဖွဲ့ပိုင်သစ်တောမြေဆိုပြီး ဦးမျိုးသန့် ပါ(၉)ဦးကိုနှစ်ရှည်ပင်စီမံကိန်းစိုက်ပျိုးဖို့ ချပေးတာ သိရတယ်။ အခုချိန်ထိဘာမှမလုပ်ဆောင်သေးတာလည်းတွေ့ရတယ်။ စီမံကိန်းဆိုတာ ဘယ်နှစ်မှာဘယ်လောက်စိုက်ရမယ်ဆိုပြီး စာချုပ်စည်းကမ်းချက်တွေမှာ ပါပြီးသားပါ။အဲဒီလိုမလုပ်နိုင်ရင် နိုင်ငံတော်ကို ပြန်အပ်ရမယ်ဆိုတာ သူတို့ သိပြီးသားပါ။ ဒါကို ပြန်မအပ်ဘဲ တခြားလူတွေကို ပြန်ရောင်းနေတယ်လို့ သိရတယ်။အရင်ကတောင်သူတွေအနေနဲ့ကလည်း အစုအဖွဲ့ပိုင်သစ်တောဆိုရင်ကျွန်တော်တို့ကိုပေးပါဆိုပြီး ပြောတာရှိတယ်။သတ်မှတ်ထားတဲ့အတိုင်းအတာတွေကိုလည်းပေးသွင်းမယ်လို့ပြောတာရှိတယ်။ အဲဒီတော့ဦးမျိုးသန့် ပါ(၉)ဦးအနေနဲ့ မလုပ်နိုင်ရင် ဒေသခံတောင်သူတွေကိုလုပ်ကိုင်ခွင့် ပေးဖို့လိုတယ်။အခုဒီမြေတွေကကော်ဖီစီမံကိန်းနဲ့ပတ်သတ်တာလား။ သစ်တောနဲ့ပတ်သတ်တာလား မသိရသေးဘူး။ကြီးကိုင်ရွာက ဧက(၁၁၀)ကို အစုအဖွဲ့ပိုင်သစ်တောအနေနဲ့ဘာမှမလုပ်ရသေးဘူးဆိုရင် သစ်တောနဲ့နိုင်ငံတော်က ပိုင်တယ်။ အဲဒါဆိုရင်မူလတောင်သူတွေအနေနဲ့ မိမိလုပ်ကိုင်စားသောက်နေတဲ့နေရာတွေကိုပြန်လည်လျှောက်ထား ခွင့်ရှိတယ်။ ဒီအတွက် ကျွန်တော့်အနေနဲ့ တောင်သူဘက်ကနေလယ်ယာမြေပြန်လည်ရရှိဖို့ ဆောင်ရွက်ပေး နိုင်အောင် ကြိုးစားသွားမှာပါ။”ဟုပြောသည်။ပြင်ဦးလွင်မြို့နယ်တရားရုံးမှ အဆိုပါကြီးကိုင်ကျေးရွာရှိတောင်သူဦးစန်းယုပါ(၉)ဦးအား ပုဒ်မ(၄၂၇)နှင့် (၄၄၇)တို့ဖြင့်တရားစွဲဆိုထားပြီး ရုံးချိန်းအား စက်တင်ဘာ(၂၂)ရက်တွင် ဆင့်ခေါ်ထား၍တောင်သူများအနေဖြင့်လည်း ၎င်းတို့အားတရားစွဲဆိုသည့်တရားလိုမှာမည်သူမည်ဝါဆိုသည်ကို မသိရှိရသေးကြောင်း၊ ကြီးကိုင်ကျေးရွာရှိဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် လယ်မြေဧက (၁၁၀)အားပိုင်ဆိုင်သည့်တောင်သူဦးရေ(၃၅)ဦးရှိပြီး ယင်းကိစ္စကြောင့်လယ်ယာမြေပြန်လည်ရရှိအောင် လုပ်ကိုင်သည့်တောင်သူ(၂၄)ဦးအနက်တောင်သူ(၉)ဦးမှာ တရားစွဲဆိုခံထားရကြောင်းသိရသည်။အဆိုပါပြင်ဦးလွင်မြို့နယ်ရှိ အင်းယားကျေးရွာအုပ်စု ကြီးကိုင်ကျေးရွာသည်၁၃၁၀ခုနှစ်မှ စတင်တည်ရှိခဲ့ပြီးဓနုတိုင်းရင်းသားအများအပြားနေထိုင်လျက်ရှိကာတောင်ယာစိုက်ပျိုးခြင်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်ကိုင်လျက်ရှိကြောင်း၊ ကျေးရွာ၏အကျယ်အ၀န်းမှာ (၃၂၄)ဧက ၀န်းကျင်ရှိပြီးအိမ်ခြေပေါင်း(၁၈၀)၊ အိမ်ထောင်စု (၁၉၅)စုရှိကာလူဦးရေ(၉၀၀)၀န်းကျင်နေထိုင်လျက်ရှိကြောင်းနှင့်ကျေးရွာပိုင်မြေများအပေါ်၌ အမည်မသိလူတစ်စုကမည်သည့်စီမံကိန်းဆိုသည်ကိုမသိရှိသေးဘဲသံဆူးကြိုးခတ်၊ကျောက်တိုင်များစိုက်၍ အကွက်ချမှုများပြုလုပ်နေမှုအပေါ်ကျေနပ်မှုမရှိသောကြောင့် သိမ်းဆည်းခံတောင်သူများအနေဖြင့် ဥပဒေနှင့်အညီဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်းသိရသည်

posted from Bloggeroid
No comments:
Post a Comment