ပြင်ဦးလွင်မြို့ရှိ မြို့တွင်းမြို့ပတ် ရထားလုံးမြင်းလှည်းများ စီးနင်းသူနည်းပါးလျက်ရှိ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ မြို့တွင်းမြို့ပတ် ရထားလုံးမြင်းလှည်းများမှာ ဆိုင်ကယ်တက္ကစီများနှင့် သုံးဘီးဆိုင်ကယ်များပေါများလာသည့်အတွက် ယခင်ကထက် စီးနင်းသူနည်းပါးလျက်ရှိပြီး နိုင်ငံခြားခရီးသွား ဧည့်သည်များကိုသာ အားထားနေရကြောင်းသိရသည်။ ယင်းသို့စီးနင်းမှုနည်းပါးလာရခြင်းနှင့်ပတ်တတ်၍ အမျိုးသားကန်တော်ကြီးဥယျာဉ်ရှေ့က ရထားလုံးမြင်းလှည်း ဆရာ ကိုနဂါးက “အခုဆိုရင် ကျွန်တော်တို့မြင်းလှည်းတွေအနေနဲ့ အတော်လေးအခက်အခဲဖြစ်နေတယ်။ သုံးဘီးနဲ့ ဆိုင်ကယ်တက္ကစီတွေပေါများလာတဲ့အတွက် အရင်ကလောက်ငှားတဲ့လူမရှိတော့ဘူး။ ဒေသခံတွေ ကလည်း မငှားတော့ဘူး။ လာငှားတဲ့သူတွေက နိုင်ငံခြားသားတွေပဲများတယ်။ အခုဆိုရင်ဒီဂိတ်မှာ (၁၅)စီး လောက်ပဲရှိတော့တယ်။ အရင်က ကျွန်တော်တို့ပြင်ဦးလွင်မှာ ရထားလုံးမြင်းလှည်း (၁၅၃)စီးလောက်ရှိတယ်။ အခုတစ်မြို့လုံးမှာမှ အစီး (၆၀)လောက်ပဲရှိတော့တယ်။ ဒီလိုသာဆိုရင် နောက်ပိုင်းမှာ တိုးလာဖို့မရှိဘဲ လျှော့လာဖို့သာရှိပါတယ်။”ဟု ပြောသည်။ “ပြင်ဦးလွင်မြို့နဲ့ ရထားလုံးမြင်းလှည်းက အရမ်းလိုက်ဖက်တယ်။ စိတ်ကျေနပ်မှုလည်းရှိတယ်။ပြင်ဦးလွင်မှာ ရထားလုံးမြင်းလှည်းစီးတာက မြို့ရဲ့ယဉ်ကျေးမှုပြယုဂ်တစ်ခုအဖြစ်တည်ရှိနေတယ်။ နောက်ပိုင်းမှာ ရထားလုံးမြင်းလှည်းမောင်းတဲ့သူရော၊ စီးတဲ့သူပါနည်းပါးလာရင် ပြင်ဦးလွင်ရဲ့ ဒီယဉ်ကျေးမှု ပြယုဂ်လေးဟာ ပျောက်ကွယ်သွားနိုင်ပါတယ်”ဟု ခရီးသွားပြည်သူတစ်ဦးက ပြောသည်။ ပြင်ဦးလွင်မြို့တစ်မြို့လုံးအား ရထားလုံးမြင်းလှည်းဖြင့် နံနက်ပိုင်းမှညနေ(၅)နာရီအထိ လည်ပတ်လျှင် ငွေကျပ် (၁၅၀၀၀)ရှိကြောင်း၊ နေ့ခင်းတစ်ပိုင်းဆိုလျှင် အသွားအလာပေါ်မူတည်၍ ငွေကျပ်(၇၀၀၀)မှ (၁၀၀၀၀)အထိ ရှိကြောင်း၊ ရထားလုံးတစ်စီးလျှင် ပြည်တွင်းခရီးသည် လေးဦးနှင့် နိုင်ငံခြားခရီးသည် နှစ်ဦးသာ တင်ဆောင် ကြောင်း၊ နိုင်ငံခြားခရီးသွားဧည့်သည်များသာ အများဆုံးစီးကြပြီး အဓိကအားဖြင့် အင်္ဂလိပ်မင်းလက်ထပ် က ကျန်ရှိသော ရှေးဟောင်းအဆောက်အဦးများ၊ ယင်းတို့စိတ်ဝင်စားသည့်နေရာဒေသများ၊ အထင်ကရ ဘုရား၊ စေတီ၊ ပုထိုးများနှင့် ဥယျာဉ်ပန်းခြံတို့ကိုသာ သွားရောက်လေ့လာလည်ပတ်ကြကြောင်းသိရသည်။
စိုင်းထူးခန့်(အမရ)

စိုင်းထူးခန့်(အမရ)

posted from Bloggeroid
No comments:
Post a Comment