ပြင်ဦးလွင်မြို့နယ် အောင်ချမ်းသာကျေးရွာရှိ ဒေသခံတောင်သူများမှ လယ်ယာမြေများသိမ်းဆည်းခံရသည့် အတွက် သက်ဆိုင်ရာသို့တင်ပြသော်လည်းထူးခြားမှုမရှိ၍ ထွန်တုံးတိုက်ပွဲ ပြုလုပ်မည်ဟုဆို မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် အောင်ချမ်းသာကျေးရွာရှိ တောင်သူ (၂၇)ဦး၏ လယ်ယာမြေ ဧက ပေါင်း ၁၈၀ကျော်အား ၁၉၉၆ခုနှစ် တပ်မတော်စစ်အစိုးရလက်ထက်က ကော်ဖီနှင့် ပိုးစာစီမံကိန်းအဖြစ် သိမ်းဆည်းခဲ့ပြီး ယနေ့အချိန်အထိ စီမံကိန်းလုပ်ငန်းများ လုပ်ကိုင်ခြင်းမရှိသေးသည့်အပြင် ၎င်းယာမြေများ ပေါ်တွင် အကွက်ရိုက်ရောင်းချခြင်း၊ ကွန်ကရစ်တိုင်များစိုက်၍ သံဆန်ခါများကာရံခြင်းနှင့် လူနေ အဆောက် အအုံများ တည်ဆောက်ခြင်းတို့ကို ဥပဒေမဲ့ပြုလုပ်ထားသည့်အတွက် ဒေသခံတောင်သူများမှ ကျေနပ်မှုမရှိ၍ သိမ်းဆည်းခံလယ်ယာမြေများပြန်လည်ရရှိရေးအတွက် စက်တင်ဘာ(၅)ရက်နေ့တွင် ထွန်တုံးတိုက်ပွဲ ပြုလုပ် သွားမည် ဖြစ်ကြောင်းသိရသည်။ ယင်းကျေးရွာမှ လယ်ယာမြေများသိမ်းဆည်းခံထားရသောတောင်သူ(၂၇)ဦး၏ ကွင်းအမှတ်(၆၅၃)၊ (၆၅၄)နှင့် (၆၅၅)ရှိ လယ်မြေဧက ၁၈၀ကျော်အား ပြန်လည်ရရှိရေးအတွက် ထွန်တုံးတိုက်ပွဲကို ယခုလိုပြုလုပ်သွား မည်ဖြစ်ကြောင်း ဒေသခံတောင်သူများမှ ပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါကိစ္စနှင့်ပတ်သတ်၍ အောင်ချမ်းသာကျေးရွာမှ ဒေသခံတောင်သူ ဦးစိန်ထွန်းက “ကျွန်တော်တို့ရွာရဲ့ လယ်ယာမြေတွေကို ၁၉၉၆ခုနှစ်က ကော်ဖီစီမကံကိန်းအတွက် ဧက(၁၀၀)နဲ့ ပိုးစာစီမံကိန်းအတွက် ဧက(၈၀)ကျော်ကို တပ်မတော်စစ်အစိုးရလက်ထက်မှာ သိမ်းဆည်းခံခဲ့ရတယ်။ ဒါပေမဲ့ အဲဒီမြေပေါ်မှာ ယနေ့ အချိန်အထိ ဘာစီမံကိန်းမှ လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိဘူး။ နောက်ပြီးသူတို့က အကွက်တွေရိုက်ပြီး ရောင်း စား နေတာသိရတယ်။ တောင်သူတွေကျတော့ လယ်ယာမြေလျော်ကြေး၊ သီးနှံလျော်ကြေး ဘာတစ်ခုမှ ပြန်မပေးခဲ့ဘူး။ ဒီမြေတွေပေါ်မှာ သူတို့မသိမ်းခင်ကတည်းက ကျွန်တော်တို့တောင်သူတွေစိုက်ပျိုးထားတဲ့ ပဲ၊ပြောင်း၊၀ါတွေရှိတယ်။ ဒါတွေကိုဖျက်ဆီးပြီးတော့သူတို့က မတရားသိမ်းယူခဲ့တယ်။ ကျွန်တော်တို့ တောင်သူ တွေ အနေနဲ့ ယခုလိုဖြစ်တဲ့ကိစ္စကို မကျေနပ်လို့ ၂၀၁၁ခုနှစ် အောက်တိုဘာ(၂)ရက်နေ့က နိုင်ငံတော် သမ္မတကြီးထံ ပထမအကြိမ်စာတင်ခဲ့တယ်။၂၀၁၂ခုနှစ် မေလ (၂၉)ရက်မှာလည်း လယ်ယာမြေနှင့် အခြားမြေ များ မတရားသိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်ထံကိုလည်း စာတင်ခဲ့တယ်။ နောက်ထပ် ၂၀၁၃ခုနှစ် ဒီဇင်ဘာလ (၁၂)ရက်နေ့မှာလည်း ထပ်မံစာတင်ခဲ့တယ်။ အခုနောက်ဆုံးအကြိမ်အနေနဲ့ ဒီနှစ် သြဂုတ်လ (၉)ရက်နေ့မှာလည်း ကျွန်တော်တို့တောင်သူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲအားလုံးအတွက် သက်ဆိုင်ရာ ဌာနအသီးသီးကို စာတွေပို့ပေးခဲ့ပေမယ့်လည်း ယနေ့အချိန်အထိဘာမှထူးခြားမလာသည့်အတွက် ယခုလို ထွန်တုံးတိုက်ပွဲလုပ်ဖို့ ဆောင်ရွက်သွားမှာ”ဟု ပြောသည်။ ဆက်လက်၍ ဒေသခံတောင်သူ ဦးအောင်နိုင်ကလည်း “ကျွန်တော်တို့ပိုင်တဲ့ မြေသုံးဧကမှာလည်း အသိမ်း ခံရတဲ့အထဲပါသွားတယ်။ယခုကျွန်တော်တို့ လယ်မြေအသိမ်းခံရတဲ့တောင်သူတွေရဲ့ နေရာတွေကို ဦးသူဟိန်း အောင် အမည်နဲ့ နှစ်ရှည်ပင်စီမံကိန်းဆိုပြီး ၅၃ဧကကို နှစ်သုံးဆယ်လုပ်ပိုင်ခွင့်ယူထားတယ်။ အဲဒီလိုအငှား လုပ်ပိုင်ခွင့်ယူထားတဲ့သူတွေက ဒီအတိုင်းပြစ်ထားပြီး ဘာစီမံကိန်းမှမလုပ်ဘူး။ အခုကျွန်တော်တို့မှာလည်း စိုက်ပျိုးဖို့မြေမရှိတော့ဘူး။ အိမ်မှာကလည်း မိသားစု(၇)ခုနှစ်ယောက်နဲ့ ကျောင်းသားတွေရှိတယ်။ စားဝတ် နေရေးအဆင်မပြေလို့ လမ်းဘေးမှာ ပေါ်ပင်အသီးအနှံတွေရောင်းပြီး ဘ၀ကို ဖြတ်သန်းနေရတယ်။ ကြာလာ တော့လည်း ဒီဒဏ်တွေကို မခံနိုင်လွန်းလို့ ကျွန်တော်တို့တောင်သူတွေအားလုံးက ထွန်တုံးတိုက်ပွဲဆင်နွှဲဖို့ သဘောတူခဲ့တာပါ”ဟုပြောသည်။ ပြင်ဦးလွင်မြို့နယ် တောင်သူလယ်သမားရေးရာကော်မတီမှ အဖွဲ့ဝင်တစ်ဦးကလည်း “ကျွန်တော်တို့ စီမံကိန်း နှင့်ပတ်သတ်ပြီးဆောင်ရွက်ပေးခဲ့တာရှိပါတယ်။ ၁၉၉၆ခုနှစ်ကတည်းက တောင်သူတွေအသုံးပြုနေတဲ့လယ်ယာ မြေတွေကို တပ်မတော်စစ်အစိုးရလက်ထပ်က ရှမ်းပြည်နယ်(မြောက်ပိုင်း)နောင်ချိုမြို့နယ်မှာ ကော်ဖီနှင့်နှစ်ရှည် သီးနှံစီမံကိန်းအတွက်ဆိုပြီး ဧက (၅၀၀၀၀)၊ နောက်ပြီး ပြင်ဦးလွင်မြို့နယ်မှာလည်း ကော်ဖီနှင့် နှစ်ရှည် သီးနှံ စီမံကိန်းအတွက်ဆိုပြီး ဧက (၅၀၀၀၀)တို့ကို သိမ်းယူခဲ့တယ်။ ဒီပြင်ဦးလွင်မြို့နယ်မှာ သိမ်းယူခဲ့တဲ့ ယာမြေတွေ က ခုချိန်ထိဘာစီမံကိန်းမှမလုပ်ဘူး။ အကွက်တွေရိုက်ပြီး အဆောက်အဦးတွေဆောက်နေတာတွေ့ရတယ်။ အဲဒီအတွက် ကျွန်တော်တို့ကလည်း လယ်ယာမြေစီမံခန့်ခွဲမှုကော်မရှင်ရဲ့ ဆုံးဖြတ်ချက်မရသေးတဲ့အတွက် ဘာမှမလုပ်ကြဖို့ဝင်ရောက်တားဆီးခဲ့တယ်။”ဟု ပြောသည်။ ၎င်းအောင်ချမ်းသာကျေးရွာမှ ဒေသခံတောင်သူများက သိမ်းဆည်းခံလယ်ယာမြေများပြန်လည်ရရှိရန်အတွက် ထွန်တုံးတိုက်ပွဲပြုလုပ်ရန် စက်တင်ဘာ(၁)ရက်နေ့တွင် သက်ဆိုင်ရာသို့တင်ပြသွားမည်ဖြစ်ပြီး (၅)ရက်နေ့တွင် တောင်သူအင်အား(၃၀၀)ကျော်ဖြင့် ထွန်တုံးတိုက်ပွဲဆင်နွှဲသွားမည်ဖြစ်ကြောင်းသိရသည်။ စိုင်းထူးခန့် (အမရ)


posted from Bloggeroid
No comments:
Post a Comment