Thursday, March 6, 2014

ဆက်သွယ်ရေးဆိုရာ

ဆက်သွယ်ရေးဆိုင်ရာ ချို့ယွင်းမှုများအား ၂၄ နာရီ တိုင်ကြားနိုင်ရန် ဆောင်ရွက်ထား
by MEU
စာအုပ်များ အမျိုးအစားအလိုက်ရှာရန်Mar 5, 2014


ဆက်သွယ်ရေးဆိုင်ရာ ချို့ယွင်းမှုများကို တိုင်ကြားနိုင်ရန် သတ်မှတ်ထားသော ဖုန်းနံပါတ်အား ၂၄ နာရီလက်ခံ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။

 

ဆက်သွယ်ရေးဆိုင်ရာ ချို့ယွင်းမှုတိုင်ကြားရေးဌာန ဖုန်းနံပါတ် (၁၀၆) သို့ ၂၄ နာရီ ဆက်သွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ တယ်လီဖုန်း၊ မိုဘိုင်းဖုန်း၊ ဖက်စ်၊အင်တာနက်၊ ဘီလ်ဆိုင်ရာကိစ္စရပ်များနှင့် အင်တာနက်ဆိုင်ရာကိစ္စရပ်များ ဝန်ဆောင်မှုအားလုံးတွင် ချို့ယွင်းမှု၊ မှားယွင်းမှုများ ဖြစ်ပေါ်ပါက အဆိုပါ ဖုန်းနံပါတ်သို့ ခေါ်ဆို တိုင်ကြားနိုင်မည်ဖြစ်ကြောင်း သိရသည်။ “မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ဆက်သွယ်ရေးဆိုင်ရာ ချို့ယွင်းမှုတွေအတွက် ဖြေကြားပေးနေတာဖြစ်ပါတယ်” ဟု အဆိုပါ တိုင်ကြားရေးဌာနမှ ပြောကြားသည်။ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ယင်းဖုန်းနံပါတ်သို့ အော်တိုတယ်လီဖုန်းမှလည်းကောင်း၊  CDMA မိုဘိုင်းဖုန်းမှလည်းကောင်း၊ GSM မိုဘိုင်းဖုန်းမှလည်းကောင်း တိုက်ရိုက်ခေါ်ဆို တိုင်ကြားနိုင်ကြောင်း သိရသည်။

 

အဆိုပါ တယ်လီဖုန်းအမှတ် (၁၀၆) အပြင် ဖက်စ် ၀၆၇-၄၂၂၁၀၆၊ စာတိုက်သေတ္တာအမှတ် ၁၀၆ နေပြည်တော်တို့သို့လည်း ဆက်သွယ်ခေါ်ဆိုနိုင်ကြောင်း သိရသည်။ “များသောအားဖြင့်တော့ ၁၈၇၆ ကိုပဲ ဆက်ဖြစ်တယ်။ ခုနောက်ပိုင်း ၁၂၁၂  ပါ ပေါ်လာတော့ အဲဒီကိုလည်း မကြာမကြာ ဆက်မေးဖြစ်ပါတယ်။ ၁၀၆ နံပါတ်ကိုတော့ မဆက်ဖူးပါဘူး၊ အမှန်အတိုင်းပြောရရင် မသိလို့ပါ” ဟု ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်သည့် ကိုဇေယျာမျိုးသန့်က ပြောသည်။ အဆိုပါဖုန်းနံပါတ်ကို ယခင်ကမသိသော်လည်း လက်ရှိသိပြီးဖြစ်၍ ဆက်သွယ်ရေးနှင့် ပတ်သက်ကာ တွေ့ကြုံရသော အခက်အခဲများကို မေးမြန်းမည်ဖြစ်ကြောင်း နည်းပညာကုမ္ပဏီတစ်ခု၏ဝန်ထမ်း မဆုရည်မိုးက ပြောသည်။

 

“အခုသိသွားပြီဆိုတော့ မက်ဆေ့ခ်ျပို့ရင် ပိုက်ဆံဖြတ်ပြီး မရောက်တာတွေ၊ တချို့မက်ဆေ့ခ်ျတွေက အချိန်အကြာကြီးနေမှ ရောက်တာတွေ ဥပမာ ဦးလေးဆီကို ဟက်ပီးနယူးရီးယားလို့ ည ၁၂ နာရီမှ ပို့တဲ့မတ်ဆေခ်ျ့က နောက်သုံးရက်နေမှ ရောက်သွားတာမျိုးတွေ မေးဖို့စိတ်ကူးမိပါတယ်။ နောက်ပီးတော့ Call waiting Service, Missed Call Alert Service တွေနဲ့ ပတ်သက်ပြီးတော့လည်း မေးချင်ပါတယ်” ဟု ဆက်လက်ပြောကြားသည်။ အထက်ပါဌာနကို ၂၀၀၆ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့မှစတင်၍ အမျိုးသမီး အော်ပရေတာ (၂၀)ဦး၊ အမျိုးသား အော်ပရေတာ (၁၀) ဦးတို့မှ နေ့၊ ည (၂၄) နာရီ အလှည့်ကျ တာဝန်ယူကာ တယ်လီဖုန်း (၁၆)လုံး၊ ဖက်စ် (၂) လုံး၊ အီးမေးလ် ကွန်ပျူတာ (၁၈) လုံးဖြင့် ဆက်သွယ်ရေး ဝန်ဆောင်မှု၊ ချို့ယွင်းမှုများအား သတင်းရယူ လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထွန်းထွန်း

Credit > http://myanmarinternetjournal.com/content/11416

Show commentsOpen link

posted from Bloggeroid

No comments:

Post a Comment